ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ကေအန်ပီပီ(KNPP)က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ပြည်ထောင်စုအဆင့် ပထမဆုံးအကြိမ်အဖြစ် ကယားပြည်နယ်၊ လွိုင်ကော်မြို့ တွင် ယခုလ ၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီချက် ၁၄ ချက်ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။ ယင်း ဆွေးနွေးပွဲအပြီးတွင် ရရှိခဲ့သည့် သဘောတူညီချက်များနှင့် ကေအန်ပီပီပါတီ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြန်မာအင်ဒီပဲန်ဒင့်က ပါတီအတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်ကို တွေ့ဆုံ မေးမြန်းထားပါသည်။

ကေအင်ပီပီ ပါတီမှ အတွင်းအရေးမှူး(၂) ဦးအောင်ဆန်းမြင့်

ကေအင်ပီပီ ပါတီမှ အတွင်းအရေးမှူး(၂) ဦးအောင်ဆန်းမြင့်

မြန်မာအင်ဒီပဲန်ဒင့်။ ။ ဦးအောင်ဆန်း မြင့်တို့အနေနဲ့ ပြည်ထောင်စုအဆင့်နဲ့ ပထမဆုံး စတင်ဆွေးနွေးချိန်မှာ အဓိက ဘယ်အချက်တွေ ဆွေးနွေး ဖြစ်ပါသလဲ။

ဦးအောင်ဆန်းမြင့်။ ။ ပထမက ဒီပြည်နယ်အဆင့်မှ ကျွန်တော်တို့ အချက် ၂ဝ တင်ပြခဲ့တာ ရှိတယ်လေ။ ပြည်နယ်အဆင့်မှ အဲဒီအချက် ၂ဝ ကို တိတိကျကျ မဆွေးနွေးခဲ့ရဘူး။ အဲဒါကြောင့် ပထမအကြိမ် ပြည်ထောင်စုအဆင့်မှာ ဒီအချက် ၂ဝ ကို တင်ပြဆွေးနွေးတာပေါ့။ ဒီထဲက အဓိကကျတဲ့ အချက်တွေကတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကယားပြည်နယ် အတွင်းမှာ ဒေသခံတပ်တွေအပြင် တပ်မနဲ့ စကခဆိုတဲ့ တပ်တွေ အများကြီးရှိတယ်။ စစ်ဆင်ရေးတပ် တွေပေါ့။ အဲဒါကြောင့် ဒီနေ့ အပစ်အခတ် ရပ်စဲပြီးတဲ့ကာလမှာ အဲဒီတပ်တွေကို ပြန်ပြီးတော့ ဆုတ်ခွာပေးဖို့၊ မိမိတို့ တပ်ရင်းတွေကို ပြန်ဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ နောက်ပြီးမှ နှစ်ဖက်တပ် တွေပေါ့။ သွားလာရေးတွေ၊ လှုပ်ရှားတာတွေ၊ တပ်စခန်းချတာတွေ ကိုလည်း ဆွေးနွေး တယ်။
ဒါ့အပြင် ကယားပြည်နယ်အတွင်းမှာ စစ်လေ့ကျင့်ရေးကျောင်းတွေ တည်ဆောက်နေတာနဲ့ ပတ်သက်ပြီး တော့လည်း ဒါက လူထုကို အဟန့်အတား အနှောက်အယှက် ဖြစ်စေတဲ့အတွက်၊ နောက် ဒီစစ်လေ့ကျင့်ရေးကျောင်းကလည်း ရွာ ၄ ရွာပိုင်ဆိုင်တဲ့ နယ်မြေမှာ လုပ်တယ်ဆိုတော့ သူတို့ရဲ့စားဝတ်နေရေးတွေ အခက်အခဲဖြစ်တယ်။ နောက်တပ်တွေရဲ့ လုံခြုံရေးကြောင့် သွားလာရတာတွေ လုပ်ကိုင်စားသောက်ရတာတွေက အဟန့်အတား ဖြစ်တယ်ပေါ့။ ဒါကြောင့် ကျွန်တော်တို့က ဒီစစ်လေ့ကျင့်ရေးကျောင်းကို လူထုအကျိုးပြုတဲ့ သင်တန်းကျောင်းတစ်ခုခု။ စီမံကိန်းတစ်ခုခုဖြစ်ဖို့ ကျွန်တော်တို့က ပြန်တောင်းဆိုတာပေါ့။
ကျန်တဲ့ဟာတွေကတော့ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ အကြီးစားစီမံကိန်းတွေ၊ ဥပမာအားဖြင့် ရွာသစ်ရေကာတာ စီမံကိန်းတွေပေါ့။ ဒါတွေကို ကျွန်တော်တို့က နောင် လူထုအသင်းအဖွဲ့တွေကို လေ့လာခွင့်ပြုဖို့၊ တကယ် အကောင်အထည်ဖော်ရင်လည်း လူထုကို သိသာထင်ရှားအောင် ချပြဖို့ ဒီလုပ်ငန်းစဉ်တွေ၊ ဒါတွေကို ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်။ ဒါတွေကတော့ သဘောတူညီချက်တွေ ရခဲ့တယ်။ ခုနကပြောတဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေ ကျတော့ သူတို့က နောက်တစ်ကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ ဆက်လက်ဆွေးနွေးပါမယ်ဆိုပြီး သဘောတူညီချက်တွေ ရခဲ့တာပေါ့။
ထူးခြားတာကတော့ ဒီဆွေးနွေးပွဲမှာ ကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးရေး လုပ်ငန်းစဉ်တွေမှာ ဒေသလေ့လာ စောင့်ကြည့်သူတွေကို ထားရှိရေး ဆိုတာကို နှစ်ဦးနှစ်ဖက်သဘော တူခဲ့တာပေါ့။ ဒါအပြင်ကို ကျွန်တော်တို့ ကယားပြည်နယ်အတွင်းမှာ ပြည်သူလူထုရဲ့ဘဝပေါ့။ အေး အေးချမ်းချမ်းနဲ့ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်နိုင်ရေးအတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ရပ်တန့်စေဖို့အတွက် ဒေသခံစောင့်ကြည့်ရေးအဖွဲ့တွေ ထားရှိဖို့ကိုလည်း သဘောတူခဲ့တယ်။ နောက်နိုင်ငံရေး ဖြစ်စဉ်တွေမှာ နှစ်ဦးနှစ်ဖက် သဘောတူခဲ့တယ်။ ဒါတွေကတော့ ပြည်ထောင်စုအဆင့် ပထမဆွေးနွေးပွဲမှာ ဆွေးနွေးပြီး သဘောတူခဲ့တာတွေ ဖြစ်တယ်။ အားလုံးကတော့ ၁၄ ချက်ပေါ့နော်။

