အနုပညာသတင်း ခေါင်းကြီးသတင်း — ရန်ကုန်၊ ဇွန် ၂၃၊ ၂ဝ၁၂

ဇွန်လ ၂၃/၂၄ ညနေ ၆ နာရီ တွင် အမျိုးသားကဇာတ်ရုံ၌ ကပြ ဖျော်ဖြေခဲ့သော ဇာတ်သဘင်လောက၏ ဥသျှောင်ဖြစ်သည့် ဂရိတ်ဦးဘိုးစိန် နှစ် ၁၃ဝ ပြည့် ဂုဏ်ပြုဖျော်ဖြေပွဲသည် ရုပ်ပိုင်းဆိုင်ရာ အပြင်အဆင်များ သာမက ပရိသတ်များ တွေးကြည့်မှသာ မြင်ရမည့် အပြင်အဆင်များစွာ ပါဝင်ကြောင်း အဆိုပါ ပွဲ၏အဓိက ဖန်တီးတင်ဆက်သူ ဇာတ်မင်းသားမိုးမင်းက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။

ဂရိတ်ဦးဖိုးစိန် နှစ် ၁၃ဝ ပြည့်ပွဲတွင် တင်ဆက်ကပြခဲ့သည့် ကကွက်တစ်ခု

ဂရိတ်ဦးဖိုးစိန် နှစ် ၁၃ဝ ပြည့်ပွဲတွင် တင်ဆက်ကပြခဲ့သည့် ကကွက်တစ်ခု

ဂရိတ်ဦးဘိုးစိန် နှစ် ၁၃ဝ ပြည့်ပွဲ၏ အဓိကထူးခြားသော တင် ဆက်မှုများနှင့်ပတ်သတ်၍ ပြင်ဆင်ခဲ့ရပုံများကို    မြန်မာအင်ဒီပဲန်ဒင့်မှ မေးမြန်းရာ ဇာတ်မင်းသား မိုးမင်းက ““ဥပမာ ပြောရရင် ပရိသတ်တွေရဲ့အမြင်မှာတော့ ဘုရားကန်တော့ခန်းမှာ ပန်းတွေပွင့်လာတာကို မြင်တယ်။ အဲဒီအတွက် လက်ခုပ်တွေတီးပြီး အားပေးကြတယ်။ ပရိသတ် မမြင်လိုက်တဲ့ အရာတွေ ရှိသေးတယ်။ ဒီဘုရား ကန်တော့ခန်း တစ်ခုလုံးအတွက် သီချင်းဖွဲ့စည်းမှု၊ ဆရာ မလှိုင် သန်းထွန်းရဲ့သီချင်းရေးသားမှု၊ တီးခတ်ပေးတဲ့ ပညာရှင်တွေ ဖြစ်တဲ့ ဖိုးသင်္ကြန်၊ ဂီတမှူးကိုစိုး အားလုံးက ဝိုင်းဝန်းပြီး ပံ့ပိုးထားရတာ။ အသံတွေကအစ၊ တီးလုံးတီးကွက်တွေကအစ သေသေချာချာ ဆင်ခဲ့ရတာ။ အဲဒါတွေက တစိမ့်စိမ့် တွေးကြည့်မှ မြင်ရမယ့် အရာတွေပေါ့””ဟု ပြန်လည် ဖြေကြားခဲ့သည်။ တင်ဆက်မှုများအပေါ် အပြည့်အဝ အားရမှု မရှိခဲ့ကြောင်း၊ ဖြစ်နိုင်ပါက မာရ်နတ်မင်းအား ဆင်စီး၍ ထွက်စေချင်ကြောင်း၊ မြေဝိုင်းသဘင်အကတွင် ကညင်ဆီ မီးတိုင်အစစ်ကို သုံးချင်ကြောင်း၊ ပုဂံခေတ်မီးပုံပွဲတွင်လည်း မီးတောက်များအား အစစ်သုံးချင်ကြောင်း၊ ပြင်ဆင်ချိန် ၂ လခွဲခန့်ယူသင့်သော် လည်း တစ်လခန့်သာ ပြင်ဆင်ခဲ့ရ၍ လိုအပ်ချက်များရှိသဖြင့် ပွဲတစ်ခုလုံးအပေါ်၌ ၆ဝရာခိုင်နှုန်း ခန့်သာ ကျေနပ်မှုရှိကြောင်း၊ ထိုကြောင့် ပရိသတ်များအား တောင်းပန်ပါကြောင်း ဇာတ်မင်းသား မိုးမင်းက ဆက် လက်ပြောကြားခဲ့သည်။

