ယခုအခါ ကားအို၊ ကားဟောင်းများ နောက်ဆုံး(ပ)(ဗ)စသဖြင့် အစိုးရဌာနသို့ အပ်နှံလိုက်သောအခါ နိုင်ငံတော်မှ ဖျက်ဆီး၍ အရည်ကျိုပစ်မည်ဟု ကြေညာသဖြင့် သိရှိရပါသည်။ ဤကိစ္စကို စေတနာ ထား၍ နိုင်ငံတော် မနစ်နာသင့်သည်ကို မနစ်နာစေရန် အကြံပြုဆွေးနွေးလိုပါသည်။ ကား ဟောင်းများထဲတွင် (၁) အမှန်တကယ် ဖျက်သိမ်း၍ အရည်ကျိုသင့်သော ကားအို၊ ကားဟောင်းများ၊ (၂) လုံးဝ ဖျက်စီးရန် မသင့်တော်သော ကားအို၊ ကားဟောင်းများ ဟူ၍ နှစ်မျိုးနှစ်စား ရှိပါသည်။

အပ်နှံထားသည့် ဖျက်သိမ်းယာဉ်များ စုပုံထားစဉ်

အပ်နှံထားသည့် ဖျက်သိမ်းယာဉ်များ စုပုံထားစဉ်

အမှတ် (၁) အမျိုးအစား ကားများကို လေ့လာကြည့်ရှုခြင်း

(က) အပြင်မှကြည့်လျှင် ကားဘော်ဒီ (ကိုယ်ထည်) စုတ်ပြတ်နေသည်။ ဆေးရည်မှိန်ခြင်း၊ ဆေးအရောင်မှိန်ခြင်း၊ တိုက်ခိုက်ထားသာ ဒဏ်ရာ၊ ဒဏ်ချက်များဖြင့် အပြည့် ဖြစ်နေခြင်း၊ သံချေးများတက်၍ ဆွေးမြည့်ပေါက် ပြဲနေခြင်း။

(ခ) တံခါးလေးပေါက်သည် ပုံမှန် ခလုတ်ဖြင့်ဖွင့်၊ ပိတ်၍မရတော့သဖြင့်  ကြိုးဖြင့် သိုင်းချည်ထားရခြင်း၊ ချိတ်များတွင် ချိတ်ထားရခြင်း၊ မှန်ပြတင်းပေါက်များတချို့က တင်ထားမှ ရသည်။ အောက်ပြန်ချ မရ၊ တချို့ မှန်ပြတင်းပေါက်က လုံးဝပြန်ပိတ်မရ။ မိုးရွာနေပူ ဤအတိုင်း ထားရသည်။ ရှေ့ကြည့်မှန်သည် ခြစ်ရာ အစင်းကြောင်းများဖြင့် ပြည့်နေသည်။

(ဂ) ရှေ့အင်ဂျင်စက်ဖုံးသည် ပိတ်မရ၊ ကားမောင်း သွားသောအခါ လေတိုး၍ စက်အဖုံး အပေါ်သို့ ပွင့်တက်လာသည်။ ကြွတက်လာတတ်သည်။ ထိုသို့ မဖြစ်စေရန် တံခါးကြိုးဖြင့် ချိတ်ထားရသည်။ နောက်ဘက်ပစ္စည်း ထားသော အခန်းတံခါးသည်လည်း ကြိုးဖြင့်သော်လည်းကောင်း၊ ချိတ်ဖြင့် သော်လည်းကောင်း ချိတ်ထားရသည်။

(ဃ) အင်ဂျင်စက်ခန်း

ဘက်ထရီအိုးမှ အက်စစ်ရေများ မကြာခဏ လျှံကျသဖြင့် အောက်ခံဘော်ဒီ ဆွေးမြေ့နေသဖြင့် ကြိုးဖြင့် ချိတ်ထားရပါသည်။ ကာဘရိုက်တာသည် အဖုံးမရှိတော့ပါ။ လေသန့်စက် ကာဘာ (air cleaner) မရှိတော့ပါ။ အင်ဂျင် အပေါ် အောက် အပိတ်အဆက်မှ အင်ဂျင်ဝိုင်များ ယိုစီး ကျနေသည်။ ဘရိတ်ဆီဆုံလည်းမလုံပါ။ ဘရိတ်ဆီ အစစ် မထည့်ဘဲ တစ်ခါတစ်ရံ (ရေ)ထည့်၍ တစ်ခါတစ်ရံ (ဆပ်ပြာ)ရည် ထည့်သုံးပါသည်။ ရေတိုင်ကီမှာလည်း မကြာခဏ ပေါက်၍ ဖာထားသော အရာများဖြင့် ပြည့်နေပါသည်။ ရေလည်း မကြာခဏ ဆူပါသည်။

