သတင်းဆောင်းပါး — ဒီဇင်ဘာ ၂၆၊ ၂ဝ၁၂

လက်ပံတောင်းတောင် သပိတ်ကို  အင်အားသုံးဖြိုခွင်းခဲ့လို့ သံဃာတော်များ ထိခိုက်နာကျင်ခဲ့ခြင်းအတွက် အစိုးရအဖွဲ့ ကိုယ်စား နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီးက ဝန်ချတောင်းပန်ပြီး သံဃာတော် အရှင်သူမြတ်များ ကလည်း ကျေနပ် ခွင့်လွှတ်ခဲ့ပါသတဲ့။

နှစ်ကာလများစွာအတွင်း အစိုး ရအဖွဲ့က အမှားအယွင်းတစ်ခုကို တာဝန်ခံခဲ့တာ ကြုံတောင့်ကြုံခဲ၊ ပထမ အကြိမ်ပါ။ သံဃာတော်အရှင် မြတ်တို့က အမြော်အမြင်ကြီးစွာနဲ့ သည်းခံခွင့်လွှတ်ပေးခဲ့တာလည်း လှိုက်လှဲ ကျေနပ်စရာပွဲ ဖြစ်ပါတယ်။

စိုးရိမ်ကြောင့်ကြဖွယ် အခြေအနေ တစ်ရပ်မှာ တစ်တောင် မကျော်နိုင်သေးပေမယ့် တစ်တောတော့ ဖြတ်နိုင်ခဲ့ပြီ ထင်ပါတယ်။

ခရီးက ခရီးရှည်ကြီးပါ။ ချိုင့် ဝှမ်းလျှိုမြောင်၊ တောင်နဲ့ ကမ်းပါး၊ ဘယ်လောက်များ ကျော်လွှားဖြတ်သွားရဦး မလဲ။ ကြမ်း ချင်ကြမ်း၊ ပန်းချင်ပန်း၊ နွမ်းချင်လည်း နွမ်းရော့။ ရပ်နေလို့ မဖြစ်နိုင်မှတော့ဖြင့် ကျော်လွှားဖြတ်သွား ရဦးမှာပဲဖြစ်ပါတယ်။

ပြန်ပြီး ငဲ့စောင်းကြည့်ရင် ခရီး တစ်ထောက် ပေါက်ခဲ့တာကို တွေ့ မြင်နိုင်ပါတယ်။

လက်ခံချင်သည် ဖြစ်စေ၊ လက်မခံချင်သည် ဖြစ်စေ၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် အရပ်ရပ် နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ဟာ နိုင်ငံတစ်ခုမှာ ရှိကို ရှိရမယ့် အဖွဲ့အစည်းများ အဖြစ် ဖွဲ့ စည်း ပေါ်ပေါက်လာခဲ့တယ်။

