နိုင်ငံတကာသတင်း — ဇန်နဝါရီ၊ ၂ဝ၁၃
တကျော့ပြန် အနိုင်ရ အယ်လ်ဒီပီ ပါတီ ခေါင်းဆောင် ရှင်ဇိုးအဘေး

တကျော့ပြန် အနိုင်ရ အယ်လ်ဒီပီ ပါတီ ခေါင်းဆောင် ရှင်ဇိုးအဘေး

လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ (LDP) မှ ရှင်ဇိုအာဘေး ဝန်ကြီးချုပ် အဖြစ် ပြန်လည် အရွေးခံရခြင်းနှင့် အတူ ဂျပန်နိုင်ငံသည် နိုင်ငံခြားရေး မူဝါဒ အထိုင်ပြန်ချမှု များဖြင့် ဆက်ဆံရေး ကဏ္ဍအသစ်များကို တက်လှမ်းနေ ချိန် ဖြစ်ပါသည်။ ဒီဇင်ဘာ ၂၆  ရက်တွင် ဂျပန်အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းပြီးနောက် အာဘေးသည် ဒုဝန်ကြီးချုပ် နှင့် ဘဏ္ဍာရေး ဝန်ကြီးဖြစ် သော ဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်သည့် တာရိုအာဆိုကို မြန်မာနိုင်ငံ သို့ စေလွှတ်ခဲ့ပါသည်။

ထိုသို့ စေလွှတ်ခဲ့ရာတွင် အစိုးရ ဝန်ကြီးအဖွဲ့မှ နာမည်ကျော် ထင်ရှားသည့် ခေါင်းဆောင်တစ်ဦး အား နိုင်ငံငယ် လေးဖြစ်သည့် မြန်မာနိုင်ငံ ကို စေလွှတ်ခဲ့သည့်အတွက် ဂျပန်လူမျိုးတို့အတွက် အံ့အားသင့်စရာ တစ်ခု ဖြစ်ခဲ့ရပါသည်။

ထိုသို့ ဂျပန်နိုင်ငံ၏ မူဝါဒ အလေးထားမှုသည် အမေရိကန် ပြည်ထောင်စု၏ “အာရှမဏ္ဍိုင်ပြု” မူဝါဒကို ထောက်ခံ အားဖြည့်ရာ သဘောသက်ရောက်နေခဲ့ပါသည်။ သို့သော် ဂျပန်နိုင်ငံ၏ သေချာလွန်း သော ရည်ရွယ်ချက်မှာ အရှေ့တောင် အာရှ၏ အလားအလာကောင်းသော ဈေးကွက်သစ်များအတွက်ဖြစ်ပြီး တစ်ပြိုင်တည်း တွင် ဒေသတွင်း တရုတ်ပြည်၏ ဩဇာလွှမ်းမိုးမှုကို လျှော့ချနိုင်ရန် ဖြစ်ပါသည်။ နှစ်အတော် ကြာကြာကပင် ဂျပန်နိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများ နှင့် ဆက်ဆံရေး မြှင့်တင်နိုင်ခဲ့ပါသည်။ ထိုသို့ ဆက်ဆံရေး ကောင်းမွန်အောင် မြှင့်တင်ရာတွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)နှင့် ဂျပန်နိုင်ငံ အကြား အပြန်အလှန် အလေးထားပြီး ဆွေးနွေးဖက်အဖြစ် ၁၉၇၇ ခုနှစ်ကတည်းကပင် အခိုင်အမာ ထူထောင်နိုင်ခဲ့ပါသည်။