(င) ဘီးတာယာ ၄ လုံးနှင့် အရန်တာယာများ

မောင်းနှင် လည်ပတ်နေသော တာယာ ၄ လုံးမှာ အမျိုးအစား မျိုးစုံ ၄ မျိုး ဖြစ်နေပြီး အရံတာယာမှာလည်း အခြားအမျိုးအစား ဖြစ်ပါသည်။ တာယာအားလုံးသည် ပန်းလုံးဝမရှိ၊ ပြောင်ချောချော ဖြစ်နေသောကားများ၊ ရှော့ဘား SHOCK ABSORBER များလည်း ဆီမရှိ အလုပ်မလုပ်တော့သဖြင့် ကားသွားသောအခါ ခုန်ဆွခုန်ဆွ ဖြစ်နေသည်။

(စ) လျှပ်စစ်ပိုင်းဆိုင်ရာနှင့် မီးလုံးများ

ရှေ့မီးကြီး မီးကလေး လုံးဝ မလင်းပါ။ နောက်မီးများ လုံးဝမလင်းပါ။ ပေါက်ကွဲနေပါသည်။ မီးလုံးဝ ထွန်းမရပါ။ ရှေ့မှန် ရေသုတ်တံ (wiper) အလုပ် မလုပ်ပါ။ တချို့ကားများ လုံးဝမပါတော့ပါ။

(ဆ) အတွင်းကြမ်းခင်းများပါ ဆွေးမြည့်ပေါက်ပြဲ နေပါသည်။ ထိုင်ခုံများ အောက်သို့ ကျွံကျသွားနိုင်ပါသည်။ ယာဉ်မောင်းထိုင်သည့် ခုံများမှာ ဆိုဖာများ မဟုတ်တော့ဘဲ အောက်ခံနှင့် နောက်မှီပါ သစ်သားပြားများ တပ်ဆင်ထားပါသည် စသဖြင့် ဖော်ပြပါအတိုင်း သို့မဟုတ် ပို၍ဆိုးသော ကားများသည် ယခုအချိန်ထိ မောင်းနှင်သုံးစွဲလျက် ရှိနေပါသေးသည်။ မော်တော်ယာဉ် စစ်ဆေးရေး အဖွဲ့ကလည်း မောင်းနှင်သုံးစွဲခွင့် ပြုလျက်ပင် ရှိနေပါသေးသည်။ လွန်စွာ အန္တရာယ်များ လှပါသည်။ ကြောက်မက်ဖွယ် ကောင်းပါသည်။ ဤကဲ့သို့ ကားမျိုးကို ၁၉၉၉ ဖြစ်စေ၊ ၂ဝ၁၂ ခုနှစ် ထုတ်လုပ်ကား (Model)ဖြစ်ပါစေ လုံးဝသုံးခွင့်မပြုဘဲ ဖျက်ဆီးအရည်ကျိုရန်သာ အသင့်တော်ဆုံး ဖြစ်ပါသည်။ တိုင်းပြည်အတွက် အန္တရာယ် လျော့နည်းသွားပါမည်။

အမှတ် (၂) ဖျက်ဆီးပစ်ရန် လုံးဝမသင့်တော်သော ကားအို၊ ကားဟောင်းများ

ဝန်ကြီးချုပ် ဦးနု အသုံးပြုခဲ့သော AUSTIN PRINCE(1958)

ဝန်ကြီးချုပ် ဦးနု အသုံးပြုခဲ့သော AUSTIN PRINCE(1958)

အပြစ်အနာအဆာ လုံးဝမရှိ။ ပကတိ အကောင်းအတိုင်း ရှိနေသော  ကားအို၊ ကားဟောင်းများကို ကားအို၊ ကားဟောင်း Old Car ဟု ခေါ်ပါသည်။ တချို့က ရှေးဟောင်းကား ANTIQUE ကားဟု ခေါ်ကြပါသည်။ အဆိုပါကားဟောင်းများထဲမှ ရှားပါးသော ကားဟောင်း၊ ကားကောင်းများ ကိုမူ အထူးတန်ဖိုးထား လေးစားစွာဖြင့် VINTAGE CAR ဟု အမြတ်တနိုး တင်စား မှည့်ခေါ်ကြပါသည်။

