အနုပညာသတင်း ခေါင်းကြီးသတင်း — ရန်ကုန်၊ မေ ၊ ၂ဝ၁၂

ဒေါက်တာစိုးကျော်က ဘောပင်တစ်ချောင်းအား သံကြိုးနှင့် ရစ်ပတ်ထားခြင်းဖြင့် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဒီဇိုင်းပုံဖော်ခဲ့သည်။

UNESCO က ချီးမြှင့်သည့် ၂ဝ၁၂ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ပိုစတာဆု(International World Press Freeder Day 2012 Poster Prize)၏ နောက်ဆုံးဆန်ခါတင် ဒီဇိုင်းပညာရှင်များတွင် NGO အဖွဲ့များ၌ ပါဝင်လှုပ်ရှားသူ မြန်မာနိုင်ငံမှဒေါက်တာစိုးကျော်ပါဝင်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးဆန်ခါတင် အနုပညာရှင်ဒေါက်တာစိုးကျော်က ဘောပင်တစ်ချောင်းအား သံကြိုးနှင့် ရစ်ပတ်ထားခြင်းဖြင့် စာနယ်ဇင်း လွတ်လပ်ခွင့်ကို Design ပုံဖော်ခဲ့သည်။ ထို့နောက် ၎င်းပုံ၏ အပေါ်ဘက်၌ ““သတင်းရေးသားခြင်းက ပြစ်မှု မဟုတ်ပါ။ ( Reporting the news is not crime )””ဟူ၍လည်းကောင်း၊ အောက်ဘက်၌ ““သတင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာသမားများ၏ လုံခြုံရေးကို ကာကွယ်ပါ။( Stand for Freedom of the press & Safety of Journalists )””ဆိုသည့် စာသားများ ရေးသားထားသည်။

အထက်ပါ ပိုစတာဆုနှင့် ပတ်သတ်ပြီး ဒေါက်တာစိုးကျော်က ““ Freedom ဆိုတဲ့ခေါင်းစဉ်အောက်မှာ လွတ်လွတ်လပ်လပ်ခံစားပြီး ဖော်ပြခွင့်ရတယ်ဆိုတာက ဆုရွေးချယ်ခံရတဲ့ ဝမ်းသာမှုထက်ပိုတယ်””ဟု ဆိုသည်။ ဆက်လက်ပြီး ယင်းပိုစတာသည် မြန်မာနိုင်ငံ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက်သာ Design ဆွဲခြင်းမဟုတ်ဘဲ၊ တစ်ကမ္ဘာလုံး၏ စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် ရည်ရွယ်ကြောင်း၊ သူသည် ပုံနှိပ်မီဒီယာနှင့် အခြားမီဒီယာတို့ကြား အဆင်မပြေဖြစ်မှာကို စိုးရိမ်မိကြောင်းနှင့် နောက်ဆုံးမှာ သတင်းမီဒီယာတွေဘက် ရပ်တည်စေချင်ကြောင်း ပြောသည်။

၎င်းသည် ယခင် ၁၉၉ဝခုနှစ် များဆီက ““ပေဖူးလွှာ”” မဂ္ဂဇင်းတွင် Layout Designer အဖြစ်လည်းကောင်း၊ ““Care Myanmar””တွင် ကျန်းမာရေးဆိုင်ရာပညာပေးအစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်သူ အဖြစ်လည်းကောင်း၊ UNFPA ၏ သတင်းနှင့် ပြန်ကြားရေး၌  တာဝန်ရှိသူအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပြီး၊ ယခု လက်ရှိတွင် NGO အဖွဲ့စည်းများ၌ ပါဝင်လှုပ်ရှားကာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် ကျင်းပသော Eyeka ဟု အမည်တွင်သည့် ကမ္ဘာလုံးဆိုင်ရာ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲသည် သတင်းလွတ်လပ်ခွင့် နှင့် သတင်းသမားတို့၏ လုံခြုံမှုအရေးကြီးခြင်းကို ဦးတည်ပြီး ဓာတ်ပုံပညာနှင့် ပုံဖော်ပြချက်များကို အသုံးပြုပြီး ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲမျိုးဖြစ်ကြောင်း ဒေါက်တာစိုးကျော်၏ ပြောစကားအရ သိရသည်။

အဆိုပါပြိုင်ပွဲအား ၂ဝ၁၂ခုနှစ် ဧပြီ ၂ မှ ၂၃ နေ့ထိ ကျင်းပခဲ့ပြီး၊ အယ်ဂျီးရီးယား၊ အာဂျင်တီးနား၊ ဘယ်လာရု၊ ချီလီ၊ ကိုလံဘီယာ၊ ပြင်သစ်၊ ဂရိ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ မက်ဆီကို၊နယ်သာလန်၊ ဖိလစ်ပိုင်၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်၊ စင်္ကာပူ၊ ယူကန်တာ၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ UK နှင့် USA တို့အပါအဝင် ၂၃ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ထိုပြိုင်ပွဲမှ ဆုရရှိသော ပိုစတာများအား တူနီရှားနိုင်ငံတွင် ကျင်းပခဲ့သော ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အစည်းအဝေးအတွက် အသုံးပြုခဲ့ပြီး၊ ဆန်ခါတင် စာရင်းဝင်ပိုစတာများကိုမူ UNESCO ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားရှိ မှတ်တမ်းတင် ထားကြောင်းလည်း သိရပါသည်။

 

MIJ 014

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.