သတင်းဆောင်းပါး — ဖေဖော်ဝါရီ၊ ၂ဝ၁၃

နိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်းကပင် ငြိမ်းချမ်း သာယာဝပြောသော နိုင်ငံတော် အဖြစ် ရောက်ရှိရေး ကို မျှော်မှန်း တောင့်တ ခဲ့ကြသည့် မြန်မာပြည်သူ တို့မှာ လွတ်လပ်ရေး မရမီ တစ်နှစ်ကပင် အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံ သတ်ဖြတ်ခံခဲ့ရခြင်း၏ အကျိုးဆက်ဖြစ်သော ပြည်တွင်း စစ်ပွဲများကို လွတ်လပ်ကာ စ မြန်မာနိုင်ငံ ဘဝမှာပင် စတင် ကြုံတွေ့ခဲ့ကြရသည်။

အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ချင်း၊ ကချင်၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များက ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် သဘောတူ လက်မှတ်ရေးထိုး ခဲ့သော ပင်လုံစာချုပ်သည် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်တည်ရေးကို အာမခံ ပေးခဲ့သည်။ တိုင်းရင်းသား ခေါင်းဆောင်များသည် ယင်းတို့၏ ပြည်နယ် အသီးသီးတွင် စီးပွားရေး၊ တရားစီရင်ရေး၊ ပညာရေးနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ ကိစ္စရပ်များကို ကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့် ရရှိစေမည်ဟု ပင်လုံစာချုပ်က အာမခံခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် သက်တမ်းအားဖြင့် ၆၆ နှစ်မျှ ကြာမြင့်ခဲ့ပြီးဖြစ်သော အဆိုပါ ပင်လုံစာချုပ်ကို မြန်မာအစိုးရ အဆက် ဆက်တို့က လျစ်လျူရှုခဲ့ကြသည်။ ၁၉၆၂ ခုနှစ်အတွင်း စစ်အာဏာ သိမ်းယူခဲ့သော ကွယ်လွန်သူ အာဏာရှင် ဦးနေဝင်းက တိုင်းရင်းသား လူမျိုးစုအသီးသီးနှင့် အာဏာအညီ အမျှ ခွဲဝေရေးကို ပြင်းထန်စွာ ဆန့်ကျင် ခဲ့သည်။ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုအစား တစ်စုတည်းဖြစ်သော ပြည်ထောင်စုကိုသာ ဦးနေဝင်းက အားပေးထောက်ခံခဲ့သည်။ ဦးနေဝင်း ဦးဆောင်သော တော်လှန်ရေး ကောင်စီက နိုင်ငံပြိုကွဲရေးကို ဦးတည်လျက်ရှိသည့် ဖက်ဒရယ်မူကြောင့် စစ်အာဏာ သိမ်းပိုက်ခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ဖော် ကြေညာ ခဲ့သည်။

တိုင်းရင်းသား လူနည်းစုတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံသော ပင်လုံစာချုပ်မှာ ထိုစဉ်ကပင် စတင်၍ ဘေးချိတ် ထားခြင်း ခံခဲ့ရတော့သည်။ ဦးနေဝင်း နောက် အဆက်ဆက် အုပ်ချုပ်လာခဲ့ကြသော စစ်ခေါင်းဆောင် များဖြစ်သည့် ဦးစောမောင်နှင့် ဦးသန်းရွှေတို့လက်ထက်တွင်လည်း ပင်လုံစာချုပ်ကို ဘေးဖယ်ထားမြဲတိုင်း ထားခဲ့ကြသည်။ ဦးသန်းရွှေ လက်ထက်တွင် ဒီမိုကရေစီ မဆန်သော အငြင်းပွားဖွယ် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်း ခဲ့ပြန်သည်။