ဥပမာ ဆိုရသော် ၁၉၆၂ ခုနှစ်က သမ္မတကြီး မန်းဝင်းမောင် ဗိုလ်ရှုခံမဏ္ဍပ်သို့ လာစဉ်က အသုံးပြုခဲ့သော CADILLAD CONVERTIBLE ကဲဒီလက် အမိုးဖွင့် (အမေရိကန်ကား) အပြာနုရောင်၊ ယင်းသမ္မတကြီးပင် အာဇာနည်နေ့တွင် Roll Royce အမဲရောင် ကားကြီးကို ရှေ့မှ ရွှေရောင် နိုင်ငံတော် တံဆိပ်ကပ်၍ အာဇာနည်ကုန်းသို့ တက်ရောက် ပန်းခွေချခဲ့ပါသည်။ ဤ Roll Royce ကားကြီးနှင့်ပင် ယိုးဒယားဘုရင်နှင့် မိဘုရားကိုလည်း ကြိုဆိုပို့ဆောင်ပေးခဲ့ပါသည်။ ဤကားများ ရှိနေသလား။ မရှိတော့ဘူးလား မသိပါ။ ရှိခဲ့ပါလျှင် ဒေါ်လာသန်းပေါင်း များစွာတန်မည်မှာ သေချာပါသည်။ ယင်းအချိန်က ဦးလောယုံဆိုသူထံတွင် Rolls Royce အမဲရောင်တစ်စီး ရှိခဲ့ပြီး အမေရိကန် သံအမတ်ကြီးက ဝယ်သွားသည်ဟု ကြားဖူးပါသည်။ မြန်မာနိုင်ငံအတွက် အဆိုပါကားများ ကို VINTAGE ကားဟု ခေါ်ပါသည်။

ယင်းကားများကို မည်မျှပင် ဟောင်းသော်လည်း ဖျက်ဆီးခြင်း၊ အရည်ကျိုခြင်းများ လုံးဝမပြုလုပ်သင့် ပါ။ မရောင်းလိုလျှင် ပြတိုက်၌ ပြသထားသည့် ကားမျိုးဖြစ်သည်။ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး နေဝင်း အသုံးပြုခဲ့သော ၁၉၆၄-၆၅ ခုနှစ်ထုတ် မာစီးဒီး 220-S (MERCEDES BENZ 220 S) သည် ယခုထက်ထိ အစိတ်အပိုင်း အားလုံး အကောင်းပကတိအတိုင်း ရှိပြီး အသုံး ပြုလျက် ရှိပါသည်။ ဤကားကိုလည်း ဟောင်းသွားပြီဖြစ်၍ အရည်ကျို ဖျက်ဆီးမည်ဆိုပါက လွန်စွာနှမြောဖို့ ကောင်းပြီး နိုင်ငံတကာကလည်း ကဲ့ရဲ့ ရှုတ်ချကြမည် ဖြစ်ပါသည်။ ဦးနေဝင်း လက်ထက်ကလည်း သမ္မတအိမ်တော်တွင် MERCESES 230-4 နှင့် 230-6 စသဖြင့် ကားများ အိမ်တော်တွင် သုံးခဲ့ပါသည်။ အဆိုပါကားများသည် ယခုအထိ အကောင်းအတိုင်း ရှိပါသည်။ ထိုနည်းလည်းကောင်း ထိပ်တန်း ဧည့်သည်တော်များ သီးသန့်ကြိုပို့ရန် တံခါး ၆ ပေါက်ပါသော MERCEDES 600 များလည်း ရှိပါ သေးသည်။ ကြုံကြိုက်၍ ပြောပြပါရစေ။ ၁၉၉၁-၁၉၉၂ ခုနှစ်လောက်က ကုန်သွယ်ရေးဝန်ကြီးဌာနက နိုင်ငံတော်ပိုင် (MERCEDES 300) ရှစ်စီးခန့်ကို လေလံပစ်ခဲ့ပါသည်။ ဂျာမန်လူမျိုးတစ်ယောက်က လေလံအောင်သူများထံမှ ပြန်ဝယ်ပြီး အားလုံးကို ဂျာမဏီပြည်သို့ ပြန်လည် ယူဆောင် သွားခဲ့ပါသည်။

