တိုင်းရင်းသားသတင်း — ရန်ကုန်၊ ဇူလိုင် ၊ ၂ဝ၁၂
ကချင် ဒုက္ခသည်စခန်း တစ်နေရာ

ကချင် ဒုက္ခသည်စခန်း တစ်နေရာ

ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့တွင် ၁ဝ ဖွဲ့နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ခဲ့သော်လည်း ကချင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ    အောင်မြင်သည့် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ပြီး အပြီးသတ် ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် နေရာဒေသ    ရွေးချယ်နေကြကြောင်း၊ ကချင် ငြိမ်းချမ်းရေး ဖော်ဆောင်သူ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီမှ အတွင်းရေးမှူး ကချင်တိုင်းရင်းသား ဦးဖေါ်လာကမ်ဖန်က မြန်မာအင်ဒီပဲန် ဒင့်ဂျာနယ်နှင့် တွေ့ဆုံရာတွင် ပြောသည်။

“ကျွန်တော်တို့အနေနဲ့ ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ် အောက်တိုဘာ လဆန်းပိုင်းလောက် ကတည်းက ငြိမ်းချမ်းရေး ခရီးစဉ်များကို စတင်ခဲ့ပါတယ်။ ကေအိုင်အေ စစ်ဦးစီးချုပ် ဦးဂမ်ရှောင်နဲ့ ပထမဆုံး စတင်ပြီး တွေ့ခွင့်ရဖို့ ကြိုးစားခဲ့တယ်။ နောက်တော့ ဦးဂမ်ရှောင်ရဲ့ သဘောတူ ဖိတ်ကြားချက်ကြောင့်  မဟုတ်ဘဲ ကျွန်တော်တို့ အဖွဲ့ထဲက အဖွဲ့ဝင်သုံးဦးက ကြိုးစားပြီး သွားရောက် တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံ ဖြစ်ခဲ့တဲ့ အခြေအနေက ကေအိုင်အေတွေရဲ့ စိတ်ထဲမှာဘယ်လို ခံစားမှုတွေ ရှိသလဲ။ ဘာတွေဖြစ်ချင်တာလဲ ဆိုတာကို အဓိက သိချင်တာလည်း ပါတယ်။ အဲဒီမှာ ကျွန်တော်တို့က နေပြည်တော်မှာရှိတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ ကော်မတီက ယခင် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်ဆီကို ခွင့်တောင်းပြီးတော့ သူ့ရဲ့ခွင့်ပြု ချက်နဲ့ ကျွန်တော်တို့အဖွဲ့ ကချင်ဒေသ လိုင်ဇာကို ရောက်ခဲ့ပြီးတော့ ၂ဝ၁၁ ခု၊ အောက်တိုဘာ ၁၁ ရက်မှာ ကချင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်နဲ့စပြီး တော့ ၃ နာရီကြာတွေ့ခွင့်ရခဲ့တယ်။ အဲဒီမှာ သူတို့ကို အပစ်အခတ်တွေ ရပ်ပြီး ငြိမ်းချမ်းရေးကို စတင်ကြရအောင်ဆိုပြီးတော့ ကျွန်တော်တို့အဖွဲ့ ပြောတော့ သူတို့က လက်မခံဘူး။ သူတို့ ပြောတာက အပစ်အခတ်ရပ်ထားတာ ၁၇ နှစ်ရှိခဲ့ပြီ။ ဒါပေမယ့် နိုင်ငံရေး စင်မြင့်ပေါ်ကို သူတို့ကို ခေါ်မသွားဘူးလို့ ကျွန်တော်တို့ အဖွဲ့ကို ပြောတယ်။ ကျွန်တော်တို့ကလည်း အရင်တုန်းက စစ်အုပ်ချုပ်ရေး အောက်မှာ နေရတဲ့အခါကျတော့ နိုင်ငံရေးကိစ္စတွေ ပြောလို့ မရဘူး။ အခုတော့ ပြည်သူတွေ ရွေးချယ်ထားတဲ့ လွှတ်တော်ဆိုတာ ရှိနေပြီ၊ အဲဒီလွှတ်တော်ထဲမှာ အားလုံး တင်ပြဆွေးနွေးလို့ ရနေပြီလို့ ပြောတော့ သူတို့ဘက်ကတော့ ယုံကြည်မှု တော်တော် အားနည်းနေတယ်။ ဒါပေမဲ့ သူတို့က ဘာပြန်ပြောသလဲ ဆိုတော့ ခင်ဗျားတို့ နေပြည်တော်ကို တကယ် ပြန်ပြောနိုင်သလားတဲ့ ပြောနိုင်ပါတယ် ဆိုပြီးတော့ ကျွန်တော်တို့အဖွဲ့ တာဝန်ယူခဲ့တယ်။ အဲတော့ သူတို့က ပစ်ရင်းနဲ့ ဆွေးနွေးမယ်ဆိုပြီး ပြောလာတယ်။ အဲဒီမှာ ကျွန်တော်တို့ အောက်တိုဘာ ၁၆ ရက်မှာ ယခင် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်ဆီကို သွားတွေ့တယ်။ ဗိုလ်ချုပ်ဂမ်ရှောင် ပြောလိုက်တဲ့ ကိစ္စတွေကို ပြောပြတယ်။ ဦးသိန်းဇော်က ဒီလိုပစ်လို့တော့ မဖြစ်ဘူး။ နှစ်ဖက်စလုံး နာတယ်။ အားလုံးလည်း နာတယ်။ ပစ်လို့တော့ မဖြစ်ဘူးဆိုပြီး ကျွန်တော်တို့ အဖွဲ့ကို နောက်ထပ် သွားတွေ့ပါဦးလို့ မှာလိုက်တယ်။ ပြီးတော့ သူနဲ့ဗိုလ်ချုပ် ဂမ်ရှောင်နဲ့ ဖုန်းဆက်သွယ်ခွင့် ရချင်တယ်။ အဲဒီမှာ သူနဲ့ သေသေချာချာ ပြောချင်တယ်လို့ မှာလိုက်တယ်။ အဲဒီမှာ အောက်တိုဘာ ၂၆ ရက် ကျွန်တော်တို့အဖွဲ့ လိုင်ဇာကို ပြန်ရောက်ကြတော့ ဗိုလ်ချုပ်ဂမ်ရှောင် တို့က ဖုန်းဆက်ဖို့ မဖြစ်နိုင်ဘူးလို့  ပြန်ပြောတယ်။ အဆင်မပြေတဲ့ အကြောင်းပေါ့။ ကျွန်တော်တို့လည်း အဲဒီမှာ ၃ ရက်လောက် စောင့်နေရင်း နဲ့ သူတို့အဖွဲ့ထဲက ကချင် လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ၃ ယောက် လာတွေ့တယ်။ ကေအိုင်အေ/ ကေအိုင်အို အဖွဲ့ကို  နိုင်ငံတော်ကနေ ပြီးမှ ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့စာနဲ့ ဖိတ်ခေါ်ပေးပါ။ ဒါကို သူတို့လိုချင်တယ်လို့ ပြောတယ်။ ကျွန်တော်တို့လည်း ရအောင် ပြောပေးမယ်ဆိုပြီး ပြန်ဆင်းလာခဲ့တယ်။ နောက်တော့ အောက်တိုဘာ ၃ဝ ရက်မှာ ကျွန်တော်တို့ ပါတီဥက္ကဋ္ဌ ဦးခက်ထိန်နန်ကို မှာလိုက်တယ်။ အဲဒီမှာတချို့ပုဂ္ဂိုလ် အကြီးအကဲ တွေကတော့ စာရေးဖို့မလိုတော့ဘူးလို့ ပြောကြသူတွေ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ မနှစ်တုန်းက သြဂုတ် ၂၈ ရက်မှာ နိုင်ငံသိကမ္ဘာသိ သတင်းစာထဲမှာ ငြိမ်းချမ်းရေးကို အားလုံးဖိတ်ခေါ်ပြီးပြီ ဖြစ်တဲ့အတွက် စာမလိုတော့ဘူးလို့ ပြောတယ်။ နိုင်ငံတော် အကြီးအကဲတွေဆီကို ဖုန်းဆက်ပြီးတော့ ပြောတော့ သူတို့လည်း ညှိနှိုင်းကြတယ်နဲ့ တူပါတယ်။ နောက် နိုဝင်ဘာ ၅ ရက်မှာ နေပြည်တော်ကနေ စာတစ်စောင် ကေအိုင်အေကို ပြန်ပို့တယ်လို့ သိရတယ်။ အဲဒီလို အချိတ်အဆက် မိအောင် ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ ဘယ်ပါတီဘယ် အဖွဲ့ရယ်မှ မဟုတ်ဘူး။ ဗန်းမော်သူ၊ ဗန်းမော်သားတွေအနေနဲ့ စွမ်းဆောင်ခဲ့ကြတယ်။ အဲဒီနောက်မှာ အခုလည်း ငြိမ်းချမ်းရေးကို လုပ်နေကြတဲ့ အဖွဲ့တွေလည်း ရှိလာကြပါတယ်။ နောက်ပိုင်းမှာ ကေအိုင်အေ ကလည်း ငြိမ်းချမ်းရေးအတွက်ကို နိုးနိုးကြားကြား ရှိလာတယ်။ အစိုးရဘက်ကလည်း ကြိုးစားလာတယ်။ အဲဒီမှာ ဦးယွပ်ဇော်ခေါင်တို့ကလည်း ငြိမ်းချမ်းရေး ညှိနှိုင်းရေးအဖွဲ့ ဆိုပြီးတော့ ဖွဲ့စည်းတယ်လို့ သိရတယ်။ သူတို့လည်း ဒီကနေ့ အချိန်အထိ လုပ်နေကြတယ်။ ဒါက ကေအိုင်အေက ပေးလိုက်တဲ့ နိုင်ငံတော်အဆင့်ဆိုတဲ့ ခေါင်းစဉ်ကို သမ္မတက ပြည်ထောင်စု အဆင့်ဆိုပြီး    ခေါ်တယ်လို့သိရတဲ့အတွက် အင်မတန်မှ ကောင်းမွန်တယ်လို့ ကျွန်တော်တို့ သိရတယ်။

