ပြည်တွင်းသတင်း — ကျိုက်ထို၊ ဒီဇင်ဘာ ၂၃၊ ၂ဝ၁၂
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ

ဒီဇင်ဘာ ၁၄ ရက်၊ ည ၉ နာရီ ဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့သည့် ကရင်အမျိုးသား အစည်းရုံး (ကေအန်ယူ)မှ တပ်သား ၈ ယောက်၏ ကျိုက်ထီးရိုး တောင်တက်ကား အသင်းကို ဆက်ကြေးတောင်းခံမှု ဆန်ဆန် ပြောဆိုခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ)မှ တာဝန်ရှိသူ အချို့က ဒီဇင် ဘာ ၂၃ ရက်၊ မနက် ၈ နာရီခွဲခန့်တွင် ကျိုက်ထီးရိုး တောင်ခြေကင်မွန်း စခန်း၌ ကျိုက်ထီးရိုးစေတီဂေါပက အဖွဲ့နှင့် တောင်တက်မော်တော်ယာဉ် အသင်းမှ တာဝန်ရှိသူအချို့ကို လာရောက်တွေ့ဆုံညှိနှိုင်းကာ တောင်း ပန်ခဲ့သည်ဟု သိရှိရသည်။

“ဒီနေ့မနက် ၈ နာရီခွဲကျော် ကျော်လောက်မှာပါ။ သူတို့ ဆက်ဆံရေးရုံးက အောင်သိန်းသန်းဆိုတဲ့ သူရယ်။ သူတို့ဆီက စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ရယ်၊ ပြီးတော့ တပ်မဟာ ၁ က တပ်ခွဲမှူး အဆင့်ရှိတဲ့ မောင်စိန်နဲ့ သူ့တပည့် တစ်ယောက် စုစုပေါင်း ၄ ယောက် ဒီမှာလာပြီး တွေ့ဆုံညှိနှိုင်းသွားပါ တယ်”ဟု ကျိုက်ထီးရိုး စေတီတော် ဂေါပကအဖွဲ့မှ ဦးစံမြင့်က ပြောပါသည်။

ထို့ပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက် ညတွင် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍လည်း ယင်း ကေအန်ယူ တပ်သား ၈ ယောက် သည် လူကြီးများမရှိသည့်အချိန်တွင်  လူငယ်သဘာဝ အုပ်စုဖွဲ့မိရာမှ ယခုကဲ့သို့ ဖြစ်ပွားခဲ့သည်ဟု ထင်မြင်မိ ကြောင်း၊ ယင်းတို့အနေဖြင့် သောက်စား မူးယစ်ရာမှတစ်ဆင့် ထိုကဲ့သို့ ခြိမ်းခြောက်ငွေ ကောက်ခံမှု ဆန်ဆန် ပြောဆိုမိခြင်းဟုပင် ယူဆပါကြောင်း  ယင်းက ပြောပါသည်။

“ကျွန်တော့် အနေနဲ့တော့ နှစ် ၂ဝ ကျော်ဝန်းကျင်မှာ ဒီလိုမျိုး တစ်ခါမှ မရှိခဲ့ဘူး။ အခု သူတို့လာတယ်၊ မူးပြီး ငွေပေး ဖို့ ပြောသွားတယ် ဆိုပေမယ့် ရိုင်းရိုင်စိုင်းစိုင်း ဆဲဆိုသွားတာမျိုး မရှိဘူး။ ဘယ်သူ့ကိုမှလည်း သေနတ်နဲ့ ထိုးချိန် သွားတာမျိုးလည်း မရှိပါဘူး”ဟု တောင်တက်ကား အသင်း ဥက္ကဋ္ဌ ဦးဝိတင် ကလည်း ပြောသည်။

ယခုကဲ့သို့ အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်များကြောင့် တစ်ဖက်ရှိ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)နှင့် နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် သွားရောက် ထိခိုက်မည်ကို (ကေအန်ယူ) ထိပ်ပိုင်းရှိ ခေါင်း ဆောင်ပိုင်းမှလည်း စိုးရိမ်နေကြပြီး မိမိတို့ အပါအဝင် အားလုံးနီးပါးကလည်း ယင်းကဲ့သို့ မဖြစ်စေ ချင် ကြောင်း ယင်းက ပြောပါသည်။ “အမှန်က ငြိမ်းချမ်းရေးယူပြီး သွားရင် နယ်မြေကို ကန့်သတ်ရ တော့မှာ။ ဥပမာ တပ်မဟာ ၁ ဆို တပ်မဟာ ၁ က ဘယ်ကနေ ဘယ် ကို ပိုင်တယ်ပေါ့။ တပ်မဟာ ၂ နယ်မြေထဲဝင်မယ်ဆိုရင်တော့ တပ် မဟာ ၂ ကို ဆက်သွယ်ပြီး ခွင့် တောင်းရတယ်။ အချင်းချင်းပေမယ့် အဲဒီလို စည်းတွေရှိတယ်။ ဒါပေ မယ့် သူတို့က နယ်မြေကို ကန့်သတ် ဖို့ကို အချိန်မရသေးဘူး။ မရသေး တဲ့ အချိန်မှာ အကုန်လုံးက သွား လာလို့ရနေတဲ့ သဘောပေါ့”ဟု ဦးဝိတင်က ဆိုပါသည်။