အာဆီယံနိုင်ငံများ၏ အမြင်တွင်မူ ဂျပန်-အာဆီယံ ဆက်ဆံရေးသည် ကောင်းမွန်ခဲ့သော်လည်း အကောင်း ဆုံးဟု ပြောဆိုရန် အချိန်မသင့်သေး ဟု မြင်နေခဲ့ပါသည်။ ဂျပန်နိုင်ငံ ၏ နိုင်ငံခြားရေးမူဝါဒသည် အမေရိကန် နှင့် ချစ်ကြည်ရင်းနှီးစွာရှိရေး မူဝါဒသာဖြစ်ခဲ့ပြီး အာဆီယံနိုင်ငံ များနှင့် မဟာဗျူဟာမြောက် မိတ်ဖက် အဖြစ် ရောက်ရှိ ရန် လိုအပ်ချက်များ ရှိနေခဲ့သည်ဟု ယုံကြည်မှုများ ရှိနေခဲ့ပါသည်။ မည်သို့ဆိုစေကာမူ ဖူကူဒါ ဩဝါဒကို ထင်ရှားစေခဲ့ သည့် ၁၉၇၇ ခုနှစ် အာဆီယံ ဂျပန် ဆက်ဆံရေး ကဏ္ဍသည် ဂျပန်နိုင်ငံ ၏ အရှေ့တောင် အာရှဒေသအတွင်း တက်ကြွစွာ ပါဝင်လာမှု အစဖြစ်ခဲ့ပါသည်။ ၁၉၇၇ ခုနှစ်တွင် ဂျပန် ဝန်ကြီးချုပ် တာရိုအာဆိုသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ သွား ရောက်ခဲ့ပြီး ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသစ်ကို ဖွင့်ချပြသခဲ့ကာ ထင်ရှားအောင်မြင်မှုရခဲ့ပါသည်။ အဆိုပါ ဖူကူဒါ၏ မိန့်ခွန်းသည် ဒုတိယကမ္ဘာစစ် အပြီး အရှေ့တောင် အာရှဒေသအတွင်း စီးပွားရေးနှင့် နိုင်ငံရေး နှစ်ရပ်လုံးတွင် ဂျပန်နိုင်ငံ တက်ကြွစွာ ပါဝင်လာမှု ကို ပြသနိုင်ခဲ့ပါသည်။

အဆိုပါ ဖူကူဒါမူဝါဒတွင် အဓိကအချက် ၃ ချက်ပါဝင်ခဲ့ပါ သည်။ ပထမအချက်မှာ စစ်ရေး အရ ပါဝင်မှုကို ငြင်းပယ် ထားပြီး ဒုတိယအချက်မှာ နှစ်ဖက်ယုံကြည် မှု အခိုင်အမာတည်ဆောက်နိုင်မှုကို မြှင့်တင်ရန်ဖြစ်ကာ တတိယအချက်  မှာ ငြိမ်းချမ်းပြီးြွကယ်ဝချမ်းသာ သော အရှေ့တောင်အာရှဒေသဖြစ် ပေါ်လာရေးတွင် ဂျပန်နှင့် အာဆီယံ နိုင်ငံများအကြား ဂုဏ်ရည်တူ မိတ် ဖက်များအဖြစ် ဆက်ဆံနိုင်ရေးတို့ ပါဝင်ခဲ့ပါသည်။

လွန်ခဲ့သော ဆယ်စုနှစ်များတွင် တရုတ်ပြည်၏ ဩဇာအရှိန်အဝါ သည် ဒေသတွင်း အဓိကကျစွာ ပါဝင်လာခဲ့ပြီး အမေရိကန်ပြည်ထောင် စု၏ ဩဇာပင် ကျဆင်း ခဲ့ရပါသည်။ ဤသို့ဖြင့် ဂျပန်နိုင်ငံသည် အာရှ ဒေသ အတွင်း မြင့်တက်လာသော တရုတ်ပြည်ကို ချိန်ခွင်လျှာထိန်းညှိ နိုင်ရန်နှင့် အရှေ့တောင် အာရှဒေသ အတွင်းရှိ ဂျပန်နိုင်ငံ၏ အကျိုးစီးပွား ကို ကာကွယ်နိုင်ရန် နည်းလမ်းများ ရှာဖွေခဲ့ရပါသည်။

၂ဝဝ၂ ခုနှစ်တွင် ဂျပန်ဝန်ကြီး ချုပ် ဂျူနီချီရိုကိုအိဇုမိမှ အရှေ့ အာရှဘုံဈေးအဖွဲ့ အယူအဆတစ်ရပ် ကို တင်ပြထူထောင်ရန် ကြိုးပမ်းခဲ့ သော်လည်း မအောင်မြင်ခဲ့ပေ။ ဤ သို့ဖြင့် ယခုအခါ မြန်မာနိုင်ငံတွင် တရုတ်ပြည်၏ နိုင်ငံရေးနှင့် စီးပွား ရေးလွှမ်းမိုးမှုများကို လျှော့ချနိုင်ရန် ဂျပန်-မြန်မာ ဆက်ဆံရေးကဏ္ဍသစ် များကို အကောင် အထည်ဖော် လာခဲ့ ပါသည်။ သေချာလွန်းပြီး သံသယ ကင်းနိုင်သည့်အချက်တစ်ခုမှာ တာရို အာဆို၏ နေပြည်တော်ခရီးစဉ်သည် တရုတ်ဩဇာကို ဒေသတွင်း ချိန်ညှိ ထိန်းနိုင်စေရန် အတွက်ပင် ဖြစ်ပါ သည်။

