စာအုပ်သုံးသပ်ချက် — ဇန်နဝါရီ ၂၃၊ ၂ဝ၁၃

အနုပညာရှင် ဖခင်တစ်ဦး ဒေဝရေးသားသည့် ကျွန်တော့် အဖေ(သို့) မိုးကောင်းကင်ကို ဖွင့်ခဲ့သူ စာအုပ်ကို လဝန်းသစ်စာပေမှ ပထမအကြိမ် ထုတ်ဝေလိုက်သည်။ အထ္ထုပ္ပတ္တိဟန် စာစုတစ်ခုဖြစ်ပြီး တစ်ခေတ်တစ်ခါ က အောင်မြင် ကျော်ကြားခဲ့သော တေးသံရှင် စိုး လွင်လွင်၏ ဘဝဖြတ်သန်းမှု ပုံရိပ် များလည်းဖြစ်သည်။

ဖခင်ဖြစ်သူ တေးသံရှင် စိုးလွင်လွင်၏ ဘဝမှတ်တမ်း တစ်စိတ်တစ်ပိုင်းကို သားဖြစ်သူ ဒေဝမှ မှတ်တမ်းပြုထားသည့် စာအုပ်လည်းဖြစ်သည်။ သားတစ်ဦး၏ ဖခင်အပေါ် အမှတ်ရချက်များလည်း ပါဝင်သည်။ စာအုပ်တွင် အဓိကအပိုင်းဖြစ်သော ကျွန်တော့်အဖေ(သို့)မိုးကောင်းကင် ကို ဖွင့်ပေးခဲ့သူအမည်ရှိ စာစုသာ မက စိုးလွင်လွင်ကိုယ်တိုင်ရေးသားခဲ့ သော အကြောင်း၏အကျိုးနှင့် ကာလတန်ဖိုးအမည်ရှိ ရသအရေး အသားနှစ်ပုဒ်ကိုလည်း ပူးတွဲဖော် ပြထားသည်။ စာအုပ်နှင့် ပတ်သက် သည့် အမှာစာများကိုလည်း ဆရာ ဝင်းငြိမ်းနှင့် ဆရာကျော်ရင်မြင့်တို့က မိတ်ဆက်ရေးသားပေး ထားသည်။

စာရေးသူဒေဝသည် မူလက ဤစာစုကို အွန်လိုင်းပေါ်တွင် ဖခင် ဖြစ်သူအား အမှတ်တရအဖြစ် စတင် ရေးသား ထားခဲ့ပြီး နောက်မှ စာအုပ်အဖြစ် ထွက်ရှိ လာခြင်းဖြစ် သည်။ ရူပဗေဒ စာပေး စာယူကျောင်းသား၊ လေးဘီး တက္ကစီမောင်းသူ ပိုပို(ခ) စိုးလွင်လွင်အဖြစ်မှစကာ ၁၉၈၄- ၈၅ ပထမဆုံးစီးရီး မင်းထက်သာတဲ့လူ၊ အအောင်မြင်ဆုံးတေးစီးရီး ချစ်လူမိုက်၊ မိသားစုနှင့်အတူ ပျော်ရွှင်ဖွယ်ဘဝ၊ အနုပညာသမား တစ်ဦးပီပီ အနှောင်အတည်း မဲ့စွာနေလိုသူ၊ ၈၈ အရေးအခင်း ကာလဖြတ်သန်းမှု အချို့၊ ခွဲခွာခဲ့ရသော မိသားစု၊ သားသမီးများ အလိုကို မငြင်းဆန်တတ်သော ဖခင်တစ်ဦး၊ သားအဖနှစ်ဦး တည်း ပေါ့ပါး လွတ်လပ် စွာနေခဲ့ကြ ရသောကာလများ၊ မြို့မငြိမ်းကို အားကျသူ၊ ရန်ကင်းသားတို့က ချစ်ကြသော ရန်ကင်းသားတစ်ဦး၊ ဆင်းသက် ခဲ့ရသော နွံကာလ အချို့၊ အနုပညာရှင် ပီသစွာနေထိုင် သွားခဲ့သူတစ်ဦး စသည့်အနုပညာရှင်တစ် ဦး၏ ရှင်သန်ဖြတ်သန်းမှုအချို့ကို ရေးသားထားသည်။