ယင်း (မာစီးဒီး ၃ဝဝ)သည် ရောင်းတန်းကား အမျိုးအစားမဟုတ်ပါ။ နိုင်ငံရေး အစိုးရ လက်ထက်က နိုင်ငံခြား ဧည့်သည်တော်များ ကြိုပို့ရန် အထူးအော်ဒါမှာ၍ တင်သွင်းသော ကားများဖြစ်ပါသည်။ တင်သွင်းခဲ့စဉ်က ၁ဝ စီးဟုသိခဲ့ပါသည်။ ကားများကို ဝန်ကြီးတစ်ဦးက သေချာစွာ တာဝန်ယူ၍ ကြပ်မတ် ထိန်းသိမ်းရပါသည်။ ဤကားများကို မောင်းနှင်မည့် ယာဉ်မောင်းများသည် လည်ကတုံး အင်္ကျီ၊ တိုက်ပုံအနက်၊ ခေါင်းပေါင်း ပေါင်း၍ မောင်းနှင် ရပါသည်။ နောက်ပိုင်း အစိုးရ အဆက်ဆက် သည် ဤကားများကို သိပ်ပြီးအသုံးပြုသည်ကို မတွေ့ရပါ။ ဤအတိုင်းသာ သိမ်းဆည်းထား ကြပါသည်။ လေလံပစ်စဉ်က ကားများကို သွားရောက်စစ်ဆေး ကြည့်ရှုသောအခါ အလွန် အံ့အား   သင့်ဖို့ ကောင်းပါသည်။ ကားတိုင်းတွင် အင်ဂျင်ဝိုင်သည် ဝယ်စဉ်က ပါလာသည့် နဂို ORIGINAL အတိုင်း ရှိနေပြီး ကားတိုင်းတွင် ဓာတ်ဆီ ၄ ဂါလန်ခန့် ရှိနေသည်ကို တွေ့ခဲ့ရပါသည်။

လေလံအောင်၍ ကားကိုအိမ်သို့ ယူဆောင်ကာ သန့်ရှင်းစင်ကြယ်အောင် အတွင်းအပြင် အားလုံးပြုပြင် ပြီး၍ ညနေပိုင်းတွင် ကားကို ဘက်ထရီတပ်ပြီး စက်နှိုးလိုက်သောအခါ (ဒေါက်ခနဲ— ဝီးကနဲ)ပါပဲ။ တစ်ချက်သာ နှိုးရပါသည်။ ကားအမည်းကြီး၏   ဆေးကလည်း နဂိုမူလ ORIGINAL ဆေးဖြစ်လေတော့ တဖိတ်ဖိတ်နှင့် ကြွေရောင်တောက် နေပါတော့သည်။ အတွင်းပိုင်း သားရေကူရှင် (LEATHER) အနီရောင်များမှာလည်း ပေါက်ခြင်း၊ ပြဲခြင်းမရှိ။ တောက်ပပြောင်လက်နေပါသည်။ အဆိုပါ ကားများကို နိုင်ငံခြားတွင် ပြန်ရောင်းပါက ဒေါ်လာသိန်းချီ၍ ရနိုင်ပါသည်။ ယင်း မာစီးဒီးဝယ် သော ဂျာမန်ကြီးသည် မြန်မာပြည်မှ ရှားပါးကားများဖြစ်သော ဂျာဂွာ (JAGUAR MARK II, MARK V, MARK VII)များ၊ MG ပြိုင်ကားများ၊ အော်စတင်၊ ဆန်းဘိန်း SUN BEAN DAMLER ကားများသာမက မော်တော်ဆိုင်ကယ် ဟောင်းများလည်း ဝယ်ယူသွားခဲ့ပါသည်။ ဆိုင်ကယ်များမှာ တစ်ချိန်က တပ် မတော်က အသုံးပြုခဲ့သော BSA-M20/BSA Royal Star ရဲတပ်ဖွဲ့ က အသုံးပြုခဲ့သော TRIUMPH/NORTON၊MATCHLESS/ARIEAL HARLEY DAVIDSON စသည့် ဆိုင်ကယ်ဟောင်း များကိုလည်း အမြတ်တနိုး တန်ဖိုးထား၍ ဝယ်ယူသယ်ဆောင် သွားပါသည်။

ကားဟောင်းသတင်း ပျံ့နှံ့သွားပြီး ဂျာမန် သာမက၊ အင်္ဂလိပ်၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျပန်စသဖြင့် နိုင်ငံပေါင်းစုံမှ လာရောက် ဝယ်ယူကြလေသည်။