လွန်ခဲ့သော တစ်နှစ်အတွင်း တရုတ်-ဂျပန်ဆက်ဆံရေးသည် တင်းမာမှုများ ပြင်းထန်ခဲ့ပါသည်။  အရှေ့တရုတ် ပင်လယ်အတွင်းရှိ ဆန်ကာကူကျွန်းစု သူပိုင်ငါပိုင် အငြင်းပွားမှုသည် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ဆိုးရွား စွာ ပျက်စီးစေခဲ့ပါသည်။ ဤဖြစ်ရပ်သည်ပင် အရှေ့တောင်အာရှဒေသအတွင်း တရုတ်-ဂျပန်အားပြိုင်မှု ကို ထင်ဟပ်နေခဲ့ပါသည်။ တရုတ်ပြည် သည် အမေရိကန်ကျောထောက်နောက် ခံပြုမည့် ဂျပန်၏ အရှေ့တောင် အာရှဒေသအတွင်း အကျိုးစီးပွား သစ်များ ချဲ့ထွင်မှုကို စိုးရိမ်နေခဲ့ပါ သည်။ ဤသို့ဖြင့် တာရိုအာဆို၏ သမိုင်းဝင် မြန်မာပြည် ခရီးစဉ်သည် တရုတ်ပြည် အတွက် မျက်စိစပါးမွေး စူးစရာ တစ်ခုဖြစ်ခဲ့ရ ပါသည်။ နှစ်ပေါင်းများစွာ ဂျပန်နိုင်ငံ၏ အရှေ့တောင်အာရှ နိုင်ငံများအပေါ် တစ်ဝက် တစ်ပျက် ဆွေးနွေးမှု မူဝါဒများသည် တရုတ်ပြည်အတွက် ဦးဆောင်နိုင်မှု အခွင့်အလမ်းဖြစ်ခဲ့သည်။

တရုတ်ပြည်နှင့် အပြိုင် အရှေ့တောင်အာရှ ဒေသတွင်း ဂျပန်နိုင်ငံ ၏ အားပြိုင်မှုသည် လွယ်ကူမှု ရှိမည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် တရုတ်ပြည်သည် အရှေ့တောင် အာရှနိုင်ငံများအပေါ် ရန်လိုသော ချဉ်းကပ်မှုမျိုးနှင့်ပါ ချဉ်းကပ်လာသောကြောင့်လည်း ဖြစ်ပါသည်။ စင်ကာပူနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း  လီကွမ်းယူမှ မှတ်ချက်ပြု ပြောကြား ချက်တစ်ခုမှာ အကယ်၍ ဂျပန်နိုင်ငံသည် ယင်း၏ စီးပွားရေးကို ပြန်လည် အားကောင်းအောင် မပြုနိုင်လျှင်  တရုတ်ပြည်သည် အရှေ့တောင် အာရှအတွက် အစပြု ဦးဆောင်သူ နေရာ ရောက်ရှိလာမည်မှာ ဧကန် ဖြစ်သည်ဟု ဆိုခဲ့ပါသည်။ ဤသို့ နှင့် ဂျပန်စီးပွားရေး ဆုတ်ယုတ် လာမှုကြောင့်ပင် ဂျပန်နိုင်ငံ၏ တက်ကြွသော နိုင်ငံခြားရေး မူဝါဒသစ်သည် ပေါ်ထွက်လာခဲ့ရပါတော့သည်။ သို့သော် တစ်ပြိုင် တည်း ပေါ်ထွက်လာသော မေးခွန်းမှာ Abe အစိုးရသည် အရှေ့တောင်အာရှ ဒေသအတွင်းတွင် တရုတ်ကို ယှဉ်ပြိုင်နိုင်ပါမည်လော ဆိုသည့် မေးခွန်းပင်ဖြစ်ပါသည်။

Ref: japantimes.co.jp

ဝ၃ဝ

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*