ဆောင်းပါး — ဖေဖော်ဝါရီ ၇၊ ၂ဝ၁၃

ဗိုင်းရပ်စ်နှိမ်နင်းရေး လောက,က နည်းနည်း စိတ်ညစ်ပတ်ရှိသည် ထင်၏။ သူတို့၏ ဗိုင်းရပ်စ်နှိမ်နင်းရေး ပစ္စည်းများကို ဗိုင်းရပ်စ်များ အကုန် ကုန်စင်သည် အထိ နှိမ်နင်းနိုင်အောင် လုပ်မထားကြပေ။ ဒါမှမဟုတ် “ယုန်တောင်ပြေး ခွေးမြောက် လိုက်” ဖြစ်နေသလား မပြောတတ်။ အဆင်မပြေ တာကတော့ အဆင်မပြေတာ ပင်။

ဗိုင်းရပ်စ် နှိမ်နင်းဖို့ တစ်ဦးချင်း သုံးစွဲသူတွေ၊ စီးပွားရေး လုပ်ငန်းတွေက တစ်နှစ်လျှင် ဒေါ်လာဘီလျံပေါင်း များစွာ သုံးစွဲကြ သည်။ သို့သော် ထို (ဗိုင်းရပ်စ်နှိမ်နင်းရေး) ပရိုဂရမ်တွေ က ကွန်ပျူတာ ဗိုင်းရပ်စ် အသစ်ကျပ်ချွတ် များကို ဟန့်တား ပေးနိုင် တာ ရှားသည်ဟု ပညာရှင် များက ဆိုကြသည်။ အကြောင်းက ဗိုင်းရပ်စ် ဖန်တီးသူများက ကွက်ကျော်မြင်ကြ တာကြောင့်ပင်။ ထို့ ကြောင့် ကုမ္ပဏီတွေက ကွန်ပျူတာ  လုံခြုံရေးနှင့် ပတ်သက်ပြီး နည်းလမ်းသစ်များ ရှာဖွေကြဖို့ လိုအပ်နေသည်။

“အဲဒီလိုလူဆိုးတွေက ရှေ့ကို တစ်လှမ်းကျော် တက်နိုင်အောင် အမြဲတမ်း ကြိုးစားနေကြတယ်”ဟု Norwest Venture Partners ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံသူ တစ်ဦးက ပြောသည်။ ထိုသူက ယခင်က Cisco System ကုမ္ပဏီ တွင် လုံခြုံရေး မဟာဗျူဟာတစ်ရပ် တည်ထောင် ပေးခဲ့သူလည်းဖြစ်သည်။ “ပြီးတော့ ရှေ့ကို တစ်လှမ်း ကျော်တက် နိုင်ဖို့က သူတို့အတွက် ဘာမှခက်တာ မဟုတ်ဘူးလေ” ဟု သူကပြောသည်။

ကွန်ပျူတာ ဗိုင်းရပ်စ်ဆိုတာက ဒီဂျစ်တယ်လောကမှ သူများဒုက္ခ ရောက်မှ ပျော်တတ်သူများ၏ လက်နက်ပင်။ သို့သော် ၂ဝဝဝ ပြည့် လွန်နှစ်များ အလယ်ပိုင်းသို့ရောက် သည့်အခါ၊ ထိုမကောင်းမှုမှာ ပျော်မွေ့သူတွေက အဖျက်ဆော့ဖ်ဝဲများ က  စီးပွားဖြစ်နိုင်သည့် လမ်းကြောင်းဖြစ်နေတာကို သိရှိသွား သည်။ ထို့ကြောင့်  ဗိုင်းရပ်စ် အရေ အတွက် ကလည်း ပွားသထက် ပွားများသထက် များလာသည်။

၂ဝဝဝ ခုနှစ်တွင် အဖျက် ဆော့ဖ်ဝဲအမျိုးအစား အရေအတွက်က သန်းဂဏန်းအောက်တွင်သာ ရှိသည်။ အများစုက အပျော်တမ်းသမားများ က လုပ်ကြတာဖြစ်သည်။ ၂ဝ၁ဝ ခုနှစ်တွင်မူ အမျိုးအစားသစ် ၄၉ သန်းရှိသည်ဟု AV-Test ကဆို သည်။ AV-Test သည် ဗိုင်းရပ်စ်နှိမ်နင်းရေး ပစ္စည်းများကို စမ်းသပ်သော ဂျာမန် ကုမ္ပဏီတစ်ခု ဖြစ်သည်။