နိုင်ငံအသီးသီးသို့ ရောက်ကြသောအခါ ယင်းကားများ၊ ဆိုင်ကယ်များကို ချက်ချင်း အသုံးမပြုကြပါ။ (နိုင်ငံများကလည်း သုံးခွင့်မပြုသေးပါ။)ကားများ၊ ဆိုင်ကယ်များကို တစ်စစီ၊ တစ်စစီ ဖြုတ်ချပြီး သူ့အပိုင်းနှင့်သူ စနစ်တကျ ပြန်လည်ပြုပြင် တပ်ဆင်ရသည်။ အားလုံးပြီးမှ ယာဉ်စစ်ဆေးရေးဌာနက မျက်နှာမလိုက်ဘဲ အသေးစိတ်စစ်ဆေးပြီးမှ ထိပ်တန်း အခြေအနေ Tip-Top Condition ရောက်မှ အသုံးပြုခွင့် လိုင်စင် ထုတ်ပေးပါသည်။ ဤအခြေအနေလည်း ရောက်ရော ဤကား၏ တန်ဖိုးသည် လည်း ခေါင်ခိုက်အောင် မြင့်တက် သွားပါတော့သည်။

ကြုံကြိုက်၍ နာမည်ကြီးကား အကြောင်း ပြောပြပြီးပါပြီ။ ယခု လက်ရှိ မြန်မာပြည်မှ ကားများသည် လည်း အကောင်းပကတိ ကားများ ရှိနေပါသည်။ ဥပမာ ၁၉၈ဝ ခုနှစ်ထုတ် မာဇဒါ ၃၂၃၊ တချို့ကားများမှာ စတင်ထုတ်ပေးစဉ်ကအတိုင်း တစ်လက်ကိုင် အစိတ်အပိုင်းအားလုံး ပကတိ မူလအတိုင်း ရှိနေပါသေးသည်။ တချို့ မာဇဒါဆီဒင် ၁၃ဝဝ/ မာဇဒါ ၉၂၉/ကိုရိုလာ ၁၉၇၂/မာစီး ဒီး/ဗောက်ဝက်ဂင်/MORRIS/AUSTIN စသည့် ကားများကို ပိုင်ရှင်များက အမြဲမပြတ် ပြုပြင်ထိန်းသိမ်း ရိုသေစွာ အသုံးပြုခဲ့ကြသဖြင့် ယခုထက်တိုင် ထိပ်တန်းအခြေအနေ Tip-Top Condition တွင် ရှိနေပါသဖြင့် အရည်ကျို မပစ်သင့်ပါ။ ပြောရမည် ဆိုလျှင် ယခု တင်သွင်းလာသော ၄ဃ/၅ဃ/ ၁၉၉၉/၂ဝ၁၂ ခုနှစ် ကားများထက်ပင် သာပါသေးသည်။ စဉ်းစားသင့်ကြောင်း အကြံပေးအပ်ပါသည်။

နိုင်ငံခြားမှ မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုခြင်း

မော်တော်ယာဉ်ကိစ္စများကို အစိုးရ အာဏာပိုင်များက စဉ်းစားဖြေရှင်း၍ မူချသောအခါ မိမိနိုင်ငံတစ်ခုတည်း သာမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံများ၊ အိမ်နီးချင်းမဟုတ်သော အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း ကြည့်ရှုလေ့လာဖို့ လိုသည်ဟု ထင်ပါသည်။ ဥပမာ ယာဉ်မော်တော်စစ် ဆေးခြင်းတွင် စင်္ကာပူနိုင်ငံ စစ်ဆေးပုံ၊ ယိုးဒယားနိုင်ငံ စစ်ဆေးပုံ ဂျာမနီ၊ အမေရိကန်စသဖြင့် လေ့လာ ပြီး လိုအပ်ပါက လိုသည့်အပိုင်းကို အတုယူရပေမည်။ ဘက်မလိုက်ဘဲ တိကျမှန်ကန်စွာ စစ်ဆေးရန်လည်း လိုပါသည်။ ကားများ ပြည်တွင်းသို့ တင်သွင်းရာတွင်လည်း ထိုနည်းအတူ နိုင်ငံတကာနှင့်ယှဉ်၍ လေ့လာ၍ လုပ်သင့်သည်ဟုထင်ပါသည်။ အာဏာရှင်ခေတ် ကကဲ့သို့ ဟိုကား မသွင်းရ၊ ဒီကား မသွင်းရ။ ဒီမော်ဒယ်ထက် ဟောင်းလျှင် မသွင်းရ။ အင်ဂျင်အား ဒီထက်ကြီးလျှင် မသွင်းရ စသဖြင့် ဥပဒေများ ထုတ်နေသည်။ ပြည်သူလူထု စိတ်ဆင်းရဲရသည်။ မလိုလားအပ်သည့် မကြားဖူးသည့် အခွန်များလည်း မကောက်ပါရန်၊ (ဥပမာ-နယ်မြေခွန်ဆိုတာမျိုး) မည်သည့် နယ်မြေအတွက် မည်သည့် အခွန်ဆောင် ရပါမည်နည်း။ အပြည်ပြည် ဆိုင်ရာ လုပ်ထုံးလုပ်နည်း နှင့်အညီ အကောက်ခွန် CUSTOM DUTY အရောင်းခွန် SALE TAX အမြတ်ခွန် PROFIT TAX စသဖြင့် ထုံးစံနှင့်အညီ အခွန်များပေးသွင်းပြီးပါက မလိုလားအပ်သော မကြားဖူးသည့် အခွန်များ မကောက်ကြပါရန်လည်း အကြံပြုလိုက်ပါသည်။ သို့မှသာလျှင် နိုင်ငံတော် သမ္မတကြီး၏ မေတ္တာ စေတနာကို တန်ဖိုးထားရာ ရောက်ပါလိမ့်မည်။

