bookreview_43ခင်ဝမ်း(၁၉၄၇-၂ဝဝဝ)၊ ကလောင်စုံ၊ စိတ်ကူးချိုချို အနုပညာ

၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ပထမအကြိမ်၊ စာမျက်နှာ ၄၂၉၊ တန်ဖိုး ၅ဝဝဝ ကျပ်

အနုပညာရှင် ခင်ဝမ်း ကွယ်လွန်ခြင်း ၁၃ နှစ်မြောက်အဖြစ် အမှတ်တရ ထုတ်ဝေသော ခင်ဝမ်း (၁၉၄၇-၂ဝဝဝ) ကို စိတ်ကူးချိုချို အနုပညာမှ ပထမအကြိမ် ထုတ်ဝေ လိုက်သည်။ မြန်မာ အနုပညာရှင် ခင်ဝမ်းအတွက် အမှတ်တရ ရည်စူး ရေးသားခဲ့ကြသော လွမ်းစာများနှင့် ခင်ဝမ်း၏ အနုပညာ ဖန်တီးမှု မှတ်တမ်းများ ပြည့်စုံစွာ ပါဝင်ဖော်ပြထားသည်။

ခင်ဝမ်း၏ ဇနီး ဒေါ်ခင်လေးမြင့် ၏ ကျေးဇူးအမှာစကား အပါအဝင် ခင်ဝမ်း၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ၊ ဓာတ်ပုံ မှတ်တမ်းများ၊ ခင်ဝမ်းသို့ အမှတ်တရ ကဗျာများ၊ ခင်ဝမ်း၏ ပန်းချီ လက်ရာများ၊ အခြားပန်းချီ ဆရာများ ရေးဆွဲခဲ့သည့် ခင်ဝမ်းပုံတူများ၊ ခင်ဝမ်းသို့ အမှတ်ရ ရည်ရွယ်သော လွမ်းစာများ၊ ခင်ဝမ်း၏ မဂ္ဂဇင်း သရုပ်ဖော် လက်ရာများ၊ ခင်ဝမ်း၏ စာပေဖန်တီးမှု လက်ရာများနှင့် ခင်ဝမ်း ကိုယ်တိုင် ရေးသား သီဆိုခဲ့သော သီချင်းများ၊ တေးစီးရီး မှတ်တမ်းများ စသည်ဖြင့် ပြည့်စုံကျနစွာ တင်ဆက် ထားသည်။ ဦးစွာ စီစဉ်သူများဖြစ် သော မြတ်မင်း (IV gallary) နှင့် ပန်းချီ မြတ်ကျော့ တို့ကို ကျေးဇူးစကား ဆိုရပါသည်။

စာပေ၊ ပန်းချီ၊ ဂီတ အနုပညာ နယ်ပယ်စုံတွင် စွယ်စုံပြောင်မြောက် သော အနုပညာရှင် တစ်ဦးအတွက် အမှတ်တရ ပီသစွာပင် အစီအစဉ် ကျနလှသည်။ ကျင်လည်ရာ အနု ပညာနယ်ပယ်စုံသလောက် ခင်ဝမ်းအား ချစ်ခင်လေးစားကြသော အနုပညာရှင်များစွာ ရှိသည့်အလျှောက် လွမ်းစာ မှတ်တမ်းတင်ကြသူ အနုပညာရှင်များ လည်း စုံလင် သည်။ အောင်ချိမ့် ၊ မောင်ချောနွယ်၊ အောင် ဝေး၊ မောင်လင်းရိပ်၊ ငြိမ်းထ စသော ကဗျာဆရာများ ၏ လွမ်းကဗျာ များဖြင့်လည်း ခင်ဝမ်းအား တမ်းတထားသည်။ လွမ်းစာများ တွင်လည်း ခင်ဝမ်းနှင့် ကျောင်းနေဖက် မိတ်ဆွေ သူငယ်ချင်းများ၊ အနုပညာရှင်များ၊ ကြုံဆုံခဲ့ရသော မျိုးဆက်သစ် အနုပညာရှင် များ၏ လွမ်းစာများမှ တစ်ဆင့် ခင်ဝမ်း ပုံရိပ်ကို တမ်းတမိရသည်။

