တွေ့ဆုံ​မေးမြန်းခြင်း — ဇန်နဝါရီ ၂၁၊ ၂ဝ၁၃

ကချင်ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ (ငြိမ်း)၊ ဒုတိယ ဗိုလ်မှူးကြီး(ငြိမ်း) ဖြစ်သူ ဦး M ဇော်ယော်နဲ့ မြစ်ကြီးနားမြို့မှာ ၂၁ ရက်၊ ဇန်နဝါရီလ ၂ဝ၁၃ ခုနှစ်က တွေ့ဆုံခဲ့ပါတယ်။ ဦး M ဇော်ယော် ဆိုရင် ကချင်ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ အနေနဲ့ ၁၉၈၈ ခုနှစ်အထိ တာဝန်ယူ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ အခုအချိန်မှာ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဦး M ဇော်ယော်ရဲ့ ကချင်စစ်ပွဲ အပေါ် အမြင် သဘောထားနဲ့ ငြိမ်းချမ်းရေး သဘောထား ကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။

မေး။ အဘ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တော်တော်လေး စိတ်ဝင်တစား ရှိနေတယ်လို့ သိရပါတယ်။ အဲဒီ တော့ အခုလက်ရှိ ဖြစ်ပျက်နေတဲ့ ကချင်စစ်ပွဲတွေအပေါ်မှာ အဘ အမြင်လေး ပြောပြပါအုံး။

ဖြေ။ အဲဒါ ကျွန်တော်ပြောချင်တဲ့ အကြောင်းကတော့ ဘာ့ကြောင့်ဒီလို ဖြစ်ပျက်သလဲဆိုတာပါပဲ။

မေး။ ဟုတ်အဲ့ဒါလေးကို အဘ ပြောပြပါအုံး။ အဘဖြစ်ချင်တဲ့ စိတ်လေး..

ဖြေ။ ကျွန်တော်က ငယ်ငယ်ကတည်းက တပ်ထဲမှာလည်း နေခဲ့တာဆိုတော့ သူတို့ တိုက်တာ၊ ခိုက်တာ ဘာညာ ဆိုတာလည်း ရှိပါတယ်။ ကျွန်တော်ပြောရမယ်ဆိုရင် ကျွန်တော်တို့ခေတ်မှာ တိုက်ပွဲဖြစ်တဲ့  အခါမှာ ရွာတွေဘာဖြစ်လဲ၊ တိုက်ပွဲပြီးတာနဲ့ ရွာသူ၊ ရွာသားတွေ ထိခိုက်တာ ရှိတယ်။ ဒါပေမယ့် ဆက် နေလို့ရတယ်။ ဒီနေ့အတွေ့အကြုံမှာ ရွာသူ၊ ရွာသားတွေ ဆက်နေလို့ မရဘူး။ အဲဒီရွာတွေလည်း အိမ်ကြီး၊ အိမ်ကောင်းတွေ အားလုံး မီးရှို့ဖျက် ဆီးခံရတယ်။ လူတွေမနေခိုင်းဘူး။  ကျွန်တော်တို့ ငယ်ငယ်ကတော့ ကချင်ပြည်နယ်မှာ အေးအေး ချမ်းချမ်း ရှိကြတယ်။ နောက်ပိုင်းကျတော့ ဘာဖြစ်လဲဆိုတော့ ပြည်နယ်မှာ အရင်က ဒီ ဦးနေဝင်း ခေတ်မှာ တပ်ရင်းတစ်ရင်းလုံး ဒီပြည်နယ်မှာ ၁၃ ခုရှိတယ်။ ခန္တီး အပါအဝင်။ နဝတ တက်လာတဲ့အခါ ကျတော့  ပိုများလာတာပေါ့လေ။  ကျွန်တော်တို့ တိုက်ပွဲတွေ  အများကြီးပြင်းထန်တဲ့ အချိန်ကာလတုန်းက ဒီလေယာဉ် တို့၊ ရဟတ်တို့ ဆိုတာမရှိခဲ့ဘူး။ ဒီ ၁ဝ၅ လည်း မရှိခဲ့ဘူး။ တပ်ရင်း ကိုင်သုံးတဲ့ လက်နက်လောက်ပဲ ကိုင်ရတယ်။ အခုကျတော့ အဆမတန် ဖြစ်လာတယ်။ နောက်ဒါ တွေကို ကြည့်လို့ရှိရင်တော့ ငြိမ်းချမ်းရေး အနေနဲ့ မရှိကြဘူးလို့ဘဲ မြင်တယ်။ အဲဒီမတိုင်ခင်မှာ ကျွန်တော်လည်း နည်းနည်းကျန်းမာနေတော့ ဒါဟာ တစ်နေ့တော့ ရှင်းရမယ့် ကိစ္စတွေရှိတယ်။ ခင်ဗျားတို့ ဘယ်လို သဘောရလဲလို့မေးတော့ ငြိမ်းချမ်းချင်တယ်လို့ ပြောတယ်။ တပ်မတော်နဲ့ ပူးပေါင်းနိုင်တဲ့ စိတ်ရှိလားလို့ မေးတဲ့အခါကျတော့ ပူးပေါင်းချင်တယ်။ အဲဒီလို ပြောတယ်။ ကျွန်တော် လူကြီးတွေနဲ့ တစ်နေ့မှာ ၁ နာရီ၊ ၂ နာရီနီးပါးလောက် စကားပြောဖူးတယ်။