မြန်မာနိုင်ငံယာဉ်ထိန်းစနစ်

ကျွန်တော်တို့ နိုင်ငံသည် တော်လှန်ရေး ကောင်စီ မတက်မီက ယာဉ်များသည် လမ်း၏ဘယ်ဘက်မှ ကပ်၍ မောင်းရသည်။ အရှေ့တောင် အာရှနိုင်ငံများအားလုံး၊ အိန္ဒိယ၊ သြစတြေးလျ၊ ထိုကဲ့သို့ လက်ဝဲကပ်မောင်း ချည်းပါပဲ။ ဂျပန်လည်း ထိုနည်းလည်း ကောင်းဖြစ်သည်။ အဲဒီအချိန်က ကားများသည် လက်ဝဲကပ် မောင်းရန်အတွက် အလွန်အဆင်ပြေပါသည်။ ယာဉ်မောင်းသူသည် ညာဘက်ထိုင်ခုံမှ ထိုင်၍ မောင်းရသဖြင့် အလွန် အန္တရာယ်ကင်းပါသည်။ လက်ဝဲကပ် မောင်းရာမှ ရုတ်တရက် ချက်ချင်း ညာကပ်မောင်းသို့ ပြောင်းလိုက်သည်။ အမေရိကား၊ ဂျာမဏီတို့ကဲ့သို့ ဖြစ်သွားသည်။ အတော် ဒုက္ခရောက်ပါသည်။ ကားများ တည်ဆောက်ထားပုံမှာ လက်ဝဲကပ် မောင်းရန်အတွက်ဖြစ်သည်။ ဘတ်စ်ကားစီး ခရီးသည်များ၊ ကျောင်းကားများ အလွန်ဒုက္ခရောက် ပါသည်။

ကားက ညာဘက်ကပ်ပြီးရပ်သည်။ ဆင်းသည့်အခါ တံခါးပေါက် က ဘယ်ဘက်တွင်ရှိသဖြင့် ဘယ် ဘက်က ဆင်းရသည်။ နောက်က ကားတွေလာနေလျှင် အန္တရာယ်များသည်။ ယာဉ်တိုက်ခိုက်မှုလည်း မကြာခဏ ဖြစ်သည်။ အဝေးပြေးကားများ၊ အဝေးပြေးလမ်းပေါ်တွင် ပိုဆိုးသည်။ ရှေးကလို ကားတွေ ဘယ်ဘက်ကပ်မောင်း လုပ်လိုက်လျှင် တော်တော်ကောင်းမည်။ အန္တရာယ်ကင်းပေမည်။

တင်သွင်းလာမည့် ကားများသည်လည်း ၉ဝ ရာခိုင်နှုန်းခန့်သည် လက်ဝဲကပ် မောင်းလမ်းအတွက်သာ ဖြစ်သည်။ လက်ယာကပ် မောင်းကားများ ရလိုလျှင် အမေရိကား၊ ဂျာမဏီ၊ ကိုရီးယားနိုင်ငံများမှသာ ရနိုင်သည်။ ဂျပန်ပြည်က မရနိုင်ပါ။ ကျွန်တော်တို့နိုင်ငံသည် သူဌေးနိုင်ငံ မဟုတ်သည်ကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း စေတနာ အရင်းခံဖြင့် တင်ပြအပ်ပါသည်။

ဟန်လှကြည်

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*