ထို့ပြင် ဒီဇင်ဘာ ၁၄ ရက် ညတွင် ခြိမ်းခြောက် ပြောဆိုမှုများ ရှိခဲ့သော်လည်း ယင်းနေ့ညတွင်းချင်း ပင် ကေအန်ယူ ဆက်ဆံရေးရုံးမှ တာဝန်ရှိသူများ ရောက်ရှိ လာပြီး ငွေပေးရန်လည်း မလိုကြောင်း၊ မိမိတို့ အနေဖြင့်လည်း ငွေတောင်းခံ၍ မရ ကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်မဖြစ်ကြရန်နှင့်  ကျိုက်ထီးရိုးစေတီ ပွဲတော်ရက်အတွင်း ခရီးသွားပြည်သူများ၏လုံခြုံရေးနှင့် ပတ်သက်၍လည်း မိမိတို့အနေဖြင့် အပြည့်အဝ တာဝန်ယူပါကြောင်း လာ ရောက်ပြော ဆို ညှိနှိုင်း ကာ တောင်း ပန်ခဲ့သည်ဟုလည်း ယင်းက ပြောပါ သည်။

“သူတို့ကလည်း ဒီလိုမျိုး လူ သိရှင်ကြား လှုပ်ရှားသွားလာတာ အချိန်ကာလ တစ်ခုလေး ရှိသွားတဲ့ အတွက် ကြောင့် တောင်း ပန်တယ်။ နောက်နောင်လည်း ဒီကိစ္စနဲ့ပတ် သက်လို့ ဖြစ်လာစရာ အကြောင်းမရှိဘူး ဆိုတာ သူတို့က ညှိနှိုင်းကြပါတယ်။ ကျွန်တော်တို့ကလည်း လက်ခံတယ်၊ သဘောတူတယ်။ နောက်တစ်ခုပြောရရင် ဒီနေ့ သူတို့ဟာ ရန်သူ အနေအထား မဟုတ်ပါဘူး။ မိတ်ဖက် အနေအထားပါ” ဟုကျိုက်ထီးရိုး ဂေါပကအဖွဲ့မှ ဦးစံမြင့်က ဆိုပါသည်။

ထို့ပြင် ယင်းတို့သည် နောင်တစ်ချိန်၌ တိုင်းပြည်တွင် အားထားရမည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ယခုဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ လက်ရှိ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ် ထိခိုက်သွားမည်ကိုမူ မည်သူမျှ မလိုလားကြကြောင်း ယင်းက ပြောသည်။

ဒီဇင်ဘာ ၁၄ ရက် ညတွင် ကျိုက်ထီးရိုးတောင်ခြေ ၁ဝ မိနစ် စခန်းသို့ ဖြတ်သန်းဝင်ရောက်ခဲ့သည့်  ကေအန်ယူ တပ်ဖွဲ့ဝင် ၈ ယောက် သည် တပ်မဟာ ၁ မှဖြစ်ပြီး အမြင့်ဆုံးအဆင့်သည် တပ်ကြပ်အဆင့်သာ ရှိနိုင်ကြောင်း၊ ယခုကဲ့သို့ ဖြစ်ပွားခဲ့ချိန် တွင် ကရင်အမျိုးသား အစည်းအရုံးမှ ခေါင်းဆောင်များသည် အစည်းအဝေး တစ်ခုတက် ရောက်နေကြခြင်း ဖြစ်ကြောင်း၊ ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ ယင်းတို့၏ ထိပ်ပိုင်းမှ ခေါင်းဆောင်များထံ တင်ပြ အစီရင်ခံထားသည်ဟု သိရှိရသော်လည်း ယင်းတပ်ဖွဲ့ဝင် ၈ ယောက်ကို မည်ကဲ့သို့ အရေးယူသွား မည်ဆိုသည်ကိုမူ မသိရှိရသေးကြောင်း သိရှိရပါသည်။

ဝ၆ဝ

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*