အဆိုပါ အငြင်းပွားဖွယ် အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့် ရှောက်ပါမည်ဟု ကျမ်းသစ္စာကျိန်ဆိုကာ သမ္မတ အဖြစ်သို့ ရောက်ရှိလာသော ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်း အစိုးရကလည်း တိုင်းရင်းသားတို့၏ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ကို နောင်တော်စစ်ခေါင်း များနည်းတူ သဘောထားလာခဲ့သည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မခွဲ ၃၃၇ အရ ပြည်ထောင်စုအတွင်းရှိ လက်နက်ကိုင် တပ်ဖွဲ့အားလုံး သည် နိုင်ငံတော် ကာကွယ်ရေးတပ်ဖွဲ့၏ အုပ်ချုပ်မှုအောက်တွင်သာ ရှိရမည်ဖြစ်သည်။ ဤသို့ဖြင့် လက်ရှိ အရပ်သား တစ်ပိုင်း အစိုးရက ပင်လုံစာချုပ်ကို ခေါင်းမာစွာ ဖက်တွယ်ထားသော တိုင်းရင်းသား လူမျိုးစု တို့၏ သဘောထား ကို စွန့်လွှတ်ရန် ထောက်ပြလာခဲ့သည်။ ဖက်ဒရယ် ပြည်ထောင်စုမူထက် တစ်စုတည်းသော ပြည်ထောင်စု မူကို ကျောထောက်နောက်ခံပြုသည့် မြန်မာစစ်တပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတို့က သစ္စာခံကြ ရန် တောင်းဆိုလိုက်ခြင်းဖြစ်သလို တိုင်းရင်းသားတို့ အနေဖြင့် ယင်းတို့မျှော်မှန်းသော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ယင်းတို့ကိုင်ဆောင်ထားသော လက်နက်များ နှင့်အတူ စွန့်လွှတ်ကြရန်လည်း ဖြစ်သည်။

ဤသို့ဖြင့် ဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်း အစိုးရသည် ကချင်တို့ မှလွဲ၍ အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့တို့ဖြင့် အပစ်အခတ် ရပ်စဲရေး စာချုပ် ဆိုနိုင်ခဲ့သည်။ အဆိုပါ အပစ်အခတ်ရပ်စဲရေး စာချုပ်အများစုမှာ ယခင် စစ်ခေါင်းဆောင်ဟောင်းများ၏ ညှိနှိုင်းဆောင်ရွက်မှု ရလဒ်များဖြစ်ကြောင်း၊ အစိုးရက ခန့်အပ်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင် ဦးမင်းဇော်ဦးက ပြောကြားခဲ့သည်။ သို့သော်လည်း စစ်ခေါင်းဆောင်ဟောင်း များက နိုင်ငံရေးအရ ဖြေရှင်းမှုကို မည်သည့် အခါကမျှ လက်မခံ ခဲ့ကြောင်းလည်း ဦးမင်းဇော်ဦးက ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး စာချုပ်သက်သက်ဖြင့် နိုင်ငံတော် ငြိမ်းချမ်းရေးအတွက် လုံလောက်မှု မရှိကြောင်း လက်ခံနားလည် ထားသော လက်ရှိ အစိုးရ က တွေ့ဆုံဆွေးနွေးရေးကို အဓိကသော့ချက်အဖြစ် ရှုမြင်ကာ လက်ခံ ဆွေးနွေးရန် အသင့်ဖြစ်လာခြင်းသည် နိုင်ငံရေးအရ ထူးခြားချက်ပင် ဖြစ်သည်ဟုလည်း ဦးမင်းဇော်ဦးက ပြောကြား ခဲ့သည်။

လက်ရှိမြန်မာနိုင်ငံသည် တိုင်းရင်းသား ပဋိပက္ခများ အဆုံးသပ်နိုင် ရေးအတွက် အနှစ်ခြောက်ဆယ် အတွင်း အကောင်းဆုံး အခွင့်အရေး တစ်ရပ်ရရှိထားသည် ဟုလည်း ဦးမင်းဇော်ဦးက ယုံကြည်ထားသည်။ သို့ရာတွင် ရှေ့ဆက်ရမည့် ခရီးလမ်း ကား အခက်အခဲ အတားအဆီး အမြောက်အမြားရှိနေဆဲဖြစ်သည်ဟု လည်း သူက ဆိုသည်။

