စာအုပ်သုံးသပ်ချက် — ဇန်နဝါရီင်္ ၃၊ ၂ဝ၁၃

ကမ္ဘာသိ မြန်မာအနုပညာရှင် ပေါ်ဦးသက်အမှတ်တရ ဂုဏ်ပြု ထုတ်ဝေသော စာအုပ်ဖြစ်ပြီး ၁၉၉၃ ခုနှစ်က ပထမအကြိမ် ထုတ်ဝေခဲ့ဖူး သော စာအုပ်လည်းဖြစ်သည်။ ယခု နှစ်ပေါင်း ၂ဝ ခန့်အကြာတွင် ဒုတိယအကြိမ် အဖြစ် အက္ခရာစာပေမှ ထပ်မံ ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။

မြန်မာ့ပန်းချီ အနုပညာ သမိုင်းတွင် နေတစ်ဆူ၊ လတစ်ပါး ဂုဏ်ရှိန် ကြီးမြင့်ခဲ့ပြီး ကမ္ဘာ့အလယ်တွင် မြန်မာ့ပန်းချီ အနုပညာကို ဝင့်ထည်စေခဲ့သော အနုပညာရှင်တစ်ဦးအ တွက် ဂုဏ်ပြုချက်လည်းဖြစ်သည်။ စာအုပ်တွင် ဆရာပေါ်ဦးသက် ရေးသားခဲ့သော ဆောင်းပါး၊ စာစု၊ မှတ် ချက် ၁၂ ပုဒ်နှင့်တကွ ဆရာပေါ်ဦး သက်အား ချစ်ခင်နှစ်သက် တန်ဖိုးထားကြသည့် မြန်မာ့အနုပညာရှင် တို့၏အမှတ်ရချက်၊ တမ်းတချက် များကို စုစည်းထားခဲ့သည်။ ဆရာ ပေါ်ဦးသက်ရေးသားခဲ့သော ၁၉၇၁ မိုးဝေမဂ္ဂဇင်းပါ အနုပညာ အကြောင်း ကိုယ့်အကြောင်း ဆောင်းပါးတွဲ ၄ ပုဒ်(အမှတ် ၄ မှာ ရေးလက်စဖြစ် သည်။) ၂၈၊ မေ၊ ၁၉၇ဝ ကြေးမုံ သတင်းစာပါ ပန်းချီပန်းပုကောင်စီ အစည်းအဝေးကြီးသို့ ဆောင်းပါး၊ ၁၉၈၁၊ ဆေးတက္ကသိုလ် ၂ မဂ္ဂဇင်း ပါ ဆရာဝန်နှင့် အနုပညာဆောင်းပါးရေးဖော် အနုပညာရှင် ခင်ဝမ်း၏ ဒြပ်မဲ့ပန်းချီပြပွဲအကြောင်း ခံစားတင်ပြ ထားသည့် စဲနေသော ဂီတသံများ (သို့မဟုတ်) ခင်ဝမ်းဒြပ်မဲ့ပန်းချီပြပွဲ ဆောင်းပါးများလည်း ပါဝင်သည်။