ပထမဆုံး ထူးခြားချက်က နိုင်ငံ တော်သမ္မတကြီးရဲ့ပထမမိန့်ခွန်းမှာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ သန့်ရှင်းသော အစိုးရဆိုတဲ့စကားကို မကြား စဖူး ကျွန်တော်တို့ကြား ခွင့်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကာလ များစွာ တရားဝင် မြင်ခွင့်မရခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ဓာတ်ပုံကြီးရှေ့မှာ ကျက်သရေ မင်္ဂလာပြည့်ဝစွာ မြင်တွေ့ခွင့် ရတယ်။ မတူတာတွေ ခဏထား၊ တူတာတွေ လက်တွဲလုပ်ကြမယ် ပြောတယ်။ နိုင်ငံရေးအကျဉ်းသား တွေ (ဒါမှမဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူတွေ) လွှတ်ပေး တယ်။ ကြွေးဒလပေနဲ့ ဆင်းရဲမွဲတေ နေတဲ့ နိုင်ငံကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုလို့ အင်မတန် များပြားတဲ့လစာ ချီးမြှင့်ငွေကို မခံစားပါဘူး။ အရင် အတိုင်းပဲ ရယူခံစားပြီး နိုင်ငံ့ဝန်ကို ထမ်းပါ့မယ်လို့ ပြည်သူကိုအသိပေး ကြေညာတယ်။ မိဘပြည်သူများ ခင်ဗျား- ဆိုတဲ့အသံကို နားဝင်ချိုချိုနဲ့ ကြားရတယ်။ ဒီအသံမျိုး မကြားခဲ့တော့တာလည်း အကြာကြီး ကြာခဲ့မှပဲ။ တစ်နိုင်ငံလုံး ကြိမ်မီးအုံး သလိုခံစားခဲ့ကြတဲ့ ဧရာဝတီမြစ်ဆုံ အရေးကို သမ္မတကြီးက သူ့ရဲ့အခွင့်အမိန့်နဲ့ ရပ်ဆိုင်းပေးခဲ့တယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြားဖြတ် ရွေးကောက်ပွဲ ဝင်တယ်။ အပြတ်အသတ် အနိုင်ရခဲ့ တယ်။ ရှုံးနိမ့်ခဲ့တဲ့ ပါတီဘက်က အနိုင်ရတဲ့ကိုယ်စား လှယ် အမတ်တွေကို တရားမဲ့ပြု ကျင့်ခဲ့ပါတယ် ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်မှာ တရားစွဲဆိုတော့လည်း နည်းလမ်းတကျ စီရင်ဆုံးဖြတ်ပေး ခဲ့တယ်။ ပြည်ပရောက် နေတဲ့နိုင်ငံသားတွေကို သင်ပုန်းချေ တန်တာချေပြီး ပြန်လာဖို့ဖိတ်ခေါ်ခဲ့တယ်။ သတင်းမီဒီယာကို အထိုက်အလျောက် ရှင်ပြန် လွတ်မြောက်စေ ခဲ့တယ်။ ဒေါ် အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို နိုင်ငံပိုင်သတင်းစာ စာမျက်နှာပေါ်မှာ တခမ်းတနား မဟုတ်သော်မှ ရံဖန်ရံခါမြင်ခွင့်ရနေပြီ။ အနစ်နာခံခဲ့ကြ ရရှာတဲ့ ၈၈ မျိုးဆက် လုလင်ကြီးတွေ လည်းပဲ ကော်လာဖြူလေးတွေ ကိုယ်စီနဲ့ နိုင်ငံအနှံ့အပြား တဝီဝီ သွားလို့ ပြည်သူ့အသံကို တကယ်ပဲ နာခံသင်ကြား နေကြပြီ။

ဒီမိုကရေစီ အပြောင်းအလဲ တစ်လျှောက် ပေါက်ခဲ့သမျှ ခရီးတာကို ကျွန်တော်မှတ်မိသလို ပြန်ပြော ကြည့်တာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ တော့ဖြင့် အငြင်းပွားစရာ မရှိလောက်ဘူး ထင်ပါတယ်။

ဒီမိုကရေစီ ထုံးနည်းတကျ ကျေနပ်ဖွယ်ရာ မရှိသေးပါဘူးလို့ အားမလိုအားမရ ဆိုသူတို့ ရှိကောင်း ရှိပါလိမ့်မယ်။

စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို ကျွန်တော်လည်း  မခွဲခြမ်း မစိတ်ဖြာနိုင်ပါဘူး။ အဲဒီ စကားလုံး အပေါ် နားခါးနေသေးသူ တွေကိုလည်း နားလည်ပါတယ်။ အငြင်းပွားစရာလည်း မရှိပါဘူး။ ဒါပေမယ့် ဖွံ့ဖြိုးပြီး နိုင်ငံကြီး တချို့ရဲ့ဒီမိုကရေစီစံနှုန်းတွေနဲ့ ကျွန်တော်တို့ သွားနေတဲ့ ခရီးရဲ့ အနှေးအမြန် ဟန်ပန်မူရာကို ထပ်တူပြု တိုင်းဆနေတာ အခါခပ်သိမ်းတော့ဖြင့် မမှန်ကန်နိုင်ဘူး။ ရံဖန်ရံခါ အန္တရာယ်သည် ပင်လျှင် ရှိကောင်းရှိနိုင်တယ် လို့ စိုးရိမ်ကြောင့်ကြနေ မိတာကို ပြောလိုတာဖြစ်ပါတယ်။