အရိုးစွဲအောင် နက်ရှိုင်းသော အယုံအကြည် ကင်းမဲ့မှုက အပစ်အခတ်  ရပ်စဲရေးကို အလွယ်တကူ ပြိုကွဲပျက်စီးစေနိုင် သည်။ ဥပမာအားဖြင့် ဆိုရသော် ရှမ်းပြည်နယ် အရှေ့ခြမ်းအတွင်း  ပြီးခဲ့သည့်နှစ် အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု နောက်ပိုင်း အနည်းဆုံး တိုက်ပွဲ ၄၄ ကြိမ် ဖြစ်ပွားခဲ့ရ ကြောင်း ဦးမင်းဇော်ဦးက ပြောကြား ခဲ့သည်။

ကချင်ပြည်နယ်တွင်လည်း အစိုးရက လေကြောင်း ပစ်ကူများ သုံးစွဲ၍ ဗျူဟာကျသော တောင်ကုန်းများ သိမ်းပိုက် ထားခြင်းဖြင့် အစိုးရက စေ့စပ်ညှိနှိုင်းရေးတွင် အထက်စီးရယူရန် ကြိုးပမ်းနေကြောင်း သတင်းစကားများ ပျံ့နှံ့လျက် ရှိသည်။ ကေအိုင်အေ တပ်ဖွဲ့မှ မဟာဗျူဟာဆန်းစစ်လေ့လာ ရေး ဒါရိုက်တာ ဗိုလ်မှူးကြီးဇော် တောင်က အဆိုပါ တိုက်ပွဲငယ်များသည် နှစ်ဘက် အဖွဲ့အစည်းကို ဝေးကွာသွားစေသည်ဟု ဆိုသည်။

ငြိမ်းချမ်းရေးကို လိုလားသည်ဟု ဆိုသော်လည်း ရှိသမျှလက်နက် နှင့် မိမိတို့ကို ပုံအောပစ်ခတ်လျက်ရှိ ကြောင်း ဗိုလ်မှူးကြီး ဇော်တောင်က ပြောကြားခဲ့ပြီး မီးစတစ်ဖက် ရေမှုတ် တစ်ဖက် ပြုလုပ်နေသော အစိုးရကို ယုံကြည်နိုင်ခြင်း မရှိကြောင်းလည်း ပြောကြားခဲ့သည်။ အစိုးရတပ်ဖွဲ့များ နှင့် ကေအိုင်အေတပ်ဖွဲ့တို့က အဆိုပါ တိုက်ပွဲများမှာ မိမိတို့ကိုယ်ကို ခုခံ ကာကွယ်သည့် တိုက်ပွဲများသာ ဖြစ်ကြောင်း ပြောကြားကြသည်။

မြန်မာအစိုးရ ကိုယ်စားလှယ်များသည် ကချင်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့တို့ ဖြင့် ယမန်နှစ်က ဖွဲ့စည်းထားခဲ့သော  United Nationalities Federeal Council (UNFC) နှင့် ဖေဖော်ဝါရီ ၂ဝ ရက်က ထိုင်းနိုင်ငံ၊ Chiang Mai မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

UNFC အဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးခွန်ဥက္ကာက ဆွေးနွေးပွဲတွင် ပါဝင်မည့် အခြေခံအချက်အလက်များ ကိုသာ ဆွေးနွေး ခဲ့ခြင်း ဖြစ်ကာ မိမိတို့၏ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု တောင်းဆိုခြင်းကို အစိုးရဘက်က သဘောတူညီ ခဲ့သော်လည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု စတင်ခြင်း မရှိသေး ကြောင်း ပြောကြားခဲ့သည်။

UNFC သည် ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ သည့် ၂ဝ၁၁ ခုနှစ် နောက်ပိုင်းအစိုးရ နှင့် အကြိမ် တစ်ဒါဇင်ကျော် တွေ့ဆုံခဲ့ဖူးပြီးဖြစ်သဖြင့် ယင်းတို့၏ တွေ့ဆုံဆွေးနွေးမှုမှ ထူးခြားချက် တစ်စုံတစ်ရာ ပေါ်ပေါက်လာရန် မမြင်ပေ။