မြန်မာအင်ဒီပဲန်ဒင့်။ ။ ကေအန်ပီပီ ဖက်က တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားတာရှိပါတယ်။ ဒီဆွေးနွေးပွဲမှာ ဒီတောင်းဆိုချက်က ဘယ်လောက် အောင်မြင်တယ်လို့ ပြောလို့ရမလဲ။

ဦးအောင်ဆန်းမြင့်။ ။ ကျွန်တော်တို့ကတော့ အစိုးရနဲ့ တွေ့ဆုံတဲ့အချိန်တိုင်းမှာ ကျွန်တော်တို့ ကရင်နီ (ကယား)ပြည် အတွင်းမှာ စစ်ရေးတိုက်ခိုက်မှုတွေ ရပ်တန့်တာနဲ့ အမျှပေါ့။ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲဖို့ဆိုတာ အမြဲတမ်း တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ အခုက အစိုးရနဲ့ ကေအိုင်အေ(ကချင်လွတ်လပ်ရေးတပ်မတော်)ကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပေါ်မှာ သူတို့ကတော့ သူတို့ကလည်း တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကို ကြေညာချင်ပါ တယ်။ ဒါပေမဲ့ ကေအိုင်အေနဲ့ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေးက ဆွေးနွေးနေတဲ့ကာလပေါ့။ ဒါကို လည်း ဖြစ်မြောက်အောင်ကြိုးစားမယ်။ ကေအိုင်နဲ့ သဘောတူပြီးမှပဲ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို ကြေညာမယ် ဆိုတဲ့အဖြေကို ကျွန်တော်တို့ရခဲ့တယ်။ ကျွန်တော်တို့ကလည်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေကို သွားရမယ်ဆိုရင် ဒီလိုမျိုးတိုက်ခိုက်မှုတွေ ရှိနေရင်တော့ ကျွန်တော်တို့ ကြားမှာယုံကြည်မှု၊ နားလည်မှုတွေက အများကြီးလွဲသွားနိုင်တယ် ပေါ့။ ဒါကြောင့် ကျွန်တော်တို့ တောင်းဆိုခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ကေအိုင်အေနဲ့ အစိုးရတပ်အကြားဖြစ်နေတဲ့ အပေါ်မှာ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး မကြေညာနိုင်သေးတာ ဖြစ်နေတယ်။