စိတ္တဇပန်းချီ စာအုပ်ဖြင့် မြန်မာ့ ခေတ်သစ်ပန်းချီလောကကို ပထမဆုံး  လှုပ်နှိုးလိုက်သူ ကဗျာနှင့် ဂီတကို ရသမြောက် ပေါင်းစပ် ဖန်တီးနိုင်သူ ပထမဆုံး ဝင်ကြေး ယူသော ပန်းချီ ပြပွဲစနစ်ကို မြန်မာနိုင်ငံတွင် အစပျိုး ခဲ့သူ မှုတ်ဆေးဗူးများကို ပန်းချီ လက်ရာတွင် အစဦးဆုံး စမ်းသပ်ဖန်တီးခဲ့သူ စွပ်စုံအနုပညာရှင်တစ်ဦး၏ ပုံရိပ် သည် ရုပ်လုံးကြွနေခဲ့သည်။ ခင်ဝမ်း၏ ထူးခြားသော စိတ်ကူး စိတ်သန်း များ၊ ခေတ်ရှေ့ပြေး အနုပညာ အယူအဆများ၊ စိတ်ခံစားချက် များကိုလည်း  တွေ့ရသည်။

ခင်ဝမ်း၏ အမှတ်တရ ဓာတ်ပုံ များသာမက ခင်ဝမ်းရေးဆွဲခဲ့သော ပန်ချီကား၊ မဂ္ဂဇင်းသည်ဖော်နှင့် စာအုပ် အဖုံးများ၊ တေးစီးရီး ကာဗာများကိုလည်း ရောင်စ ပုံနှိပ်ဖော်ပြ ထား၍ ခင်ဝမ်း၏ အနုပညာ လက်ရာတို့ကို လေ့လာ ချဉ်းကျပ်နိုင်ခွင့် ရစေသည်။ ကိုယ်တိုင် ရေးသားခဲ့သော သီချင်းများ ကိုလည်း ပြည့်စုံစွာ ဖော်ပြ ထား၍ ဈေးကွက်တွင် ရှားပါးပျောက်ကွယ် နေသော ခင်ဝမ်းတေးပေါင်းချုပ်သဖွယ်လည်း ဖြစ်သည်။

အနုပညာ နယ်ပယ်တွင် ဝိဇ္ဇာထိုရ် တစ်ဦးသဖွယ် ရှင်သန်ဖန်တီး သွားခဲ့သည့် ခင်ဝမ်း၏ ပုံရိပ်သည် ကြုံတွေ့ သိမှီလိုက်ကြ ရသူများ၏ စိတ်တွင်း ရှင်သန်နေဆဲဖြစ်သကဲ့သို့ လေးစား ချစ်ခင်ကြသည့် အနုပညာမြတ်နိုးသူ ပရိသတ်များ အတွက်လည်း မှန်းဆ မြင်ယောင်စရာဖြစ်သည်။ တစ်ချိန်က သံယောဇဉ်ကြီးခဲ့ကြသည်။ အနုပညာသည်ချင်း ဆက်ဆံရေး၊ ထူးကဲသော အာရုံခံစားမှုနှင့် တုံ့ပြန်မှု၊ ဖန်တီးနိုင် စွမ်းတို့မှာ ခေတ်အဆက်ဆက် ပရိသတ် တို့အတွက် စွဲငြိစရာပင်ဖြစ်သည်။ အထူး သဖြင့် အနုပညာသည် တစ်ဦး၏ အတွေး၊ အကြံနှင့် လုပ်ဆောင်ချက် တို့ကို မျှဝေ ခံစားနိုင်စေသည်။

ခင်ဝမ်း၏ စံကြည်ကြော့ အမည်ဖြင့် ဘာသာပြန်ဆိုခဲ့သော ဧည်သည်ကြီးနှင့် ဘဝကြေးမုံဝတ္ထုတို ၂ ပုဒ်၊ နာမည်ကျော် အောတိုမက်တစ်စီဇင်း နှင့် စာရေးဆရာ တစ်ယောက်နဲ့ ပန်းချီကားများ အကြောင်း ပန်ချီဆာင်းပါးများများ၊ ခင်ဝမ်း၏ ကဗျာများမှာ လည်း စာပေ၊ အနုပညာ၊ ဒဿန အမြင်ဆိုင်ရာ အယူအဆ၊ သုံးသပ်ချက် များကို လေ့လာနိုင်သည်။ အဲယ်ဘတ်ကမူး၏ The Guest ဝတ္ထုတိုကို ၁၉၇၁ ခုနှစ်၊ ဇူလိုင် ၊ မိုးဝေမဂ္ဂဇင်း တွင် ဖော်ပြခဲ့ခြင်းသည် မြန်မာစာပေ နယ်အတွင်း အဲလ်ဘတ် ကမူးနှင့် သူ၏ ဒဿနရေးရာကို အစဦးဆုံး တင်သွင်း ခဲ့ခြင်းဟု ဆိုနိုင်သည်။

