တိုင်းရင်းသားသတင်း — မြစ်ကြီးနား၊ မေ ၂၂၊ ၂ဝ၁၂

စစ်ဘေးသင့် ပြည်သူများအတွက် နေရာထိုင်ခင်း တိုးချဲ့ပေးရန်လိုကြောင်း ဝိုင်းမော်မြို့ရှိ မြို့မ နှစ်ခြင်း အသင်းတော် ခိုလှုံရေးစခန်းမှ ဒုတိယတာဝန်ခံ ဦးတူးနန်က မေ ၂၂ တွင်  မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောခဲ့သည်။

လူဦးရေ ၈၃၄ ဦးအတွက် နေရာထိုင်ခင်း အခက်အခဲဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက် ပြီး အထက်ကိုတင်ပြသောအခါ လျင်မြန်စွာ ဆောင်ရွက်မှုမရှိ​ကြောင်း၊ ယခုကာလသည် နွေရာသီ ​ဖြစ်ပါသောကြောင့် ရေများ ကုန်ခမ်းသဖြင့်​    ရေပြဿနာများရှိ​ကြောင်း၊ အာဟာရဖြစ်စေသော ဆေးဝါးများလိုကြောင်း၊ စားသောက်ရေးပိုင်းတွင်လည်း အခက်အခဲရှိကြောင်း မြို့မနှစ်ခြင်း အသင်းတော် ခိုလှုံရေးစခန်းတွင် ဒုတိယတာဝန်ခံ ဦးတူးနန်က ပြောခဲ့သည်။ ယင်း ခိုလှုံရေးစခန်းတွင်သာမက အလားတူဖြစ်ရပ်များကို ဝိုင်းမော်မြို့ရှိ ခိုလှုံရေးစခန်း ၁ဝ ခုလုံးတွင် ရင်ဆိုင်နေရကြောင်း ဆက်လက်ပြောခဲ့သည်။ ““အခုလို ခိုလှုံရေးစခန်း ဖြစ်လာမယ်လို့ အစတုန်းက မမျှော်လင့်ထားဘူး။ စိတ်ကူးလည်းမရှိဘူး။ ကြာမယ် လို့လည်း မထင်ထားဘူး””ဟု ထပ်မံပြောခဲ့သည်။ စစ်ဘေးသင့်ပြည်သူများ တစ်နေ့တခြား များလာသောကြောင့် အသင်းတော်မှ လူငယ်များ အန်ဂျီအို အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့တို့ ပူးပေါင်းတိုင်ပင်ပြီး ယခုကဲ့သို့ စခန်း ​ဖြစ်လာသောကြောင့် စားသောက်နေထိုင်ရေးတွင် အခက်အခဲ ဖြစ်လာကြောင်း ဆက်လက်ပြောခဲ့သည်။ ယခု ခိုလှုံရေးစခန်းတွင် ရှမ်း၊ ဗမာနှင့် ကချင် လူမျိုးများသာမက မူစလင်လူမျိုးများလည်းရှိကြောင်း ထပ်မံပြောခဲ့သည်။

ဝိုင်းမော်မြို့ရှိ မြို့မနှစ်ခြင်း အသင်းတော် ကယ်ဆယ်ရေးစခန်းတစ်နေရာ

ဝိုင်းမော်မြို့ရှိ မြို့မနှစ်ခြင်း အသင်းတော် ကယ်ဆယ်ရေးစခန်းတစ်နေရာ

မြို့မ နှစ်ခြင်းအသင်းတော် ခိုလှုံရေးစခန်းမှ အသက် ၆ဝ ရွယ် ရှိသော ဒေါ်ခေါန်ရော်က ““တိုက်ပွဲက ၂ဝ၁၁ ဇူလှိုင်လ ၁၅ ရက် မှာ အဖွားတို့ ရွာအနီးမှာ စဖြစ်တာလေ။ အဖွားလည်း ကြာမယ်လို့ မထင်ထားဘူး။ စစ်တပ်နဲ့ ကေအိုင်အေတို့ အကြီးအကျယ်ဖြစ်ကြတော့ အဖွားတို့လည်း ထွက်ပြေးလာရတာ၊ ဘယ်မှာနေရမှန်းလည်း မသိဘူး။ အဲ့ဒါနဲ့ အသင်းတော်မှာ တစ်ရက်နှစ်ရက် ခိုလှုံဖို့ တောင်းရင်း ဒီမှာနေဖြစ်သွားတာ။ အဖွားနဲ့ ကလေး ၄ ယောက်လည်း ပါလာတယ်””ဟု ပြောခဲ့သည်။

““တစ်ခန်းကို မိသားစု နှစ်စု နေရတယ် ဟိုဘက်မိသားစုက ၆ ယောက်၊ အန်တီတို့က ၆ ယောက်၊ စုစုပေါင်း ၁၂ ယောက်လေ၊ နေ့ဘက်ဆို မနေနိုင်ဘူး။ အရမ်းပူတယ်၊ ညဘက်လည်း ပူတာပါပဲ။ အိပ်တာကတော့ ၁၂ ယောက်လုံး ကျပ်ကျပ်တပ်တပ်ပဲလေ။ အိပ်စရာနေရာလေး ရရင်ပဲ ကျေးဇူးတင်လှပါပြီ””ဟု လိုင်ဇာမြို့အနီး ကဇူးရွာမှ ထွက်ပြေး တိမ်းရှောင်လာသူ ဒေါ်ဂျီကော့မိုင်က ပြောခဲ့သည်။

““ဟိုဘက်အခန်းဆို မိသားစု ၃ စု နေရတယ်””ဟု ဒေါ်ခေါန်ရော်က ပြောခဲ့သည်။ စားရေး သောက်ရေးတွင် အနည်းငယ်သာ အဆင်ပြေသော်လည်း ဆပ်ပြာများ လုံလောက်မှု မရှိကြောင်း၊ ဝယ်သုံးစရာ ဝင်ငွေလည်း မရှိ​ကြောင်း၊ အလုပ်အကိုင်လည်း မရှိကြောင်း၊ ကဇူးရွာမှ ထွက်ပြေး တိမ်းရှောင်လာသူ ဒေါ်ရွယ်နှောင်းက ပြောခဲ့သည်။

လူဦးရေများလာပြီး နေထိုင်ရေး အခက်အခဲများကြောင့် နောက်ထပ် တိမ်းရှောင် ခိုလှုံသူများကို လက်မခံတော့ကြောင်း၊ တခြားခိုလှုံရေးစခန်းများ တိုးချဲ့ရန် အခက်အခဲများ တွေ့နေကြောင်း ဒုတိယတာဝန်ခံ ဦးတူးနန်က ပြောခဲ့သည်။

ဝဝ၇

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*