အဆိုပါ ဇာတ်သဘင်ဖျော်ဖြေပွဲတွင် ဘုရားဟောဇာတ်တော် ကောက်နုတ်ချက်များ ဖြစ်သော ဥမ္မာဒန္တိဇာတ်တော်   ကောက်နုတ်ချက်နှင့် မောရစကြာ(ဥဒေါင်းမင်းဇာတ်)၊ အော်ပရာများအပြင် တောင်ပြုန်းမင်းညီနောင် အော်ပရာ၊ ပဋိက္ခရားနှင့် ရွှေအိမ်စည်အော်ပရာများ၊ ဇာတ်သဘင်အစ မြေဝိုင်း သဘင်မှ စင်မြင့်သဘင် ပြောင်းလဲပုံများ၊ ဖိုးဝရုပ်အက၊ စိန်မဟာသဘင်ကို ထင်ရှားစေသည့် စိန်ပွဲတော်နှင့် စိန်လားဟေ့သီချင်း တင်ဆက်မှု၊ နန်းတွင်းစိန်အိုးစည်အက၊    နှစ်ပါးခွင်တို့ဖြင့် ဇာတ်သဘင်အရသာ ပြည့်ပြည့်စုံစုံကို တင်ဆက်ပေးထားသည်။

ဂရိတ်ဦးဖိုးစိန် နှစ် ၁၃ဝ ပြည့်ပွဲတွင် တင်ဆက်ကပြခဲ့သည့် ကကွက်တစ်ခု

ဂရိတ်ဦးဖိုးစိန် နှစ် ၁၃ဝ ပြည့်ပွဲတွင် တင်ဆက်ကပြခဲ့သည့် ကကွက်တစ်ခု

ပဋိက္ခရားနှင့် ရွှေအိမ်စည် အော်ပရာ တင်ဆက်မှုနှင့် ပတ်သက်၍ ပဋိက္ခရားအဖြစ် ပါဝင်ကပြခဲ့သူ ကျော်ကျော်ဗိုက ““ရှေးမူရှေးဟန်ကို ထိန်းသိမ်းရင်းနဲ့ ခေတ်ပေါ်သံစဉ်နဲ့ အကလေးတွေပေါင်းစပ်ပြီး တင်ဆက်ထားတာပါ””ဟု    မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။ အဆိုပါ ပဋိက္ခရားနှင့် ရွှေအိမ်စည်အော်ပရာ အား ကြည့်ရှုခံစားပြီးသူ ပရိသတ်တစ်ဦးကလည်း ““ညီမတို့က ဇာတ်သဘင်ဆိုတာ ရိုးရိုးပဲ မင်းသား၊ မင်းသမီးတွေ ကကြဆိုကြမယ်လို့ ထင်ထားတာ၊ ဒီအော်ပရာကို ကြည့်ရတော့ စိတ်ထဲမှာ ဇာတ်သဘင်ကို အထင်မသေးရဲ တော့ဘူး။ ခေတ်မီအောင် ဆန်းသစ်တီထွင်ထားတာတွေက ရင်သတ်ရှုမောစရာပါပဲ။ ဒီနေ့ လာကြည့်ရကျိုး နပ်ပါတယ်။ တင်ဆက်သူအားလုံးကိုလည်း တကယ်ဂုဏ်ယူလေးစားပါတယ်””ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ယင်း၏ခံစားချက်ကို ပြောကြားသည်။