ကချင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားခဲ့သော တိုက်ပွဲများ စတင်ခဲ့သည်။ ၂ဝ၁၁ ခုနှစ်မှ ယနေ့အချိန် အထိ ဒေသခံပြည်သူ တစ်သိန်းကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရ ပြီးဖြစ်သည်။ လက်နက်အားဖြင့် မယှဉ်သာ နိုင်သော ကချင်တပ်ဖွဲ့တို့မှာ အရေးပါသော တောင်ကုန်းများကို မြန်မာအစိုးရတပ်ဖွဲ့တို့က သိမ်းယူ ထားခဲ့သည့် အတိုင်း ပြန်လည်သိမ်းပိုက်နိုင်မည့် အနေအထား မရှိပေ။ ကချင်တို့က လိုအပ်လျှင် လိုင်ဇာဌာနချုပ် ကိုပင် ရွှေ့ပြောင်း မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တောင်စောင်းပေါ်တွင် တည်ထားသော လိုင်ကာစခန်းတွင် အကြီးအကဲ အများစုမှာ ပြောင်းရွှေ့သွားခဲ့ပြီး ဖြစ်သည်။

ပြောက်ကျားတပ်ဖွဲ့ အနေဖြင့် မြေပြင်စိုးမိုးရေးသည် အဓိက မကျဘဲ ပြည်သူတို့၏ ထောက်ခံမှု ဆက်လက် ရရှိရေး သည်သာ အဓိက ကျကြောင်း၊ ဗိုလ်မှူးကြီးဇော်တောင်က ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေး အတွက် ၁၇ နှစ်တိုင်တိုင် ကြိုးပမ်းခဲ့သော မိမိတို့ မည်သည့်အရာကို ရရှိခဲ့သနည်းဟု ဗိုလ်မှူးကြီးဇော်တောင်က ပြန်လှန် မေးမြန်းခဲ့သည်။ စစ်ပွဲအဆုံးသတ်ရေး အတွက် တစ်ခုတည်းသော အရာမှာ နိုင်ငံရေးအရ ဖြေရှင်းရေး ပင်ဖြစ် ကြောင်း၊ နိုင်ငံရေး အရ ဖြေရှင်းမှု မပါရှိသော အပစ်အခတ် ရပ်စဲရေးမှာ အချည်းနှီးသာဖြစ်ကာ တိုက်ပွဲများ ဆက်လက်ပေါ်ပေါက်နေ မည်သာဖြစ် ကြောင်း ယင်းက ပြောကြားသွားခဲ့ သည်။

လက်ရှိဖြစ်ပွားနေသော ကချင် စစ်ပွဲများမှာ အမှတ်မထင် ပေါ်ပေါက် လာခဲ့သော စစ်ပွဲမဟုတ်ပေ။ တရုတ် နိုင်ငံ နယ်စပ်ဒေသရှိ လိုင်ဇာမြို့တွင် အခြေစိုက်သော ကေအိုင်အေဌာနချုပ် စခန်းကို ဦးတည်သည့် ဝရဇိန်စစ် ဆင်ရေး ကို မြန်မာတပ်မတော်က မတ်လအတွင်းကပင် စတင်ပြင်ဆင်ခဲ့သည်။ မိတ္ထီလာမြို့ အခြေစိုက်ခြေမြန် တပ်မ ၉၉ နှင့် အမြောက်တပ်ဖွဲ့များ ပူးတွဲဆောင်ရွက်သော စစ်ရေး လေ့ကျင့်မှုတစ်ရပ်ကို မိတ္ထီလာမြို့အနီး တစ်နေရာတွင် ဝရဇိန် စစ်ဆင်ရေး မတိုင်မီ မတ်လကတည်းကပင် ပြု လုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် လိုင်ဇာစခန်း ပုံတူများပင် တည်ဆောက်ကာ လေ့ကျင့်ခဲ့ကြကြောင်း သိရှိရသည်။ သို့ရာ တွင် အဆိုပါသတင်းကို မီဒီယာများသို့ မထုတ်ပြန်ဘဲ လျှို့ဝှက်ထားရှိခဲ့သည်။