နာမည်ကျော် အနုပညာရှင်တစ်ဦး၏ ပုံရိပ်ကို သွေးသားတစ်ဦးက ပြန်လည်ဖမ်းဆုပ်ခြယ်မှုန်းထားပြီး စာရေးသူ၏ အရေးအသားမှာလည်း ရိုးသားပွင့်လင်း လွတ်လပ်နေခဲ့သည်။ ဖြတ်သန်းမှု ကာလ အပိုင်းအခြားများတွင် ကြုံတွေ့ခဲ့ရသော အဖြစ် အပျက်များကိုလည်း စာရေးသူက အရင်းအတိုင်း ဖွင့်ဆိုထားသည်။ အနုပညာရှင် တစ်ဦး၏ ဖြတ်သန်းမှု တွင် ခေတ်အခြေအနေအရ ကြုံတွေ့ ခဲ့ကြရသော ဆင်ဆာတည်းဖြတ်ခြင်း ဆိုသည့် အရိပ်မည်းအောက်တွင် အမိခံခဲ့ရပုံ များကိုလည်း ပွင့်လင်းစွာ ပင်ရေးပြထားသည်။

တေးသံရှင် စိုးလွင်လွင်၏ ရိုးသားပွင့်လင်းသောစရိုက်ကို မြင်တွေ့ရသည်သာမက သားသမီးတို့အပေါ် တွယ်တာချစ်ခင် သည့် ဖခင် စိတ်ကိုလည်း တွေ့မြင် ရသည်။ ငွေ ကြေး၊ အောင်မြင်မှုတို့ကို ဂရုမစိုက်ဘဲ သာမန်လူတစ်ဦးသဖွယ် ရိုးသား စွာနေတတ်ပုံ၊ မတတ်သာလွန်း မှသာ ဘောင်းဘီဝတ်တတ်ပြီး မြန်မာ့ရိုးရာ ဆင်ယင်မှုကိုပင် နှစ်သက်သည့် အနုပညာရှင်တစ်ဦး၏ ချစ်စဖွယ် ပုံရိပ်ကိုလည်း တွေ့ရသည်။ စာစုတွင်း၌ ချစ်လူမိုက်တေးစီးရီး မထွက်မီ စာနယ်ဇင်း၌ ဖော်ပြ ပါရှိခဲ့သော အင်တာဗျူးကိုလည်း ထည့်သွင်း ဖော်ပြထားပြီး ဤနေရာမှပင် စိုးလွင်လွင်၏ သူ့သီချင်းတစ်ပုဒ်ချင်းစီ အပေါ် သုံးသပ် မိတ်ဆက်ပြပုံ ကိုလည်း စိတ်ဝင်စား ဖွယ်တွေ့ရသည်။

ကိုယ်ပိုင်သံစဉ်ရသမြောက် သီချင်းများကို ကိုယ်တိုင်ရေးသား သီဆိုနိုင်ရုံမျှမက ရသမြောက်အ ရေးအသားတို့ကိုလည်း ဖန်တီးနိုင် စွမ်းရှိကြောင်း စိုးလွင်လွင်ကိုယ် တိုင်ရေးသည့် အကြောင်း၏အကျိုး နှင့် ကာလတန်ဖိုးအမည်ရှိ ဝတ္ထုတို နှစ်ပုဒ်မှတစ်ဆင့်သိရသည်။ ပြင်းပြ သည့် စိတ်ခံစားမှုကို နက်ရှိုင်းသည့် အရေးအသားတို့ဖြင့် တန်ဆာဆင်နိုင်စွမ်းသည့် စိုးလွင်လွင်၏ တမူထူးခြားသောရေးဟန် ကိုလည်း ခံစားရသည်။ ဤစာများရေးသားခဲ့သော ၁၉၈၇ ကာလများက အတန်ငယ် စောနေသော ရေးဟန် များဖြစ်သည် ဟုလည်း ဆိုချင်သည်။