တောင်ပြုန်းမင်းညီနောင် အော်ပရာတွင် ပါဝင်ကပြတင်ဆက်သူ တင်မောင်ဆန်းမင်းဝင်းက လာရောက် ကြည့်ရှုကြမည့် လူငယ် ပရိသတ်များအား ““သဘင်ဆိုတဲ့ အရသာ၊ ကိုယ့်ရိုးရာဆိုတဲ့ အရသာလေးတွေကို ရင်ထဲကို ရောက်စေချင်ပါတယ်။ ဒါကြောင့် သူတို့ကြိုက်တဲ့ ဂီတနဲ့ ကိုယ့်ရိုးရာဂီတနဲ့ကိုယ် ၅ဝ ရာခိုင်နှုန်းစီ ဖြစ်သွားအောင် တင်ဆက်ပေးထားပါတယ်””ဟု    မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။ အဆိုပါ တောင်ပြုန်းမင်း ညီနောင် အော်ပရာအား တင်ဆက်ရာတွင် မြူးကြွသော သံစဉ်များ၊ သွက်လက်သော ကဟန်များ၊ ပရိသတ်များ အံ့သြမင်သက်စေသော ပရိုဂျက်တာ ပြကွက်များဖြင့် ပရိသတ်၏ လက်ခုပ်သံများကို ရယူခဲ့သည်။

ဇာတ်သဘင်၏ အနှစ်သာရ ဖြစ်သော နှစ်ပါးခွင် တင်ဆက်မှု ကိုလည်း ရှေးနှစ်ပါးခွင်များအတိုင်း သာမက ဆန်းသစ်မှုများဖြင့်လည်း တင်ဆက်ထားသည်။ နှစ်ပါးခွင် ကပြရာတွင် ဂရိတ်ဦးဘိုးစိန်၏ ကဟန်များဖြင့် ပါဝင်တင်ဆက်ခဲ့သော ဂရိတ်ဦးဘိုးစိန်၏ မြေးဖြစ်သူ ညီဝင်းစိန်က““အဘိုး ဘယ်လို ကခဲ့လဲဆိုတာကို အဖေ ကတ်နက်စိန် ဆီကနေ သင်ခဲ့ရတယ်။ အဖေ့ဆီကရတဲ့အတိုင်း ပညာကို အခု လူငယ်တွေဆီကို ပြန်ပြီး လက်ဆင့်ကမ်းတဲ့အနေနဲ့ အသက်ကြီးနေပေမယ့် ကိုယ်တိုင်ဝင်ကပြခဲ့တာပါ။ ဒါမှ အဘိုးရဲ့ပညာ မပျောက်ပျက်မှာလေ””ဟု    မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားခဲ့သည်။ ညီဝင်းစိန်သည် မောရစကြာ (ဘုရားလောင်းဥဒေါင်းမင်း) ဇာတ်တော်    ကောက်နုတ်ချက် တွင်လည်း ဘုရားလောင်း ဥဒေါင်းမင်း အဖြစ် ပါဝင်ကပြထားသည်။

ယခုကဲ့သို့သော သဘင့်ဥသျှောင် ဂရိတ်ဦးဘိုးစိန်၏ နှစ် ၁၃ဝ ပြည့်ဂုဏ်ပြုဖျော်ဖြေပွဲကို ကျင်းပနိုင်ရန်အတွက် ဂရိတ်ဦးဘိုးစိန်၏ ကျန်ရှိနေသေးသော မျိုးဆက်များမှ ဂုဏ်ယူစွာ တင်ဆက်ခဲ့ခြင်း ဖြစ်သည်။ ဇွန် ၂၃၊ ၂၄ ရက်၊ ညနေ ၆ နာရီမှ စတင်ကာ အမျိုးသား ကဇာတ်ရုံတွင် ကပြဖျော်ဖြေခဲ့သော အဆိုပါပွဲကို MRTV-4 ရုပ်သံလိုင်း မှလည်း တစ်နိုင်ငံလုံးသို့ တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့သည်။ ပွဲစီစဉ်သူများမှ မှတ်တမ်းဗီဒီယို ထုတ်လုပ် ဖြန့်ချီရန် မသေချာသေးသော်လည်း လာရောက်ကြည့်ရှုသူများနှင့် ရုပ်သံလိုင်းမှတစ်ဆင့် ညလုံးပေါက် ကြည့်ရှု အားပေးကြသော ပရိသတ်များမှ အမှတ်တရ မှတ်တမ်းဗီဒီယို အဖြစ် သိမ်းဆည်းထားချင်ကြောင်း၊ ပြည်ပရှိ မိတ်ဆွေများထံသို့လည်း ဂုဏ်ယူစွာ လက်ဆောင်ပေးချင်ကြောင်း မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားခဲ့သည်။

ဝဝ၈

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*