မေး။ အဲဒါ ဘယ်နှစ်ခုနှစ်လောက်ကလဲ။

ဖြေ။ ၂ဝဝ၈ လောက်က။

မေး။ အဲဒီ ဆွေးနွေးတဲ့အပေါ်မှာ သူတို့က ကေအိုင်အိုက ဘယ်လို သဘောထားပါသလဲ။

ဖြေ။ သူတို့က ငြိမ်းငြိမ်းချမ်းချမ်း နေချင်တဲ့ အစီအစဉ်ရှိတယ်လို့ ပြောတယ်။ ပြည်နယ်အတွက် သူတို့ လုပ်ချင်တယ် လုပ်ပါမယ်။ ဖြစ်အောင် လုပ်မယ် ဆိုတာပြောတယ်။ တကယ်ပဲ လုပ်လာတာတွေ့ရတယ်။  ငြိမ်းချမ်းချင်တဲ့ ဆန္ဒရှိတယ်လို့ ယူဆရတယ်။

မေး။ ဒီစစ်ပွဲတွေ ရပ်သွားအောင် သူတို့ဘယ်လို ဖြေရှင်းသင့်သလဲ။ အဘအမြင်လေး ပြောပြပါဦး။ ဒီ စစ်ပွဲတွေ ငြိမ်းချမ်းရေးအတွက် ဘယ်လိုပုံစံနဲ့ ဖြေရှင်းသင့်သလဲ။

ဖြေ။ အဓိက ကတော့ တပ်မတော်က ဆန္ဒက အရေးကြီးပါတယ်။ ကေအိုင်အေက သေးသေးလေးပါ။ သေးသေးလေး ဆိုတော့ လူကြီးက ပြောရင် လူငယ်က လေးစားရမယ့် သဘောဖြစ်သွားပါတယ်။

မေး။ အခုဒီစစ်ပွဲတွေနဲ့ ပတ်သက်ပြီး အဘအနေနဲ့ ဘယ်လိုခံစားရသလဲ။ ခံစားမှုလေးပြောပြပါဦး။

