ပြည်တွင်းသတင်း — ရန်ကုန်၊ စက်တင်ဘာ ၂ဝ၊ ၂ဝ၁၂

ပြည်သူ့အကျိုးအတွက် လုပ်ကိုင် ဆောင်ရွက် ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရပ်ကျေးရုံးများဖွင့်လှစ် ထားရှိခြင်း   ဖြစ်ကြောင်းနှင့် ပြည်သူ လူထု၏အခက်အခဲများကို ရပ်ကျေးရုံးများ မှတစ်ဆင့် နိုင်ငံတော်အဆင့် အထိ ရောက်အောင် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၂ ရက် နံနက် ၉ နာရီက မန္တလေး မြို့၊ ချမ်းအေးသာစံ မြို့နယ် ၊ အောင်နန်း ရိပ်သာအနောက်ရပ်ကွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ် တင် ရုံးခန်းဖွင့်ပွဲ၌ တိုင်းညီလာခံ ကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်ဝင်းမြမြက ပြောသည်။

“မြေသိမ်း ယာသိမ်းကအစ လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စ တွေမှာ ပြည်သူလူထုရဲ့အခက်အခဲ တွေကို ရပ်ကွက် ရုံးတွေကစပြီး ကိုင်တွယ် ဖြေရှင်းပေး မှာပါ။ ပြည်သူလူထု အခက်အခဲ အကျပ်အတည်း တွေကို ရုံးတွေမှာ လာတင်ပြတယ် ဆိုရင် ဒေသခံ အာဏာပိုင်တွေနဲ့  ဦးစွာပထမ ညှိနှိုင်းပြီး ဆောင်ရွက် ပေးပါမယ်။ ဒါကိုမှ အဆင်မပြေဘူး ဆိုရင် ကျွန်မတို့ တစ်ဆင့် တစ်ဆင့် တက်သွားပြီး အခုဗဟိုအဆင့်အထိ တင်မှာ ဖြစ်ပါတယ်။ ဗဟိုအဆင့်မှာ မှ အဆင်မပြေသေးဘူးဆိုရင် လွှတ်တော်ထဲအထိ ကျွန်မတို့ရဲ့ခေါင်းဆောင်တွေ ကနေ ပြီးတော့မှ သယ်ဆောင်သွားပြီး တင်ပြပြီးတော့မှ ပြည်သူ့ အရေးကို ဆောင်ရွက် ပေးပါလိမ့်မယ်။ ဒါကြောင့် ဒီရုံးတွေဟာ ပြည်သူ့အရေးအတွက်ကို လုပ်နေတဲ့ အလုပ် လုပ်နိုင်အောင်လို့ ဖွင့်ထားတဲ့ ရုံးတွေ ဖြစ်ပါတယ်”ဟု ယင်းက ပြောသည်။

ဆက်လက်၍ “ဒီလိုရုံးခန်းတွေကို လိုက်ပြီး ဖွင့်ပေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဒီရုံးခန်းတွေမှာ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လုပ်ငန်း ဆောင် တာတွေကို လုပ်နိုင်အောင်လို့ ပြည်သူလူထုနဲ့ ထိတွေ့ ဆက်ဆံနိုင်အောင်လို့ ကျွန်မတို့ ရုံးခန်းတွေ ဖွင့်ခြင်း ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ ရင်းရင်းနှီးနှီး ထိတွေ့ ဆက်ဆံဖို့ လိုတဲ့အတွက်ကြောင့် ပါတီစတင် တည်ထောင်ခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်က တည်းကမှ အဖွဲ့ချုပ်ရဲ့မူဝါဒဟာ ဆိုလို့ရှိရင် ဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်း စုကြည် အမြဲတမ်း အမိန့်ရှိပါတယ်၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူလူထု အထွေထွေ အကျပ်အတည်းများမှ လွတ်မြောက်ရေး စတဲ့မူဝါဒတွေနဲ့ အဖွဲ့ချုပ်ကို ထူထောင်ခဲ့တာပါ။ ဒီလုပ်ငန်း တွေကို လုပ်ကိုင်ဆောင်ရွက်ဖို့ ဒီရုံးခန်းတွေ ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်” ဟု ဒေါ်ဝင်းမြမြက ထပ်လောင်း ပြောသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူ အသီးသီးက အမှာစကားများ၊ ရှေ့လုပ်ငန်းစဉ်များ အကြောင်း အသီးသီး ပြောကြားပြီးနောက် ဆိုင်းဘုတ်တင် ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို အတီးအမှုတ် အကအခုန် များဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ရက်မှ စတင်၍ သန္ဓေတည် မွေးဖွားလာခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ယခုနှစ် စက်တင်ဘာ ၂၇ ရက်ဆိုလျှင် ၂၄ နှစ်သို့ ရောက်ရှိပြီ ဖြစ်သည်။

ဝဝ၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*