ထို့နောက် ဧပြီလတွင် မြစ်ကြီးနား၊ ဗန်းမော်ဒေသများသို့ တပ်ဖွဲ့ အရွှေ့အပြောင်းများ၊ အမြောက်တပ်ဖွဲ့ အရွှေ့အပြောင်း များကို ရထားလမ်း နှင့် ရေကြောင်းတို့မှ တစ်ဆင့် အမြောက်အမြား ပြုလုပ်လာခဲ့ကြသည်။ လက်နက် တပ်ဆင်ထားသော တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-35 များကိုပင် လိုင်ဇာမြို့နှင့် မိနစ်ပိုင်းမျှသာ ပျံသန်းရသော အကွာအဝေး ရှိ မြစ်ကြီးနားမြို့ သို့ ပို့ဆောင် ထားရှိလာခဲ့သည်။

ကချင်ပြည်နယ် အတွင်း အခြေစိုက်သည့် တပ်ဖွဲ့များ မဟုတ်သော တပ်မ ၃၃၊ တပ်မ ၆၆၊ တပ်မ ၈၈၊ တပ်မ ၉၉ နှင့် အမှတ် ၁ဝ၁ ခြေ မြန်တပ်ရင်းတို့ကိုလည်း မြစ်ကြီးနားသို့ ရွှေ့ပြောင်းခဲ့သည်။

လိုင်ဇာတိုက်ပွဲများကို နှစ်ပိုင်း ခွဲခြားရှုမြင်နိုင်သည်။ လဂျန်းယန် ဒေသတစ်ဝိုက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုများ စတင်သည့် ဒီဇင်ဘာ ၁၄ ရက် တိုက်ပွဲစဉ်များကို ပထမပိုင်းအဖြစ် ရှုမြင်နိုင်သည်။ တာပိန်မြစ် မြောက်ဖျားရှိ လဂျန်းယန် ဒေသသည် လိုင်ဇာ၏ အဝင်ဝလည်း ဖြစ်သည်။ နှစ်သစ်ကူး မတိုင်မီ စတင်သော တိုက်ပွဲများကို ဒုတိယပိုင်း အဖြစ် သုံးသပ်နိုင်သည်။ ၁ဝ၅ မမ အမြောက်အမြားနှင့် ၁၂ဝ မမ မော်တာ ပစ်ကူ များဖြင့် ဖိအားပေး တိုက်ခိုက်လာသော အစိုးရ တပ်ဖွဲ့တို့က လိုင်ဇာမြို့ကို စိုးမိုးထားနိုင်သည့် ခယားဘမ်ဒေသ ကို ဇန်နဝါရီ ၂၆ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။

ဤတွင် အံ့အားသင့်စရာ အချက်နှစ်ချက် ပေါ်ပေါက်လာပြန်သည်။ ပထမအချက်မှာ အစိုးရတပ်ဖွဲ့ဘက် မှ အသေအပျောက်များပြားခြင်းဖြစ် သည်။ ခယားဘမ် တိုက်ပွဲတွင် အစိုးရစစ်သည် ၁၂ဝ ကျော် ကျဆုံးကာ ၄ဝဝ ခန့် ဒဏ်ရာ ရရှိခဲ့သည်။

ဒုတိယ အံ့အားသင့်စရာ အချက်မှာ လေကြောင်းပစ်ကူကို ထိရောက်စွာ အသုံးမချနိုင်ခြင်းပင် ဖြစ်သည်။ ဒေသခံ ရေမြေ အနေအထား အရ မြေပြင် တပ်ဖွဲ့နှင့် လေတပ်ဖွဲ့တို့ အဆက်အသွယ်ကောင်းစွာ ရရှိရန် ခက်ခဲ့ခြင်း၊ မြေပြင်သို့ ရှင်းလင်းစွာ မြင်နိုင်အား နည်းသည့်အတွက် ထိရောက်သော မြေမျက်နှာပြင် အမြင့် အထိ ပျံသန်း တိုက်ပွဲဝင်ရန် ခက်ခဲ့ခြင်း၊ မြေပြင်မှ မီးတောက်လောင်မှုများက အတွေ့ အကြုံနည်းပါးသော လေယာဉ်မှူး တို့ကို စိုးရွံစိတ်ဖြစ်ပေါ်စေကာ လိုအပ်သည် ထက် မြင့်သော အမြင့်ပေမှ ပျံသန်းခြင်း စသည့် အချက်များက လေကြောင်း ပစ်ကူကို ထင်သလောက် ခရီးမပေါက်စေခဲ့ခြင်း ဖြစ်သည်။