ဖြေ။ ကျွန်တော်က တအားစိတ်နာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် ချွေးမတစ်ယောက်ဆိုလည်း အိမ်ကို ကြိုးစားပြီး လုပ်ထားတာ။ ဘာမှမကြာသေးဘူး။ သူအိမ်က ထွက်ပြေးတာ ကြာပြီ။ ဘာမှမကြာဘူး။ တစ်လလောက် အတောအတွင်းမှာ အားလုံး ရှို့ပစ်လိုက်တယ်။ ကားတွေရော၊ မြေကွက်လုပ်တဲ့စက်တွေ ဒီအတိုင်းပဲ။ နောက် အဲဒီလိုပဲ ကျွန်တော့်တူမ၊ တူ အဲဒီနားမှာနေ တာ၊ အိမ်နဲ့နေတာ။ မြေကွက်နဲ့ လယ်နဲ့နေတာ။ လယ်လုပ်စက်လည်း နှစ်လုံးရှိတယ်။ အိမ်မှာလည်း စပါးကြိတ်တဲ့စက်လည်းရှိတယ်။ နွားက ၄ဝ လောက်ရှိတယ်။ နွားတွေလည်း အများကြီးရှိတယ်။ တိုက်ပွဲဖြစ်တော့ တစ်ခုမှ မကျန်တော့ဘူး။

မေး။ အဲဒါက ဘယ်ဒေသပါလဲ ခင်ဗျ။

ဖြေ။ ဒီလိုင်ဇာရဲ့ အောက်ဘက်နား။

မေး။ အဘအနေနဲ့ ဒီစစ်ပွဲ ဖြစ်နေတဲ့ အချိန်မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကို အဘအနေနဲ့ ဘာများ ပြောချင်ပါသလဲ။

ဖြေ။ အခုက တပ်မတော်သား မရှိတော့ဘူး။ ရှင်းရှင်း ပြောရမယ် ဆိုရင် မရှိတော့ဘူး။ နည်းနည်းကောင်း အောင် ပြင်ပေးပေါ့လေ။

မး။ သူတို့အပေါ်မှာ ဘာများပြော ချင်ပါသလဲ။ ဒီတပ်မတော်သားတွေ အပေါ်မှာ အဘအနေနဲ့ ဘာလုပ်သင့် တယ်လို့ ပြောချင်ပါသလဲ။

ဖြေ။ စည်းကမ်းရှိလို့ရှိရင်အကောင်း ဆုံးဖြစ်လာမယ်။ တပ်မတော်ရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာ ဖို့နဲ့ လိုက်နာလို့ရှိရင်တော့ အကောင်းဆုံးပဲ။ တပ်မတော်ဟာ အကောင်းဆုံး ပြန်ဖြစ်လာမယ်။ အရင်တုန်းက ဆိုရင် သူပုန်ရဲ့ တဲကလေးတောင် မီးမရှို့ရဘူးလို့ ပြောတယ်။ လိုက်နာရတယ်။ အခုက ရွာတွေဆိုတာ ရန်သူပဲ။ ပစ္စည်းတွေပဲ ဖြစ်တယ်။ ဒါတွေ မကျန်တော့ဘူး။ မထားတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ တပ်မတော် ငြိမ်းချမ်းရေးကိုတော့ သူတို့ စည်းကမ်းရှိရှိနဲ့ လုပ်ဖို့ အကောင်းဆုံးပဲ။ သူတို့ ဘယ်လောက်ထိလည်းဆိုတာ  ရှမ်းတွေ နေလို့ရတယ်။ ခုနပစ်တဲ့နေရာ၊ ခုနဖြစ်တဲ့နေရာမှာ ရှမ်းတွေ ရှိသေးတယ်။ အကန့်အသတ်နဲ့ နေတာ။ ကချင်တော့ တစ်ကောင်မှ မနေရဘူး။ ဒါကြောင့် စည်းကမ်းရှိရှိနဲ့  ပြန်နေလို့ ရှိရင်တော့ တပ်မတော်က ဘာမှ မှားစရာ မရှိဘူး။ အကောင်းဆုံးပဲ ဖြစ်မယ်။

စိုးဝင်းငြိမ်း

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*