အနုပညာသတင်း တွေ့ဆုံ​မေးမြန်းခြင်း — ရန်ကုန်၊ ဒီဇင်ဘာ ၇၊ ၂၀၁၆

“အနက်ရောင် ဒိုင်ယာရီ” အမည်နဲ့ ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းသစ်တွေ မိတ်ဆက်ပေးခဲ့တဲ့ အဆိုတော် ဇော်ထွဋ်ဟာ သူ့ရဲ့ ဒုတိယ တစ်ကိုယ်တော်ခွေကို “ကျောက်သားခြေရာ” လို့ အမည်ပေးထားပြီး လာမဲ့နှစ်ဆန်းပိုင်းမှာ ထွက်ရှိမယ်လို့ ဆိုပါတယ်။ အဆိုတော် ဇော်ထွဋ်ကို “ကျောက်သားခြေရာ” တေးစီးရီးနဲ့ စပ်လျဉ်းပြီး MIJ က ဆက်သွယ် မေးမြန်းထားတာကို ဂီတချစ်သူတွေအတွက် တင်ဆက်ပေးလိုပါတယ်။

မေး ။ အနက်ရောင်ဒိုင်ယာရီ တေးစီးရီးထွက်ပြီး အခု ဒုတိယခွေကို ကျောက်သားခြေရာလို့ နာမည် ပေးထားတယ်လို့ သိထားပါတယ်၊ ဘယ်လိုစိတ်ကူးနဲ့ ဒီနာမည်ကို ရွေးဖြစ်တာလဲ?

ဖြေ ။ အခွေနာမည်အတွက် စဉ်းစားတဲ့အခါမှာ အခွေထဲက သီချင်းတွေအားလုံးကို ခြုံငုံထင်ဟပ်စေမယ့် နာမည်တစ်ခုပဲ ဖြစ်ရမယ်ဆိုပြီး ရွေးခဲ့တာပါ။ ခေါင်းထဲကို ရောက်လာသမျှ နာမည်တွေ ချရေးလိုက်တာ အခု ၅၀ ကျော်ရှိတယ်။ အဲထဲကမှ အကြိုက်ဆုံးနဲ့ သီချင်းတွေအတွက် ကိုယ်စားပြုနိုင်မယ့် ကျောက်သားခြေရာ ဆိုတဲ့ နာမည်ကို ရွေးဖြစ်တာပါ။ ဒီနာမည်က ကျနော့်အတွက်ရော သီချင်းတွေ အတွက်ရော အဓိပ္ပါယ်ရှိတဲ့ စကားလုံးတစ်ခုပါ။

မေး ။ ဒီတခွေမှာလည်း ကိုယ်ပိုင်သံစဉ်တွေပဲလို့ သိထားပါတယ်၊ အရင်ကလိုပဲ သီချင်းတွေ အကုန်တယောက်တည်း ရေးထားတာလား? အခြားဘယ်သူတွေပါသေးလဲ?

ဖြေ ။ ဒီအခွေမှာတော့ ကျနော်အပြင် ကျနော့်သူငယ်ချင်း “သာယံ” နဲ့ တွဲရေးတဲ့ သီချင်း ၂ ပုဒ် ပါမယ်။ ဟိုးအရင်တည်းက ကျနော်နဲ့ တက္ကသိုလ်တည်းက သူငယ်ချင်း။ သူနဲ့ သီချင်းတွေလုပ်တာ ကြာလှပြီ။ အတော်များများ တွဲရေးဖြစ်တဲ့ အထဲကနေမှ အခု ၂ ပုဒ်ကို ထည့်သုံးဖို့ ရွေးဖြစ်ခဲ့တာ။ နှစ်ရှည်လများ လက်တွဲခဲ့တဲ့ ဂီတရူးဖော် ရူးဖက်တွေပေါ့ဗျာ။ ပြီးတော့ ကျနော် ခွေစလုပ်တည်းက ဒီနေ့အထိ ကျနော့်အပေါ် အကူအညီတွေ အများကြီးပေးခဲ့တဲ့ သူပါ။ နောက်ထပ် အခွေတွေမှာလည်း သူနဲ့ အတူတွဲရေးမယ့် သီချင်းတွေ ပါလာဖို့ ရှိပါတယ်။

မေး ။ အခုခွေထဲမှာရော ဘယ်လိုသီချင်း အမျိုးအစားတွေ ပါဝင်ပါသလဲ? စုစုပေါင်း သီချင်း ဘယ်နှပုဒ်လောက် ပါမလဲ?

ဖြေ ။ တခွေလုံးမှာ သီချင်း ၁၁ ပုဒ်ပါမယ်။ ပုံစံတွေကတော့ ကျနော်တို့ မူလတည်ခဲ့တဲ့ ရော့ခ်လမ်းကြောင်း အတိုင်းပါပဲ။ မသွေဖီဘူး။ ဒါကလည်း ဘယ်တော့မှ ပြောင်းလဲသွားဖို့ မရှိပါဘူး။

မေး ။ သီးသန့်ရည်ရွယ်ထားတဲ့ ပရိသတ်မျိုး ရှိသလား? ဒါမှမဟုတ် ဂီတကြိုက်နှစ်သက်သူ အားလုံးအတွက် ရည်ရွယ်ထားတာလား?