ဗိုင်းရပ်စ်နှိမ်နင်းရေး ပစ္စည်း ထုတ်လုပ်သော လုပ်ငန်းနယ်ပယ်ကြီးသည်လည်း နေ့ချင်းညချင်း ဖွံ့ထွား လာသည်။ သို့သော် သူတို့က တကယ်နှိမ်နင်းနိုင်သလားဆိုတော့ အဲဒီလိုလည်း မဟုတ်ပြန်။ သူတို့၏ ပစ္စည်း များက ဗိုင်းရပ်စ်အသစ် များကို တကယ် ပိတ်ဆို့ထားနိုင်သည့် အချိန်ရောက်ပြီဆိုလျှင် အဲဒါ က နောက်ကျနေ ပါပြီ။ အဲဒီအချိန်မှာ ကိုဖျက်တို့က လုပ်ချင်တာ အကုန်လုပ်ပြီးနေပြီလေ။ ကုမ္ပဏီ၏ လုပ်ငန်း လျှို့ဝှက်ချက်များ ခိုးထုတ်သည်။ ဒေတာများ ဖျက်သည်။ ဘဏ်စာရင်း ကို  ပြောင်တလင်း ခါအောင် ထုတ်ယူသွားသည်။

Imperava ကုမ္ပဏီ၏ လေ့လာချက် အသစ်က ဒါကို အတည်ပြုနိုင်ခဲ့သည့် အကြီးမားဆုံး ဆောင်ရွက်ချက် ဖြစ်သည်။ Imperava သည် ကာလီဖိုးနီးယားပြည်နယ်၊ ရက်ဒ်ဝုဒ်စီတီးရှိ ဒေတာ လုံခြုံရေး ကုမ္ပဏီ တစ်ခု ဖြစ်သည်။ သူတို့က ကွန်ပျူတာ ဗိုင်းရပ်စ်သစ် ၈၂ ခုကို လေ့လာခဲ့ရုံမက Microsoft, Symantec ,McAfee နှင့် Kaspersky ကုမ္ပဏီများက ထုတ်လုပ်သည့် ဗိုင်းရပ်စ် နှိမ်ဆောင့်ဖ်ဝဲ ၄ဝ ကျော်နှင့် စမ်းသပ် တိုက်ဖျက် ကြည့် ခဲ့သည်။ ဗိုင်းရပ်စ်များကို ကနဦး ထောက်လှမ်းနိုင်မှု နှုန်း သည် ၅ ရာခိုင်နှုန်း အောက်၌သာ ရှိကြောင့် သူတို့က တွေ့ရှိခဲ့သည်။

ပျမ်းမျှအားဖြင့် ဗိုင်းရပ်စ်နှိမ် ဆော့ဖ်ဝဲများက သူတို့ထောက်လှမ်း နိုင်မှုစနစ်အား အပ်ဒိတ်လုပ်မြှင့်တင် ပေးဖို့နှင့် ဗိုင်းရပ်စ်သစ်များကို ထောက်လှမ်းနိုင်ဖို့ တစ်လလောက် ကြာနေတတ်သည်။ သူတို့အထဲမှ ဗိုင်းရပ်စ်နှိမ် ဆော့ဖ် ဝဲ နှစ်မျိုးကတော့ ထူးထူးခြားခြား ဆောင်ရွက်နိုင်စွမ်း ရှိကြ၏။ Avast နှင့် Emsisoft တို့ပင်။ သူတို့ကို အခမဲ့ သုံးစွဲနိုင်ပြီး နောက်ပိုင်း လုပ်ဆောင်ချက် ဖိချာများအတွက် ကျမှသာ ပိုက်ဆံပေးရသည်။ လူတွေက ယမန်နှစ် (၂ဝ၁၁ ခုနှစ်)က ဗိုင်းရပ်စ်နှိမ် ဆော့ဖ်ဝဲများ အတွက် ဒေါ်လာ ၇ ဒသမ ၄ ဘီလျံ သုံးစွဲခဲ့သည်ဟု သုတေသန ကုမ္ပဏီက ဆိုသည်။ ၂ဝ၁၁ ခုနှစ်တွင် လုံခြုံရေး ဆော့ဖ်ဝဲများ အတွက် စုစုပေါင်း ဒေါ်လာ ၁၇ ဒသမ ၇ ဘီလျံ သုံးစွဲခဲ့သည် ဆိုသဖြင့် ဗိုင်းရပ်စ်ဆော့ဖ်ဝဲအတွက် သုံးစွဲမှု တန်ဖိုးက ထက်ဝက်နီးပါး ဖြစ်နေသည်။