လေကြောင်းမှ ပစ်ခတ်မှု အများစုမှာ ကချင်စခန်းများထက် ဒေသခံ တောအုပ်များသို့သာ ထိမှန်စေခဲ့သဖြင့် ဂျက်တိုက်လေယာဉ်များနှင့် တိုက်ပွဲဝင် ရဟတ်ယာဉ်တို့က ကချင်တို့ကို ထိရောက်စွာ ခြိမ်းခြောက်နိုင်စွမ်းမရှိ ခဲ့ပေ။

မြေပြင်တပ်ဖွဲ့နှင့် အထက် အောက်ဆက်သွယ်မှုခက်ခဲ့သည့်အတွက် လိုင်ဇာမြောက်ဘက်ရှိ ပန်ဝါတောင် ကြားဒေသတွင် Mi-35 ရဟတ်ယာဉ်က အစိုးရတပ်ဖွဲ့ကို မှားယွင်း ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သတင်း ထွက်ပေါ်ခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။ ထို့အပြင် ဒီဇင်ဘာ ၁၄ ရက် တိုက်ပွဲတစ်ရပ်တွင် ရဟတ်ယာဉ်တစ်စင်း ကျည်ထိမှန်ကာ မီးခိုးများတန်းပြီး မြစ်ကြီးနား ဘက်သို့ ပြန်လည် ပျံသန်းသွားသည်ကို မြင်တွေ့ရသူများ ရှိခဲ့သည်။ ဇန်နဝါရီ ၁၁ ရက်တွင်လည်း Mi-35 ရဟတ်ယာဉ် တစ်စင်း ပျက်ကျမှုကို နှစ်ဖက် စလုံးက တည်ပြုခဲ့သော်လည်း စက်ချို့ယွင်းမှုကြောင့် ပျက်ကျခြင်းသာ ဖြစ်ကြောင်း အစိုးရတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာ ၃၁ သို့မဟုတ် ဇန်နဝါရီ ၁ ရက် တွင် နိုင်ငံတကာ သတင်းဌာနတစ်ခုက ထုတ်လွှင့် ခဲ့သော ဗီဒီယိုပြကွက် တစ်ရပ်တွင် မီးစွဲလောင်နေသော k-8 ရဟတ်ယာဉ် တစ်စင်း ထိန်းသိမ်း၍ မရဘဲ မြေပြင်သို့ စိုက်ကျ ပျက်စီးသွားခဲ့ပုံ မြင်တွေ့ကြရသော်လည်း အဖွဲ့အစည်း နှစ်ရပ်စလုံးက မှတ်ချက် ပေးခြင်း မရှိခဲ့ပေ။

မြန်မာစစ်တပ်၏ အားနည်းချက်များကို သုံးသပ်ရာတွင် တပ်ပြေးနှုန်း မြင့်မားခြင်းလည်း တစ်ကြောင်း အပါအဝင် ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုခန့် အတွင်း မြန်မာ တပ်မတော်ကို တိုးချဲ့ဖွဲ့စည်း လာခဲ့သော်လည်း တပ်မတော် တပ်ဖွဲ့များမှာ အင်အားမပြည့်ခြင်း၊ လစာနည်းခြင်းနှင့် ထောက်ပံ့မှု နည်းပါးခြင်းတို့ကို ဖုံးကွယ်၍ မရခဲ့ပေ။