ဖြေ ။ အဲလိုကြီး သီးသန့်ရည်ရွယ်ပြီးတော့ ရေးခဲ့ ဆိုခဲ့တာမျိုးတော့ မရှိဘူးဗျ။ ဘယ်သူ ဘယ်ဝါဆိုပြီး ခွဲခြားထားတာမျိုးလည်း မရှိပါဘူး။ ကျနော်တို့ ခံစားချက်နဲ့ တိုက်ဆိုင်မယ့်သူတွေ ကြိုက်ကြမှာပါ။ အများစုအတွက် နားဝင်တယ် အဆင်ပြေတယ်ဆိုရင် ကျေနပ်စရာပါ။

မေး ။ ပထမခွေ “အနက်ရောင်ဒိုင်ယာရီ” နဲ့ အခုဒုတိယခွေ “ကျောက်သားခြေရာ” ကြားမှာ ကွာခြားမှု ဘာတွေ ရှိနိုင်မယ်ဆိုတာ ပရိသတ်ကို ပြောပြပေးလို့ရမလား?

ဖြေ ။ ကွာခြားမှု့ကတော့ သီချင်းတပုဒ်ချင်းစီအပေါ် ချဉ်းကပ်ပုံ ဖန်တီးပုံတွေ ပြောင်းလဲလာပါတယ်။ သီချင်းတွေအပေါ် ပိုပြီး ခံစားတတ်လာတယ်။ ပထမခွေက ပေးတဲ့ သင်ခန်းစာတွေက အများကြီး။ အဲအပေါ် မူတည်ပြီး ဒီအခွေကို အကောင်းဆုံး ဖန်တီးခဲ့တာပါ။ သီချင်းတွေ နားထောင်ကြည့်ရင်လည်း သိကြပါလိမ့်မယ်။ အရင်အခွေနဲ့ မကွာခြား မပြောင်းလဲတာကတော့ ကျနော်တို့ရဲ့ တက်ကြွမှုနဲ့ ဆာလောင်မှုပါပဲ။

မေး ။ အခွေကို စတင်စီစဉ်ကတည်းက တယောက်တည်း လုပ်တာလား? စီစဉ်သူအပ်တာမျိုးရော ရှိလား?

ဖြေ ။ ဒီအခွေမှာ အစိတ်အပိုင်းတချို့ကို ကိုလားရှုပန်းက ကူညီ လုပ်ဆောင်ပေးပါတယ်။ ဒီအခွေဖြစ်တည်မှုမှာ သူ့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကလည်း အရေးပါ အရာရောက်ခဲ့ပါတယ်။

မေး ။ အတီးသမားတွေကရော တဦးချင်းပဲ Session player ရွေးတီးတာလား၊ တီးဝိုင်းအလိုက် အပ်ပြီး တီးခိုင်းတာလား?

ဖြေ ။ တီးဝိုင်းအလိုက်လည်း ပါသလို session players တွေလည်း ပါပါတယ်။ အဓိက ကတော့ သီချင်းတွေအတွက် အကောင်းဆုံး ပုံဖော်နိုင်ဖို့ အတွက်ပဲ ဦးတည် စဉ်းစားခဲ့တာပါ။

မေး ။ “ကျောက်သားခြေရာ” ခွေထဲမှာ ပရိသတ်ကို မဖြစ်မနေ နားထောင်ကြည့်ဖို့ သီချင်း ၂ ပုဒ်လောက် ပေးပါဆိုရင် ဘယ်သီချင်းတွေကို ရွေးပေးမလဲ?

ဖြေ ။ ၂ ပုဒ်တည်းဆိုရင်တော့ ရွေးရတာ ခေါင်းစားပြီ။ အပုဒ်တိုင်း အပုဒ်တိုင်းမှာ ကျနော်ပြောချင်တဲ့ အကြောင်းအရာ တစ်ခုဆီရှိပါတယ်။ ဒါပေမယ့် မရမက ရွေးပေးရမယ် ဆိုရင်တော့ “တိုက်ပွဲ” နဲ့ “နေပါဦး” ဆိုတဲ့ ၂ ပုဒ်ကို ရွေးချင်ပါတယ်။ ကျနော်နဲ့ တည့်တည့်ကြီး ပတ်သက်နေလို့ပါ။

မေး ။ “ကျောက်သားခြေရာ” အတွက် ရော့ပရိသတ်တွေကို ဘာတွေ ပြောချင်ပါသေးလဲ?

ဖြေ ။ ဘာပြောချင်သလဲဆိုတော့ ကျနော်တို့ ဘာတွေလုပ်ထားသလဲ ဆိုတာ တခေါက်လောက်ပဲ ဖြစ်ဖြစ် နားထောင်ကြည့်စေချင်ပါတယ်လို့။ အဲတော့မှ ချိုသလား ခါးသလားဆိုတဲ့ အရသာ တခုခုကို သိနိုင်မှာ။ ဘာပဲဖြစ်ဖြစ် ခံစားမှု တခုခု ပေးစွမ်းနိုင်မယ်လို့တော့ ယုံတယ်။ အဲဒီအတွက်လည်း ကျနော်တို့တွေ မီးကုန် ယမ်းကုန် ကြိုးစားထားပါတယ်လို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*