နောက်ကျတဲ့နေရာမှာ အစော ဆုံးဖြစ်နေပါတယ်ဆိုမှ ခရီးအစက ပြန်မလျှောက်လိုတော့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ထူးခြားညင်သာတဲ့ အပြောင်းအလဲတွေကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေပါ သတဲ့။

ဒါပေမယ့် သူတို့က ပွဲကြည့်ပရိသတ်၊ ကျွန်တော်တို့ရဲ့နိုင်ငံသားတွေက ဇာတ်ဆောင်။ ရှုံးရင်လည်း ခံရမယ်၊ မြတ်ရင်လည်း စံရမယ်။ သူတို့မပါဘူး။ သူတို့က ခံစရာရှိ ရင်ဝင်ပြီးမခံဘူး။ သူတို့နိုင်ငံအတွက် အကျိုးရှိမယ် ထင်မြင် ယူဆရင်သာ စံခွင့်ရသလောက် ဝင်ပြီးစံမယ်။ အင်မတန် ရှင်းလင်းသေချာတဲ့သီဝရီ ပါ။ ဘယ်နိုင်ငံကမှ သူ့အကျိုးစီးပွား အထိအခိုက် အပွန်းအပဲ့ခံပြီး ကျွန်တော်တို့ရဲ့ဒုက္ခ၊ သုက္ခတွေကို မျှဝေခံစားလိမ့်မယ် မဟုတ်ဘူး။

လက်ပံတောင်းတောင် ပြဿနာဟာ စိန်ခေါ်မှု တစ်ခုပါ။ အဆီးအတားလည်း ဖြစ်ပါတယ်၊ သင်ခန်းစာလည်း ဖြစ်ပါတယ်။

ပွင့်လင်းရမယ့်အချိန် မပွင့်လင်းခဲ့ဘူး။ စိစစ်ရမယ့်အချိန် မစိစစ်ခဲ့ဘူး။ ညှိနှိုင်းရမယ့် အချိန် မညှိနှိုင်းခဲ့ဘူး။ ဖြေရှင်းရမယ့် အချိန် မဖြေရှင်းခဲ့ဘူး။ သုံးလတိုင်တိုင် ပီပြင်တဲ့မြင်ကွင်းနဲ့ ကျယ်လွင်တဲ့ အသံကို အံ့သြစရာ ကောင်းလောက် အောင်ကိုပဲ မမြင်သလို၊ မကြားသလို၊ မသိသလို နေခဲ့ကြတယ်။ ကျွန်ုပ်တို့ရဲ့အပေါ်မှာ မိုးကောင်းကင်ကြီးပဲ ရှိပါတယ်ဆိုပြီး အာပေါင် အာရင်း သန်သန်နဲ့ အော်ခဲ့သူတွေ လည်း အော်ရလွန်းလို့ လက်ပံ တောင်းတောင်ခြေက ကျယ်လောင် တဲ့အသံတွေကို မကြားနိုင်တဲ့အထဲ ပါတယ်။ ဒီလိုနဲ့ အပ်ထွင်းမယ့် နေရာကို ပုဆိန်နဲ့ စိုက်ပစ်လိုက်ကြတယ်။ ဒီလိုနဲ့ မထိခိုက်သင့်တဲ့ ပုဂ္ဂိုလ်တွေ ထိခိုက်ခဲ့တယ်၊ မနာကျင်သင့်တဲ့ ပုဂ္ဂိုလ်တွေ နာကျင်ခဲ့တယ်။

တာဝန်ခံတယ်၊ တောင်းပန်တယ်၊ ဝန်ချတယ်၊ ခွင့်လွှတ်တယ်၊ သည်းခံတယ်ဆိုတဲ့ လူကြီးလူကောင်း အမူအရာ ပေါ်လွင် ထွန်းကား ခဲ့တာ တော့ဖြင့် အမြတ်အစွန်း ရလိုက်ပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ သင်ခန်းစာ ယူကြရမယ် ထင်ပါတယ်။ အချိန်အခါမီ ကုစားဖို့ အလေ့အကျင့် တွေ ပျိုးထောင်ရမယ်ထင်ပါတယ်။ အဆီးအတားတွေနဲ့ သွားရဦးမယ့် ခရီးက အရှည်ကြီး။