HIS-Jane အဖွဲ့က ၂ဝဝ၇ ခုနှစ် အတွင်း နိုင်ငံတကာ အစီရင်ခံစာ တစ်ရပ်မှ ကောက်နှုတ် ဖော်ပြချက်အရ တပ်ပြေးနှုန်း များပြားခြင်း၊ ပြီးစလွယ် ဆောင်ရွက်သော စစ်ဆေးခြင်းများနှင့် မှတ်တမ်းမှတ်ရာ ထိန်းသိမ်းမှု ညံ့ဖျင်းခြင်း စသည်တို့မှာ မြန်မာစစ်တပ်၏ နာတာရှည်ရောဂါများပင် ဖြစ်ကြောင်း သိရှိရသည်။ တပ်မှူးများ၏ တပ်စည်းကမ်း မလိုက်နာခြင်း၊ စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်ခြင်းတို့လည်း ပါဝင်သေးသည်။

စစ်ပွဲတစ်ရပ်အတွင်း အကျအဆုံး များပြားခြင်းသည် စိတ်ဓာတ် ကြံ့ခိုင်မှု ပျက်ပြားခြင်းနှင့် တပ်မှ ထွက်ပြေးခြင်း တို့ကို ဖြစ်ပေါ်စေသည်။ မြန်မာအစိုးရ လိုလားသော ဘလော့ဂ် တစ်ခုမှ ထုတ်ပြန်ချက်အရ ၂ဝ၁၁ ခုနှစ်၊ ဇွန်လမှ ဒီဇင်ဘာလ အစောပိုင်း ကာလအတွင်း ကချင်ပြည်နယ်၌ မြန်မာစစ်သည် ၅ဝဝဝ ခန့် ကျဆုံး ခဲ့ကြောင်း ဖော်ပြပါရှိခဲ့သည်။ ထို အရေအတွက်မှာ အာဖဂန်နစ္စတန် နိုင်ငံနှင့် အီရတ်နိုင်ငံတို့တွင် ဆင်နွှဲခဲ့သည့် အမေရိကန် စစ်တပ်၏ စစ်ဆင်ရေး နှစ်ရပ်ပေါင်းတွင် ကျဆုံးသူ အရေအတွက် ၄၉၇၇ ဦးနှင့် နှိုင်းယှဉ်ကြည့်ပါက များပြားသည်ဟု ဆိုနိုင်မည်ဖြစ်သည့်အပြင် လိုင်ဇာ စခန်းသိမ်းပိုက်ပွဲ ထပ်မံဆင်နွှဲလာပါက ပေါ်ထွက် လာဦးမည့် အရေအတွက် ကလည်း နည်းမည်မဟုတ်ပေ။

သေချာသော အချက်တစ်ချက်မှာ တပ်မတော်၏ စစ်ရေး ဆောင်ရွက်ချက်များကို အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက စောင့်ကြည့်နေမည် ဆိုသည့် အချက်ပင် ဖြစ်သည်။ ယင်းတို့အနက် တိုက်ခိုက်ရေး တပ်ဖွဲ့ဝင် နှစ်သောင်းမျှ ရှိပြီး လက်နက်အင်အား အတောင့်တင်းဆုံး ဖြစ်သော United Wa State Army မှာ တရုတ်တို့ ထောက်ပံ့ထားသော သံချပ်ကာ ကားများနှင့် HN-5 ပခုံးထမ်း လေယာဉ်ပစ် လက်နက် များပင် ပိုင်ဆိုင်ထားပေသည်။

“ဝ” တပ်ဖွဲ့များနှင့် အခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ က မြန်မာ့တပ်မတော်ကို အင်အား ကြီးမား သော်လည်း အခြေမခိုင်သော စစ်တပ်အဖြစ် ရှုမြင်ထားကြသည် ဖြစ်ရာ မြန်မာ့နိုင်ငံရေး ပုံစံသစ်အပေါ် အခြေပြု ထားသော စေ့စပ်ညှိနှိုင်းရေးတို့၏ အကျိုး သက်ရောက်မှုမှာ အထူးတလည်ပင် အရေးပါလှကြောင်း သုံးသပ် ဖော်ပြလိုက် ရပေသည်။

Ref: Opinion: Burma debate keeps going on Wnitary state vs federal union by Zin Lin, Asian-correspondent.com,Feb 24,2013

In Burma’s Kachin state, answers to conflictremain elusive AP News, Feb 21, 2013

Pyrrhic victory in Myanmar Anthony Daois , Asia Times, Jan 30, 2013

ဝ၃၉

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*