နောက်တော့ နိုဝင်ဘာ ၃ဝ ရက် ကစပြီးတော့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ  ဆိုပြီးတော့ ဦးအောင်သောင်း ခေါင်းဆောင်တဲ့အဖွဲ့ကိုလည်း ရွှေလီမှာ ပထမဆုံး ကေအိုင်အေနဲ့ တွေ့ဆုံပွဲကို လုပ်ခဲ့တယ်။ နောက်တော့ ဒီဘက်ပိုင်းမှာ ဆင့်ကဲဆင့်ကဲ လုပ်နေတဲ့ အနေအထားကိုတွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။ အခုဆိုရင် တကယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြတော့မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ရောက်ရှိလာတဲ့ အခါမှာ တွေ့ဆုံကြတဲ့ အဆင့်ကို ရောက်လာတဲ့အခါမှာ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်း ကိုယ်တိုင်လည်း သူကိုယ်တိုင် လုံခြုံရေးမပါဘဲနဲ့ ကချင်ဒေသ မိုင်ဂျာယာန်ကို သွားနေပြီးတော့ ဆွေးနွေးခဲ့တယ် ဆိုတာလည်း သိရတယ်။ ဒါပေမယ့် အခုသိရတာက ဆွေးနွေးပွဲလုပ်ဖို့နေရာ ရွေးနေတယ်လို့ သိရတယ်။ အခု အခြေအနေမှာ ဘယ်လိုပုဂ္ဂိုလ်တွေက နေရာရွေးနေကြလဲ။ ဒီလိုဖြစ်အောင် ဘယ်သူတွေက လုပ်နေသလဲဆိုတာ ကျွန်တော်တို့ စဉ်းစားလို့မရဘူး ဖြစ်နေတယ်။ အများပြည်သူ ကောင်းစားဖို့ ကျွန်တော်တို့ လုပ်နေတာပါ။ ကချင်ပြည်နယ် တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ သန်းပေါင်း ၆ဝ ကျော် အတွက် လုပ်နေတာပါ။ လူအများအတွက် လုပ်ဆောင်ကြတဲ့အခါမှာ ဘယ်နေရာမှာပဲ ညှိညှိ၊ ဘယ်ဒေသ မှာပဲညှိညှိ အဓိက ကတော့ တစ်ဦးနဲ့ တစ်ဦး လေးစားမှု၊ ယုံကြည်မှုရှိဖို့တော့ လိုတယ်။ ငြိမ်းချမ်းရေးအတွက် နေရာ ရွေးနေစရာ မလိုပါဘူး”ဟု ဆိုသည်။

ကချင်ဒေသတွင် လွန်ခဲ့သည့် ၂ဝ၁၁ ခု၊ ဇွန် ၉ ရက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့ရာ ကချင်ကျေးရွာ ပေါင်း ၇ဝ ကျော် ပျက်စီးခဲ့ပြီး ကချင်ဒုက္ခသည်ပေါင်း ၈ သောင်းကျော်ရှိခဲ့သည်။ ယခု ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုရှိခဲ့သော်လည်း နောက်ဆုံးအဆင့် ဆွေးနွေးရန် နှစ်ဖက် နေရာရှာမှုများ ဖြစ်နေသည့်အတွက် မပြီးပြတ်သေးကြောင်း သိရသည်။

ဝ၃၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*