အုတ်တစ်ချပ်သဲတစ်ပွင့် — ရန်ကုန်၊ ဇန်နဝါရီ ၂ဝ၊ ၂ဝ၁၃

01

ယခု တစ်ပတ်၏ အုတ်တစ်ချပ် သဲတစ်ပွင့်ကဏ္ဍ၌ အသက်အရွယ် အလိုက် လူငယ်၊ လူလတ်၊ လူကြီးများ စိတ်တူကိုယ်တူ ဖွဲ့စည်း လာကြသည့် အသင်းအဖွဲ့များ ရှိကြသည့် အထဲမှ မိသားစုများ သိုက်သိုက်ဝန်းဝန်းနှင့် လူမှုကူညီရေး လုပ်ရန် ဝါသနာနှင့် ဖွဲ့စည်းခဲ့ပြီး လက် တွေ့ဆောင်ရွက်ခြင်းများကိုလည်း လုပ်ဆောင်နေသော ခရေမိသားစု ဒါနပြုအဖွဲ့ ကို ဖော်ပြပေးလိုက်ပါသည်။

ခရေမိသားစုဒါနပြုအဖွဲ့သည် ၂ဝဝဝ ပြည့်နှစ်မှစတင်၍ မိသားစု သဘော အလှူပေး၊ သွေးလှူခြင်း များ ပြုလုပ် ခဲ့ရာမှ အစဉ်တစိုက် လူမှုကူညီရေးလုပ်ငန်းများ လုပ် ဆောင်နိုင်ရန် ရည်ရွယ်ကာ ၂ဝဝ၇ ခုနှစ်တွင် အသင်း အဖြစ် စတင်ဖွဲ့စည်း ခဲ့ကြောင်း အသင်းတာဝန်ခံ ဦးကြည်ရွှင်က ပြောသည်။

အဆိုပါ အသင်း၌ သွေးလှူ ဒါန်းခြင်းလုပ်ငန်း၊ ကျောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေး စရိတ် ထောက်ပံ့ ခြင်း၊ လစဉ် ဘုန်းကြီးကျောင်းများကို ဆွမ်းဆန်လှူ ခြင်းနှင့် သဘာဝ ဘေးအန္တရာယ်များ ကျရောက်ပါက ကူညီပေးရေး လုပ်ငန်းများ စသည်ဖြင့် အချက် ၅ ချက်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း  သိရသည်။

ကျောင်းစရိတ် ထောက်ပံ့ရာ၌ ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ရွာအချို့မှ မူလ တန်းကျောင်းသား ၅ဝ နှင့် အခြား မြို့နယ် တို့မှ နဝမတန်း ၂ ဦး၊ တက္ကသိုလ်တက်ရောက်နေသူ ၁ ဦး တို့ကို ထောက်ပံ့ပေးလျက်ရှိပြီး မူလ တန်းကျောင်းသားများကို စာအုပ် ၂ ဒါဇင်နှင့် ခဲတံ ၄ ချောင်းကို လစဉ် ထောက်ပံ့မှု ပြုလုပ်လျက်ရှိသည်။

ခရေမိသားစု ဒါနပြုအသင်းသည် သွေးလှူဒါန်းခြင်းကို အဓိကထား အကူအညီပေး လုပ်ဆောင်နေပြီး ဆေးရုံ များနှင့် ချိတ်ဆက်ကာ လူနာရှင်မိသားစုမှ သွေးလိုအပ်၍ ဖုန်းဆက် အကြောင်းကြားပါက အသင်းဝင် ၇ဝ ကျော် တို့မှ သွေးပေး မည့်သူကို ရွေး၍ သွေးစစ်ခြင်းမှ စတင်ပြီး သွေးဖောက်ထုတ်လှူဒါန်း၍ ရသည်အထိ တာဝန်ယူ ဆောင် ရွက် ပေးကြောင်း၊ သွေးလှူလျှင် ကုန်ကျသည့် စရိတ်အားလုံးကို လူနာရှင် မိသားစုမှ ကျခံစရာမလိုဘဲ အသင်းမှ တာဝန်ယူကျခံပေးကြောင်း၊ အသင်းဝင်များ မဟုတ်ဘဲ အပြင်မှ လူပုဂ္ဂိုလ်က အသင်းနှင့် ချိတ်ဆက်၍ လှူဒါန်းပေးပါက ကြက်ဥတစ်ဒါဇင် ဒါနပြုပေးကြောင်း ဦးကြည်ရွှင်က ပြောသည်။