ကျော်ကြားသူတို့အကြောင်း ရေး သားမှတ်တမ်းတင်ကြသည့်စာအုပ် များစွာရှိကြသော်လည်း အနုပညာ နယ်ပယ်မှ အနုပညာရှင်ကျော်ကြား သူတို့အကြောင်းများသည် အခြား ပုဂ္ဂိုလ်များထက် ပို၍စွဲမက်နှစ်သက် ဖွယ်ခံစားရစေသည်ဟု ယူဆသည်။ တကယ့်အနုပညာရှင်တို့၏ ပွင့်လင်း ရိုးသားသလောက် ထူးချွန်ထက် မြက်သော အရည်အသွေးနှင့် ပါရမီ မြောက်မှုများ၊ လူသားဆန်မှုများ သည် စာဖတ်သူကို ညှို့ယူထားနိုင် ပေသည်။ အထူးသဖြင့် အနုပညာ သမား အချင်းချင်း အပေါ် ခေါင်းပုံ ဖြတ်လိုစိတ် မရှိသော အနုပညာရှင် တစ်ဦး၏ စိတ်ဓာတ်ကို နာရီပေါ်မှ မျက်ရည်စက်များ တေးစီးရီးအား မူပိုင်ဝယ်ယူရန် ငြင်းဆန်လိုက်ခြင်း က သက်သေပြနေခဲ့သည်။ တစ် ခေတ်က လူကြီး၊ လူငယ်ပရိသတ် များအား ဆွဲဆောင်နိုင်ခဲ့သော အနုပညာရှင် တစ်ဦး၏ ပုံရိပ်အချို့ကို ထိတွေ့ခွင့် ရသည့် အတွက်လည်း နှစ်သက်ဖွယ် စာအုပ်တစ်အုပ်ဖြစ်ရသည်။ ရေးဖွဲ့သူ၏ စစ်မှန်သော၊ ရိုးသား သော ခံစားချက်နှင့် အရေးအသား တို့မှာလည်း နှစ်သက် ဖွယ်ဖြစ်သည်။

အနည်းငယ် ဆိုဖွယ်ရှိသည်မှာမူ စာအုပ်အတွင်း၌ အကျအပေါက်၊ အပြင်အဆင် အားနည်းခြင်းပင် ဖြစ်သည်။ စာအုပ်ရေခံနှင့် အတွင်းခေါင်းစဉ်များ၊ မာတိကာတွင်ပါ ကျွန်တော့်အဖေ (သို့) မိုးကောင်းကင်ကို ဖွင့်ပေးခဲ့သူ ဟု ဖော်ပြထားသော် လည်း မျက်နှာဖုံးတွင် ကျွန်တော့် အဖေ(သို့) မိုးကောင်းကင်ကို ဖွင့်ခဲ့သူဟု ရိုက်နှိပ်ထားပြီး စာလုံးပေါင်းလည်း မှားနေသေးသည်။ မည်သို့ဆိုစေ ဤအကျအပေါက်များမှလွဲ၍ ထွက်ပေါ်လာ သင့်သော၊ နှစ်သက် ဖွယ်သော စာအုပ်ကောင်း တစ်အုပ် ဖြစ်သည် မှာကား သေချာသည်။ တေးဂီတ နှစ်သက်မြတ်နိုးသူများ၊ စိုးလွင်လွင်၏ သီချင်းများနှင့် ရှင်သန်ဖြတ်သန်းခဲ့ကြသူများ၊ သူ၏ အမာခံပရိသတ်များ၊ စာပေမြတ်နိုး သူတို့ ဖတ်ရှု သိမ်းဆည်းသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။ သားသမီးတို့၏ဘဝ မိုးကောင်းကင်ကို ဖွင့်လှစ် ပေးခဲ့သော အနုပညာ ရှင်ဖခင်တစ်ဦး၏ ပုံရိပ်ကို ဤစာအုပ်တွင် တွေ့နိုင်မည်ဖြစ်သည်။

“ငါက အနုပညာသမားတဲ့၊ စီးပွားရေး မလုပ်နိုင်ဘူးတဲ့၊ ပြီးတော့ ဒီအခွေကို သူ့မူပိုင် ဝယ်လိုက်ရင် အဆိုတော် ကို ခေါင်းပုံဖြတ်သလို ဖြစ်သွားမယ်တဲ့။ အနုပညာသမား အချင်းချင်း ခေါင်းပုံဖြတ်တဲ့အလုပ် ကို သူတစ်သက် လုံး မလုပ်ဘူးတဲ့။ မဝယ်နိုင်ဘူး တဲ့ဗျာ။”(စာမျက်နှာ- ၁၆)

ဝဏ္ဏလင်း

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*