မြန်မာအင်ဒီပဲန်ဒင့်။ ။ နောက်တစ်ခုက တပြည်လုံး အပစ်အခတ်ရပ်ပြီးရင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေရော၊ နိုင်ငံရေးပါတီတွေရော အားလုံးပါဝင်တဲ့ ပင်လုံညီလာခံလို နိုင်ငံရေးဆွေးနွေးပွဲကြီး လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။ အဲဒီ အကြောင်းကိုရော ဆွေးနွေးဖြစ်ပါသလား။

ဦးအောင်ဆန်းမြင့်။ ။ ခုနက ပြောတဲ့ သဘောတူညီချက် ၁၄ ချက်ဆိုတာမှာ အဲဒီအချက်လည်း ပါတယ်။ ကျွန်တော်တို့ တောင်းဆိုထားတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပေါ့။ ဒီ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရော၊ တခြားတိုင်းရင်းသား အဖွဲ့အစည်းတွေရော၊ နောက်ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ ရော၊ လက်ရှိအာဏာရထားတဲ့ နိုင်ငံရေးပါတီရောပေါ့ အားလုံးပါဝင်တဲ့ တစ်နိုင်ငံလုံးအသွင်ဆောင်တဲ့ နိုင်ငံ ရေးတွေ့ဆုံပွဲကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ဆိုတဲ့ သဘောတူညီချက်လည်း ရခဲ့တယ်။

မြန်မာအင်ဒီပဲန်ဒင့်။ ။ ဆွေးနွေးပွဲတွင် အောင်မြင်ပြီးနောက် ကေအန်ပီပီရဲ့ ရပ်တည်ချက်နဲ့ လုပ်ငန်းစဉ်တွေက ဘာတွေများ ရှိပါမလဲ။

ဦးအောင်ဆန်းမြင့်။ ။ ကေအန်ပီပီ အနေနဲ့က အပစ်အခတ်ရပ်စဲရေး ကနေတစ်ဆင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကို ဆက်သွားရမှာပဲ။ တကယ်လို့ နိုင်ငံရေးတည်ငြိမ်မှုရှိပြီဆိုရင်တော့ ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ရမှာဖြစ်သလို ပြည်တွင်းလှည့် လည်သူတွေဖြစ်တဲ့ IDP(Internal Displace Person)တွေ ရှိပါတယ်။ တိုင်းတစ်ပါးမှာ သွားရောက်ခိုလှုံနေရတဲ့ ဒုက္ခသည်တွေ ရှိပါတယ်ဆိုတော့ ဒီကိုယ့်အမျိုးသားရေးကိုလည်း ကျွန်တော်တို့က ဘဝပြန်လည် ထူထောင် ရေးတွေကိုလည်း အများကြီးလုပ်ရမယ်ပေါ့။ ဒါအပြင် ကျွန်တော်တို့ အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ လည်း ရှိတယ်။ ကျွန်တော်တို့ လုပ်စရာတွေကတော့ အများကြီးပဲ။ ဆက်တိုက် ဆက်တိုက်ပဲ။ ဒါတွေကလည်း နှစ်ဦးနှစ်ဖက် နိုင်ငံရေးကို အစဉ်ပြေ ချောမွေ့အောင် ဆွေးနွေးပြီးမှ တည်ငြိမ်တဲ့ အချိန်ကာလမှာပဲ ကျွန်တော်တို့ လုပ်နိုင်မှာ။ အခုကတော့ ဒါတွေကို တည်ဆောက်ဆဲ ကာလပေါ့နော်။ ဒါအပြင်ပေါ့ ရေရှည်နိုင်ငံရေးမှာ ကျွန်တော်တို့ကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး မြန်မာ ပြည်မှာ ပေါ်ပေါက်လာရေးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကလည်း အစိုးရတစ်ခုတည်းက နေပြီးတော့မှ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စု မပြိုကွဲရေးဆိုတဲ့ အရေး ၃ ပါးကို အော်နေပေမဲ့ ကျွန်တော်တို့ကလည်း စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး အတွင်းမှာ အေးအတူပူအမျှနေဖို့ တောင်းဆိုနေတာ။ ခွဲထွက်ဖို့ တောင်းဆိုနေတာ မဟုတ်ဘူး။ ဒါကလည်း ကျွန်တော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ပဲလေ။ ဒါပေမဲ့ လုပ်စရာ ကိုင်စရာတွေကတော့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအပြင်ကို ဘဝပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ၊ ခုနကလို ရေရှည် နိုင်ငံရေးလုပ်ငန်းတွေ ရှိတယ်ပေါ့။ ဒါကတော့ ကေအန်ပီပီရဲ့ ရပ်တည်ချက်ပေါ့။

