မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် စက်တင်ဘာ ၂၁ ရက်၌ နယူးယောက်မြို့တွင် အတ္တလန္တိတ်ကောင်စီ (Atlantic Council)မှ အမြော်အမြင် ကြီးမားသည့် ကမ္ဘာ့ခေါင်းဆောင်များ ကို အသိအမှတ်ပြုပေးအပ်သည့် ကမ္ဘာ့နိုင်ငံသားဆု(Global Citizen Award)ကို လက်ခံရန် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်မည် ဖြစ်ကြောင်း အေပီသတင်းဌာနသို့ အတည်ပြု ပြောကြားခဲ့သည်။ သို့သော် ခရီး အစီအစဉ်အသေးစိတ်ကိုမူ ပြောကြားခြင်း မရှိပါ။

ထိုဆုကို ဂျပန်နိုင်ငံမှ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဟောင်း Sadako Ogata နှင့်အတူ ချီးမြှင့်မည် ဖြစ်သည်။ “ကျွန်တော်တို့ ခေတ်ကာလရဲ့ အထင်ရှားဆုံး နိုင်ငံရေး အကျဉ်းသားတစ်ဦးနဲ့ ဘော့စနီးယားမှသည် ရဝမ်ဒါအထိ လူ့အခွင့်အရေးအတွက် သတ္တိရှိရှိ တိုက်ပွဲဝင် တောင်းဆိုခဲ့တဲ့ အမျိုးသမီး တစ်ဦးကို ဂုဏ်ပြုခြင်းအားဖြင့် ကမ္ဘာ့နိုင်ငံသားဆိုတဲ့ အယူအဆကို ကျွန်တော်တို့အဓိပ္ပာယ် ဖွင့်လိုက်တာပါ”ဟု အတ္တလန္တိတ် ကောင်စီဥက္ကဋ္ဌနှင့် စီအီးအို Frederick Kempe က ပြောသည်။ ထို့အပြင် အသက် ၈၉ နှစ်အရွယ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာနှင့် ဂီတသူရဲကောင်း Quincy Jones တို့ကိုလည်း ဆုချီးမြှင့်မည် ဖြစ်သည်။

ဂျပန်နိုင်ငံမှ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဟောင်း Sadake Ogata

ဂျပန်နိုင်ငံမှ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဟောင်း Sadake Ogata

အမေရိကန် နိုင်ငံခြားရေးဌာနက ထိုအလည်အပတ်ခရီးစဉ်အတွင်း အမေရိကန်အစိုးရနှင့် တွေ့ဆုံရန်    ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမည် ဖြစ်ကြောင်း ပြောကြားသော်လည်း အသေးစိတ်ကို ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိချေ။ “ဒေါ်အောင်ဆန်း စုကြည်ကို နိုင်ငံခြားရေးဌာနက ကြိုဆိုဖို့နဲ့ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ သင့်တော်မယ့်ရက်ကို ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Patrick Ventrell က သတင်းထောက်များအား ပြောခဲ့သည်။ ဆုချီးမြှင့်မည့် နေ့ရက်မှာ ထင်ရှားသည့် နိုင်ငံတကာ ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများ စုံညီစွာ တက်ရောက်ကြသည့် နယူးယောက်မြို့တွင် ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံဖွင့်ပွဲ ကျင်းပရက် စက်တင်ဘာ ၁၈ ရက် နှင့် အနီးကပ်ဖြစ်သည်။

လွန်ခဲ့သည့် အပတ်တွင် ၁၅နှစ် ကြာ မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့ သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့ အရေးယူမှုများကို အမေရိကန် ပြည်ထောင်စုက ဆိုင်းငံ့ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ရီပတ် ဘလီကန်နှင့် ဒီမိုကရက်နှစ်ဖက်လုံး ၏ လေးစားချစ်ကြည်မှုကို ရရှိသူဖြစ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်စုကျော် ကြာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပေါ်လစီတွင် လမ်းပြရှေ့ဆောင် ဖြစ်ခဲ့သည်။ ပြုပြင်ပြောင်းလဲရေးသမား မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အိုဘားမားအစိုးရ၏ ထိတွေ့ဆက်ဆံမှု ကို ထောက်ခံအားပေးခဲ့သူ လည်းဖြစ် သည်။ သို့သော် သူနှင့်အမေရိကန် အစိုးရကြား ရှားရှားပါးပါး အမြင်ကွဲပြားမှု တစ်ခုဖြစ်ပေါ်လာခဲ့သည်။ လွန်ခဲ့သည့်လတွင် ထင်သာမြင်သာ မရှိမှုကြောင့် မြန်မာနိုင်ငံပိုင် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းနှင့် အလုပ်လုပ်နေ သော အမေရိကန်ကုမ္ပဏီများကို သူက ဆန့်ကျင်ပြောကြားခဲ့သည်။ သို့တစေ ထိုလုပ်ငန်းတွင် ဝင်ရောက်ရင်းနှီး မြှုပ်နှံကြမည့် ကုမ္ပဏီများကို အမေရိကန်အစိုးရက ခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်း စုကြည်က ဘာမျှ မထူးခြားကြောင်း ပြောဆိုခဲ့ပြီး    နိုင်ငံခြားကုမ္ပဏီများကို ပွင့်လင်းမြင်သာမှု ရှိရန် ထပ်မံ တောင်းဆိုခဲ့သည်။

Ref: AP, AFP

ဝ၄ဝ

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*