“ကျွန်တော်တို့ လက်ရှိ သုံးစွဲနေတဲ့ နည်းပညာတွေက ထိရောက်မှု မရှိဘူး” ဟု Kleiner Perkins Caufield & Byers ကုမ္ပဏီမှ လုံခြုံရေး ကိစ္စ အထူးပြု ရင်းနှီးမြှုပ်နှံသူ တစ်ဦးက ပြောသည်။ “ဒီလေ့လာချက် ကလည်း ဒါကိုပြလိုက်တာပါပဲ။ ဒါပေမယ့် မကောင်းတာတွေ ဖော်ထုတ်မယ် ဆိုတဲ့ အယူအဆကြီးကိုက မှားနေ သလားပဲ” ဟု သူက ပြောသည်။

ပြဿနာက ဗိုင်းရပ်စ်နှိမ် ဆောဖ်ဝဲများက အဖျက်လုပ်ငန်းတွေ တွေ့ကာမှ တုံ့ပြန်ဆောင်ရွက်ခြင်း ဖြစ် သည်။ ဆေးပညာတွင် ကာကွယ်ဆေး မဖော်ထုတ်မီ သုတေသန ပညာရှင်များက ဗိုင်းရပ်စ်ရောဂါ ပိုးမွှားကို အရင် လေ့လာကြသည့် နည်းတူ ဗိုင်းရပ်စ်နှိမ်ပစ္စည်း ထုတ်လုပ်ကြသူ ကုမ္ပဏီတွေက ထို ဗိုင်းရပ်စ် အတွက် ဗိုင်းရပ်စ်နှိမ် ပရိုဂရမ် ကို မရေးမီ ကွန်ပျူတာ ဗိုင်းရပ်စ် တစ်ခုကို ထိန်းချုပ်ပြီး၊ စကားဝှက် တွင် အသုံးပြု ထားသည့် လက္ခဏာ များကို ဂဃနဏ လေ့လာကြဖို့လို သည်။

ဒါက နာရီအနည်းငယ်နှင့် ပြီးသွားနိုင်သလို၊ နှစ်ပေါင်းများစွာလည်း ကြာသွားနိုင်သည်။ (၂ဝ၁၂ ခုနှစ်) မေလက Kaspersky ကုမ္ပဏီမှ သုတေသန ပညာရှင်များက Flame ခေါ် အဖျက် ဆော့ဖ်ဝဲတစ်ခုကို တွေ့ရှိခဲ့ကြသည်။ Flame က ၅ နှစ်လောက်ကြာအောင် ကွန်ပျူတာများထဲမှ ဒေတာများကို ဆက်တိုက် ခိုးယူနိုင်သည့် အာဂ ထိပ်သီး အဖျက်ဆော့ဖ်ဝဲ တစ်ခုပင်။