ကျွန်တော်တို့ မသိနိုင်သေးတာ တွေ၊ ကျွန်တော်တို့ကို အသိပေးလို့ မဖြစ်နိုင်သေးတာတွေ ရှိနိုင်ပါတယ်။ ဒါကိုလည်း သဘောကြီးကြီးထား ပြီး နားလည်ပေးရပါမယ်။ ယုံ ကြည်မှုပေးရပါဦးမယ်။

ဒီကမ္ဘာမြေမှာ ကျွန်တော်တို့ ငြင်းဆန်လို့ မရနိုင်တာတွေ အတော် များပါတယ်။ ရွေးချယ်ခွင့် မရနိုင်တာတွေ လည်း အတော် များပါတယ်။

ဥပမာ ကျွန်တော်တို့ဟာ ဘယ် အမိဝမ်းမှာ သန္ဓေတည်မယ်ဆိုတာ ရွေးချယ်ခွင့်မရှိဘူး။ ဇာတိကို မငြင်း ဆိုနိုင်ဘူး။

ကျွန်တော်တို့ရဲ့ တိုင်းနိုင်ငံကို ဒီရေမြေ၊ ဒီဒေသနဲ့ ဒီဥတုရာသီကို မကြိုက်လို့ ဟိုနေရာ၊ ဟိုဒေသ ပြောင်းလဲပစ်လိုက်မဟဲ့ ဆိုလို့မရနိုင် ဘူး။ အိမ်နီးချင်းကို မကြိုက်လို့ရ တယ်။ အိမ်နီးချင်းမဖြစ်လိုဘူးလို့ တော့ မငြင်းဆိုနိုင်ဘူး။ မလှပတဲ့ သမိုင်းကြောင်းပဲ ဆိုပါဦးတော့ သမိုင်းကို ပြင်ရေးပစ်လို့မှ မရနိုင် ဘဲ။ အဲဒီသမိုင်းရဲ့ ကောင်းမွေ၊ ဆိုး မွေကို ဆက်ခံရလိမ့်မယ်။ ကောင်း မွေကို စံစားပြီး ဆိုးမွေကို မခံစား ချင်လို့တော့ဖြင့် ဘယ်ရနိုင်ပါ့မလဲ။ အမှားအယွင်းတွေ ရှိခဲ့ရင်လည်း အဲ သည့်အမှားကို သေသေချာချာသင် ခန်းစာယူပြီး ဒါမှမဟုတ် အကျ အဆုံးအနည်းဆုံးနဲ့ ကုစားလို့ရနိုင် မယ့် နည်းလမ်းကိုရှာဖွေပြီး အတူ လက်တွဲ ဖြေရှင်းရမှာပဲဖြစ်ပါတယ်။

ဖြစ်ပြီးခဲ့တာတွေအတွက် အပြစ်ပုံချနေတာဟာ အကျိုးမများ တဲ့အပြင် မလိုအပ်ဘဲ ခရီးဖင့်ပါ တယ်။ အင်အားပြုန်းတီး ပါတယ်။

စိတ်ဝမ်းကွဲနိုင်ပါတယ်။ တရားခံရှာ အပြစ်ပုံချနေမယ့်အစား ကြိုက်သည်ဖြစ်စေ အရှိတရားကို ကောင်းမွေ ဆိုးမွေအဖြစ် လက်ခံလိုက် ပြီး အတူတကွ လက်တွဲဖြေရှင်းကြ တာက အကျိုးများမယ်ထင်ပါတယ်။ အချိန်ကုန်၊ လူပန်းသက်သာမယ် ထင်ပါတယ်။ အကျအဆုံး နည်းမယ် ထင်ပါတယ်။

တစ်ခါတုန်းက မတရားတဲ့ အမိန့်အာဏာ ဟူသမျှ ဖီဆန်ကြဆို ပြီး သတ္တိပြောင်ခဲ့တဲ့ ခေါင်းဆောင် တို့ ခုဘယ်လို နည်းဟန်နဲ့ ခရီးပေါက်အောင် သွားနေသလဲ ဆိုတာ သတိပြုမိစေချင်ပါတယ်။ ရွှေပြည်အေး လုပ်တာ မဟုတ်ပါဘူး။

ခရီးပေါက်စေချင်တာပါ။ ခရီး မဖင့်စေချင်တာပါ။

ပြေလွင်မြင့်

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*