မြန်မာအင်ဒီပဲန်ဒင့်။ ။ ဦးအောင်ဆန်းမြင့် အနေနဲ့ လူထုကို သီးခြားပြောဖို့ ကျန်တာများရှိရင် ပြောပါအုံး။

ဦးအောင်ဆန်းမြင့်။ ။ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီကတော့ ကျွန်တော်တို့ နိုင်ငံရေးပါတီကို ဘာကြောင့်လုပ်နေရလဲ။ ခုခံတော်လှန်ရေးကို ဘာကြောင့်လုပ်နေရလဲ ဆိုတော့ ကျွန်တော်တို့ အမျိုးသားဘဝ ပြန်လည်လွတ်မြောက်ရေးဆိုပြီးမှ ကျွန်တော်တို့ လုပ်ခဲ့တယ်။ ဘာကြောင့်လဲဆို ကရင်နီကလည်း သူ့သမိုင်းနဲ့သူ ရှိတာကိုး။ အရင်တုန်းကဆို ကျွန်တော်တို့က သီးခြား လွတ်လပ်တဲ့ တိုင်းပြည် ဖြစ်တယ်။ ကိုယ့်မင်း ကိုယ့်စော်ဘွားနဲ့ အုပ်ချုပ်ခဲ့တယ်ပေါ့။ ဒါပေမဲ့လည်း ဒီနေ့ ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုပေါ့။ Globalization အရ လူတစ်ဦးတည်း ရပ်တည်လို့ မရဘူး။ တစ်မြို့တစ်ရွာတည်း လူမျိုးတစ်မျိုးတည်း ရပ်တည်လို့ မရဘူး။ ဒါကြောင့် ကျွန်တော်တို့ တိုင်းပြည်ကို အုပ်ချုပ်တဲ့ စနစ်တွေ၊ စီမံခန့်ခွဲတဲ့စနစ်တွေ နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတဲ့ အနေအထားမှာ ကျွန်တော်တို့ခုနက လိုချင်တဲ့ ဘဝလွတ်မြောက်ရေးဆိုတာ ဘာလဲ။ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေပဲ ဖြစ်တယ်။ ဒါတွေကို ဒီနေ့ဘယ်လို အနေအထားမျိုးနဲ့ ရောက်နိုင်သလဲဆို သီးခြား လွတ်လပ်တယ်ဆိုတဲ့ အနေအထား တစ်ခုကို ဖန်တီးရရှိနိုင်တာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ တကယ်တမ်း မြန်မာပြည်ကြီးမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်ဆိုရင် ခုနက ကျွန်တော်တို့ မြင်ချင်တဲ့ဘဝတွေ၊ ရောက်ချင်တဲ့ ဘဝတွေကို ရမယ်လို့ ယုံကြည်တယ်။ ဒါကြောင့်လည်း ကေအန်ပီပီက ဒီနေ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး ဦးတည်ချက်ရှိပါတယ်။ အဲဒါတွေက မိမိရဲ့ အမျိုးသားဘဝ ပြန်လည် လွတ်မြောက်ပြီးတော့မှ စစ်မှန်တဲ့ ပြည်ထောင်စုကြီး အတွင်းမှာ တခြားတိုင်းရင်းသားတွေနဲ့ တခြားလူမျိုးစုတွေနဲ့ ပေါ့နော်။ အေးအတူ ပူအမျှ အတူယှဉ်တွဲ နေထိုင်နိုင်ရေး ဆိုတဲ့ ရည်မှန်းချက်ကြီးနဲ့ ပေါ့နော်။ ကျွန်တော်တို့ ဒီကနေ့ ခုခံတော်လှန်ရေးကို လုပ်နေတာ ဖြစ်တယ်။ ကျွန်တော်တို့လည်း မျှော်မှန်းပါတယ်။ မြန်မာပြည်ကြီးထဲမှာ တကယ်တမ်း ဒီမိုကရေစီစနစ်ကို ပြောင်းလဲပြီး စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်ဆိုရင် မြန်မာပြည်တွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူတွေအားလုံး တိုင်းရင်းသားတွေအားလုံး အေးချမ်းသာယာ တဲ့ ဘဝကိုရောက်ရှိမယ်လို့ ကျွန်တော်မျှော်လင့်တယ်။

ဝ၄၇

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*