F-Secure ကုမ္ပဏီမှ သုတေသန ပညာရှင်တစ်ဦးက Flame ကို လက်သီး လက်မောင်းတန်း နေကြသည့် ဗိုင်းရပ်စ်နှိမ် ကုမ္ပဏီများ၏ “မဟာအရှက်တော်ကွဲမှုကြီး” ဟု ကင်ပွန်းတပ်သည်။ “ကျွန်တော်တို့က ဒီထက် ပိုကောင်းကောင်း လုပ်ထားကြရမှာ” ဟု သူက Wired.com မဂ္ဂဇင်း ဝက်ဘ်ဆိုက်တွင် ရေးထားသည်။ Flame ကို တွေ့ရှိပြီး နောက် အက်ဆေးတစ်ပုဒ်တွင် သူက ရေးသားထားခြင်း ဖြစ်သည်။  “ဒါပေမယ့် ကျွန်တော်တို့က မလုပ်ခဲ့မိကြဘူး။ ကိုယ့်ပြိုင်ပွဲ ဖြစ် ပါလျက် ကျွန်တော်တို့က ဘေးရောက်နေတယ်”ဟု သူက ပြောသည်။

Symantec နှင့် McAfee တို့ကလည်း ဗိုင်းရပ်စ်နှိမ် ပစ္စည်းများ ထုတ်လုပ် ရောင်းချကာ၊ လူတစ်လုံး သူတစ်လုံး ဖြစ်လာကြသည့် ကုမ္ပဏီများ ဖြစ်သည်။ သူတို့ကလည်း သူတို့မလုပ်နိုင်တာတွေကို ဝန်ခံထားကြပြီး နည်းလမ်းသစ် များကို ရှာကြံလျက် ရှိကြသည်။ “ဗိုင်းရပ်စ် နှိမ်နင်းရေး” antivirus ဟူသော စကားလုံးကိုပင် မသုံးကြတော့ဘဲ၊ Symantec က Norton Internet Security ဟု ပြောင်းခေါ်သည်။ ကြော်ငြာရာတွင်လည်း Symantec Enpoint Protection  ဟူသော ကြော်ငြာစကားလုံးနှင့် ကြော်ငြာသည်။

“ဗိုင်းရပ်စ်နှိမ်နင်းရေးကို တကယ် နှိမ်နင်းနိုင်တယ်လို့ ပြောတဲ့သူ မရှိပါဘူး” ဟု Symantec ဒါရိုက်တာ တစ်ဦးက ပြော သည်။

သူ၏ အဆိုအရ Symantec ဗိုင်းရပ်စ်နှိမ်နင်းရေး ပစ္စည်းများတွင်  နည်းပညာသစ်များ ထည့်သွင်းထား သည်။ နည်းပညာသစ်များ ဆိုရာတွင် ဆောင်ရွက်ပုံကို အခြေခံပြု လုပ်သည့် ပိတ်ဆို့မှုများကဲ့သို့ နည်း ပညာသစ် များကို ဆိုခြင်းပါ။ ဗိုင်း ရပ်စ်က လှုပ်ရှားသက်ဝင်ခြင်းမရှိမီ၊ “မည်သည့်အချိန်တွင် ရောက်ရှိသည်၊ အခြား မည်သည့် နေရာတွင် ထပ်မံ ကူးစက်သည်” တို့ အပါအဝင် ဖြစ်စဉ် လက္ခဏာရပ်ပေါင်း ၃ဝ ခန့်တို့ အား ထိုနည်းပညာသစ်က စောင့် ကြည့်ပေးသည်။ “တိုက်ခိုက်ခံရမှု သုံးပုံနှစ်ပုံကျော်မှာ ဒီနည်းပညာ သစ်တွေက အဖျက် ဆော့ဖ်ဝဲကို ထုတ်ဖော်ပေးနိုင်ခဲ့ပါတယ်” ဟု ထို ဒါရိုက်တာက ပြောသည်။

ဗိုင်းရပ်စ်နှိမ်နင်းရေး လေ့လာချက်ကို ကမကထ လုပ်ခဲ့သည့် Imperava ကုမ္ပဏီကလည်း ဒီပြိုင်ပွဲတွင် ပါဝင် နေသည်။ သူ၏ အင်တာနက် အက်ပလီကေး ရှင်းနှင့် ဒေတာ လုံခြုံရေး ဆော့ဖ်ဝဲများက လုံခြုံရေးကို စနစ်သစ် နှင့် ဆောင်ရွက်နေသည့် လုံခြုံရေး ပစ္စည်းလှိုင်းထဲမှာ ပါဝင်နေသည်။ သာမန် ဗိုင်းရပ်စ်နှိမ်နင်းရေး ပရိုဂရမ်များ၊ အပြင်စည်း firewalls များက လုပ်သလို မကောင်းသည့်ကိစ္စများကို ဟန့်တားခြင်းအစား Imperava က ဆာ ဗာများ၊ ဒေတာဘေ့စ် များနှင့် ဖိုင်များသို့ ဝင်လာသည့် ဒေတာများတွင် သံသယဖြစ်ဖွယ် ဆောင်ရွက်မှုများ ပါလာခြင်း ရှိမရှိ စိစစ်သည်။