ယင်းမှ ဆက်လက်၍ “ကျွန်တော်တို့က သွေးလှူတာကို ၂ဝဝဝ ပြည့်နှစ်ကတည်းက ကြိုကြားကြို ကြား စလုပ်ခဲ့ တယ်။ နောက်တော့ ၂ဝဝ၇ ခုနှစ်မှာ အသင်းဖွဲ့ဖြစ် တာကလည်း ဒါကို လစဉ်နဲ့ နေ့စဉ် လှူဒါန်းလို့ ရနိုင်အောင်ပါ။ ၂ဝ၁ဝ ပြည့်နှစ်မှာတော့ သွေးလှူဒါန်းမှု တွေကို အင်တိုက်အားတိုက် ပိုပြီး လုပ်ဖြစ်ခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး သွေးလိုရင် အမြဲသွေးလှူရှင်ရနိုင်ဖို့ သွေးလှူတာနဲ့ပတ်သက်တဲ့ စုဆောင်းပွဲတွေ၊ ဟောပြောပွဲ တွေ လုပ်သွားဖို့ ရှိပါတယ်။ ပညာ သင်စရိတ်ထောက် ပံ့တဲ့အခါမှာ လည်း ကျွန်တော်တို့က ထောက်ပံ့မယ့် ကလေးရဲ့ အခြေအနေတွေဖြစ်တဲ့ ကျောင်းမှာ ပညာ အရည်အချင်း တိုးတက်မှုရှိ၊ မရှိ ကလေးမိဘ တွေက တကယ်ကျောင်းထားနိုင်၊ မထားနိုင်တာကို ကြည့်ပြီးမှ လက်ခံပါတယ်။ လောလောဆယ် နယ်ဘက်တွေကို ပညာသင်စရိတ် မထောက်ပံ့တာက နယ်ကလာပြီး ကျွန်တော်တို့ဆီကို အကူအညီတောင်းတာတွေ မရှိသေးတဲ့ အတွက်ကြောင့်ပါ”ဟု ပြောကြားသည်။

သဘာဝဘေးအန္တရာယ်များဖြစ် သည့် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေ ဘေး၊ မီးဘေးတို့၌ ခရေမိသားစု ဒါနပြု အသင်းမှ ဆန်လှူခြင်း၊ ထမင်းထုပ်ဝေခြင်းများကို ဒဂုံ အရှေ့၊ တောင်ဒဂုံ အစရှိသည့် မြို့ နယ်များတွင် လုပ်ဆောင်ခဲ့ပြီး ပဲခူးတိုင်းဒေ သကြီး ကဝမြို့နယ်တွင် ရေ ရှားပါးမှုဖြစ်ရာ၌ ရေလှူဒါန်းမှုများ ကို သွားရောက်ပြု လုပ်ခဲ့ကြောင်း သိရသည်။

ခရေမိသားစု ဒါနပြုအသင်းဟု နာမည်ပေးရခြင်းကို ဦးကြည်ရွှင်က “ကျွန်တော် ဒီနာမည်ကိုပေးဖြစ်တာက ကျွန်တော် တို့နေတဲ့ လမ်းကလည်း ခရေလမ်းဖြစ် တယ်။ နောက်ပြီး ခရေပင်တစ်ပင်မှာ အပွင့်တွေ က အများကြီး ပွင့်တယ်လေ။ ကျွန်တော်တို့ရဲ့ လှူဒါန်းမှုကလည်း ဒီခရေပင်ကြီးရဲ့ အပွင့်တွေလို အများကြီးပွင့်ပြီး မွှေးပျံ့နေအောင် လို့ပါ။ ပြီးတော့ ကျွန်တော်တို့ အသင်းက မိန်းကလေး တော်တော်များများ ပါပါတယ်။ ဒါကြောင့် ဒီနာမည် ရွေးဖြစ် တာပါ” ဟု ပြောကြားခဲ့သည်။

ယင်းမှဆက်လက်၍ ခရေ မိသားစု ဒါနပြုအသင်းအနေဖြင့် အခြားမှ အလှူငွေကြေးများကို လက်မခံကြောင်း၊ မိသားစု အသင်းဝင်များမှ တတ်နိုင်သဖြင့် နေ့စဉ် စုဆောင်းထားသော ငွေကြေးဖြင့်သာ သွေးကုန်ကျစရိတ်နှင့် အခြားကူညီမှုများကို လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။

အဆိုပါအသင်းသည် လစဉ် သွေးပုလင်း ၂ဝ ခန့် လှူဒါန်းလျက် ရှိပြီး သွေးလိုအပ်၍ ဆက်သွယ်မည် ဆိုပါက ခရေမိသားစု ဒါနပြုအဖွဲ့၊ ခရေလမ်း၊ မြောက်ဒဂုံ၊ ဖုန်း ဝ၉-၅ဝ၇၈၆၂၇၊ ဝ၉-၄၂၁ဝ၈၇၄၅၁၊ ဝ၉-၇၃၁၈၂၁၅၈၊ ဝ၁-၅၈ဝ၄၈ဝ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဝဝ၅

ဆက်စပ်သတင်းများ

အရုဏ်ဦး လူမှုကူညီရေး အသင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇၊ ၂ဝ၁၃

ဘဝမြင့်မိုရ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂၊ ၂ဝ၁၂

အမေ့အရိပ် နယ်စည်းမခြား ပညာဒါနကျောင်း

ရန်ကုန်၊ နိုဝင်ဘာ ၁၈၊ ၂ဝ၁၂

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*