အိုမောင်ဒီဟု ခင်ဝမ်းကိုယ်တိုင် တေးဖွဲ့ခဲ့သည့် ပန်းချီမောင်ဒီနှင့် ခင်ဝမ်းတို့ ဆုံခဲ့သည့် တစ်ခုသော ခရစ္စမတ်ည၊ ဓာတ်ပုံ မိုးလွင်ဟန်နှင့် ခင်ဝမ်းတို့ ၏ ပြည်သူ့ရင်ပြင် နေ့လည် များ၊ ဆရာတိုက်စိုး၏ မင်းတုန်းမင်း စာအုပ် အဖုံး ရေးဆွဲစဉ် ကာလ၊ တေးသံရှင် မင်းမင်းလတ် ဈာပနသို့ လိုက်ပါပို့ဆောင်ခဲ့သော ခင်ဝမ်းပုံရိပ်၊ ဧရာဝတီ သီချင်း သီဆိုစဉ် စတူဒီယို အတွင်း  ပြုမူချက်များနှင့် ခင်ဝမ်း စသည်တို့ သည် ခင်ဝမ်းပရိသတ်များကို အစဉ် အဆက် ကြားဖူးနားဝဖြင့် စွဲမက်စေ ခဲ့သော အနုပညာသမား၏ ဖြတ်သန်း မှုများဖြစ်ပြီး ယခုကဲ့သို့ တစ်စုတစ် စည်းတည်း ဖြစ်လာခြင်းအတွက်လည်း ဝမ်းမြောက်ဖွယ်ဖြစ်ရသည်။ စိတ္တဇပန်းချီပါ ပန်းချီအပေါ် သဘောထားများ၊ Kampai သီချင်းနှင့် စပ်လျဉ်း၍ အနုပညာ မူပိုင်ခွင့်အပေါ် စောင့်ထိန်းမှုများ၊ graffiti ရေးဆွဲသူ မိုက်ကယ်ဖေးနှင့်ပတ်သက်၍ ခင်ဝမ်း ၏ သဘောထား၊ နိုင်ငံတော် အလံနှင့် ပတ်သက်သော ခင်ဝမ်း၏ ခံယူချက် နှင့် အတွေးများ စသည်တို့ကို မှတ် သားလေ့လာနိုင်မည်လည်းဖြစ်ည်။

စွယ်စုံထူးချွန်သလောက် ဖန်တီးမှု ပြောင်မြောက်ခဲ့သော အနုပညာရှင် တစ်ဦး၏ ကျေးဇူးတရားကို ပြည့်စုံ စေရန် မလွယ်ကူ လှသော်လည်းအတတ် နိုင်ဆုံး အပြည့်စုံဆုံး စုစည်း တင်ဆက်ထားသည့် စာအုပ်တစ်အုပ် ဖြစ်သည်။ စာပေ၊ ဂီတ၊ ပန်းချီ အနုပညာမြတ် နိုးသူများ၊ ခင်ဝမ်း၏ ပရိသတ်ဟောင်း များသာမက အနုပညာ ဝါသနာ ပါသော  လူငယ်တို့၏ စာအုပ်စင်တွင် ရှိထိုက်  လေ့လာထိုက်သော စာအုပ်ကောင်း တစ်အုပ် ဖြစ်သည်မှာ သေချာသည်။ အနုပညာရှင် ခင်ဝမ်း၏ အနုပညာ ကျေးဇူး တရားကို ထိန်းသိမ်းမှတ်တမ်းတင်ခြင်း သာမက ဆက်လက် မျှဝေပေးနေခြင်းဟု ဤစာအုပ်ကို ဆိုချင်ပါသည်။

“မဆလ ခေတ်က ကိုယ်ဂျပန်ကို သွားခဲ့တယ်။ မြန်မာပတ်စ်ပို့စ်ကို ကိုင်ပြီး ဂျပန်နိုင်ငံ လေဆိပ်ထဲကို ခေါင်းမော့ပြီး ရဲရဲဝံ့ဝံ့ ဝင်သွားခဲ့တယ်။ အခု ကိုယ့်သမီးတွေ လက်ထက်မှာ ကိုယ့်တုန်းကလို ခေါင်းမော့ပြီး ဝင်မသွားရဲတော့ဘူး။ မြန်မာ ပတ်စ်ပို့စ် နဲ့ဆိုရင် အသေ စစ်ဆေးတော့တာပဲ။ ဘယ်လောက် ကွာခြားသွားခဲ့ပြီလဲ။ အဲဒီအတွက် ကိုယ်တို့မှာ တာဝန်ရှိတယ်” (စာ-၁ဝ၁)

ဝဏ္ဏလင်း

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*