မည်သို့ဖြစ်စေ၊ ကုမ္ပဏီများက ဗိုင်းရပ်စ် နှိမ်နင်းရေး ဆော့ဖ်ဝဲများကို လမ်းစဖြတ်နိုင်မည့် နေ့ရက်ကတော့ ဝေးပါသေးသည်။ သို့သော် လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူ များက တစ်သံတည်း ထွက်နေတာကတော့ “ဗိုင်းရပ်စ်နှိမ်ဆော့ဖ်ဝဲ အဟောင်းတွေက ရှေးဟောင်းပစ္စည်း ဘဝရောက်ကုန်ကြတော့မည်” ဆိုတာပါပဲ။

“သမားရိုးကျ အမှတ်အသား အခြေခံ အဖျက်ဆော့ဖ်ဝဲရှာဖွေနည်း က ခေတ်မမီတော့ဘူး”ဟု သုတေသန  ကုမ္ပဏီ တစ်ခုဖြစ် သည့် International Data Copporation မှ အင်တာနက် လုံခြုံရေး သုံးသပ်သူ တစ်ဦးက ပြောသည်။

အဖျက်လုပ်ရပ်အားလုံးကို ပိတ်ဆို့ဖို့ မဖြစ်နိုင်လျှင်လည်း ပုံမှန် မဟုတ်သည့် လှုပ်ရှားမှုကို တွေ့ ဆောင် ရှာဖွေ နိုင် သည့် ဆော့ဖ်ဝဲ များ၊ ကွန်ပျူတာစနစ်တစ်ခု ဖောက် ထွင်းခံရပြီ ဆိုသည်နှင့် စနစ်တစ်ခု လုံးကို ဖယ်ရှား ရှင်းလင်း ပစ်နိုင်သည့် ဆော့ဖ်ဝဲများကိုသာ ထုတ်လုပ်ကြဖို့ ရှိသည်။ ဒါတွေ လုပ်နိုင်သည့် ကုမ္ပဏီ များသာ ဗိုင်းရပ်စ် နှိမ်နင်းရေး ဆော့ဖ်ဝဲများ၏ အနာဂတ်မှာ လက်မထောင်နိုင်ကြမည် ဖြစ်သည်။

လက်ရှိမှာ ထိပ်တန်းရောက်နေသည့် ကုမ္ပဏီများကို ကြည့်လျှင်လည်း Bit 9, Bromium, Fire Eye နှင့် Seculert တို့ကဲ့သို့ အင်တာနက်  အဝင်အထွက် ကို စောင့်ကြည့်နိုင်သည့် ကုမ္ပဏီများ၊ Mandiant နှင့် CrowdSrike တို့ကဲ့သို့ တိုက်ခိုက်ခံရပြီးနောက် ရှင်းလင်းပေးနိုင်သည့် ကုမ္ပဏီများပင်။

“ကိုဖျက်တို့က ဆိုးသထက် ဆိုးလာကြတယ်။ ဗိုင်းရပ်စ်နှိမ်နင်း ရေးပစ္စည်းတွေက ပြဿနာကို သက်သာ စေတယ် မှန်ပါတယ်။ ဒါပေမယ့် အဘက်ဘက် က ပြည့်စုံတဲ့ ဖြေရှင်းနည်းကို ပေးနိုင်တဲ့ ကုမ္ပဏီကသာ ဒီလောကကို စိုးမိုးနိုင်မှာပါ” ဟု International Data Corporation မှ အင်တာနက် လုံခြုံရေး သုံးသပ်သူက ပြောသည်။

စောလျ

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*