ဆရာပေါ်ဦးသက်နှင့် ခေတ် ပြိုင် အနုပညာလောကအတွင်း လက်တွဲဖြတ်သန်းခဲ့ကြဖူးသော မင်းသုဝဏ်၊ မင်းနိုင်၊ ဝင်းပ၊ ဦးတင်မောင် အေး၊ ဦးချစ်ဝိန်(ဓာတ်ပုံ)၊ ခင်ဝမ်း၊ ဦးအောင်ခင်၊ နန္ဒသိန်းဇံ၊ မောင်ဒီ၊ ချစ်စံဝင်း၊ လူထုဒေါ်အမာ၊ ခင်မောင် ရင်၊ ဝင်းဖေ၊ မောင်စွမ်းရည်၊ ကေတီတင့်လွင်ထူး၊ မောင်သစ်လွင် (လူထု)၊ နတ်မောက်ထွန်းရှိန်၊ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၊ ဝင်း မောင်(တမ္ပဝတီ)၊ စိန်မြင့်(ရွှေချည် ထိုး)၊ ချိုချိုအောင်၊ ဖေညွန့်ဝေ၊ အော် ပီကျယ်၊ မောင်အေးမြင့်(မြန်မာ့ရိုးရာ ဒီဇိုင်း)၊ ဦးစံဝင်း၊ ဒေါက်တာလွင် အောင်၊ မောင်မိုးသူ၊ သိမ်းမောင် (လှိုင်သာယာ)စသူတို့၏ အမှတ်ရချက်များလည်း ပါဝင်သည်။ မောင်မိုးသူနှင့်သိမ်းမောင်(လှိုင်သာ ယာ)တို့၏ ဆောင်းပါးများမှာမူ ပထမအကြိမ်ထုတ်ဝေစဉ်က မပါ ဝင်ခဲ့ဘဲ ယခုဒုတိယအကြိမ်တွင် ထပ် မံပေါင်းစပ်ဖော်ပြထားခြင်းဖြစ်သည်။ ဆရာမောင်မိုးသူ ၏ ဆောင်းပါးများ မှာမူ ယခင် စာနယ်ဇင်း များတွင် ဖော်ပြပါရှိခဲ့သော ဆောင်းပါးများကို စုစည်းတင်ပြ ထားခြင်းဖြစ်ပြီး “လွမ်းတော်မူဖို့ စာကို စီတယ်” ဆောင်းပါး ပေါင်းချုပ် စာအုပ်တွင် ပါဝင်ဖော်ပြ ခဲ့ပြီးသားလည်းဖြစ်သည်။

စာအုပ်တွင် ဆရာပေါ်ဦးသက် ၏ ဘဝမှတ်တမ်းနှင့်တကွ နာမည် ကျော်ပန်းချီလက်ရာများကိုပါ ကျန သေချာစွာ ပုံနှိပ်ဖော်ပြ ထားသည်။ ပထမအကြိမ်ထုတ် စာအုပ်ပါ ပုံများ သာမက ထပ်မံဖြည့်စွက်ထားသော အချို့လက်ရာများကိုလည်း တွေ့ရ သည်။

မြန်မာ့ပန်းချီ အနုပညာသမိုင်း ကိုပြုစုလျှင် ပေါ်ဦးသက်ဆိုသော အမည်ကို ချန်ရစ်ထား၍ရနိုင်မည် မဟုတ်ပါ။ မြန်မာ့မော်ဒန် ပန်းချီ ခေတ်ဦးကာလတစ်ခုကိုလည်း ပေါ် ဦးသက်၏ ဖန်တီးမှုများနှင့် တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သကဲ့သို့ ဆရာ ပေါ်ဦးသက်၏ မြန်မာ့ရနံ့ခေတ်ပေါ် ပန်းချီဟန်များနှင့် ကမ္ဘာ့အနုပညာ ရပ်ဝန်းတွင် ဂုဏ်တင့်ခဲ့ခြင်းလည်း ဖြစ်သည်။ စာအုပ်ပါအမှတ်ရချက် များမှတစ်ဆင့် ဆရာပေါ်ဦးသက်၏ ဘဝဖြတ်သန်းမှု၊ ပညာရှာမှီးမှု၊ အနု ပညာဖန်တီးမှုနှင့် အနုပညာဆိုင်ရာ အတွေးအမြင်သုံးသပ်ချက်များကို လည်း လေ့လာရနိုင်သည်။ အနု ပညာရှင်တို့၏ ရသမြောက်အမှတ်ရ ချက်များကိုလည်း ခံစားမိစေသည်။

ဆရာပေါ်ဦးသက်၏ ငယ်စဉ်ဘဝ၊ စစ်၏ အနိဋ္ဌာရုံကြောင့် ကိုယ် လက်အင်္ဂါချို့ယွင်းခဲ့ရသော်လည်း မလျှော့ သောဇွဲ၊ လုံ့လ၊ ပါရမီတို့ဖြင့် အနုပညာကို ချဉ်းကပ်ခဲ့ပုံများ၊ ကြုံတွေ့ခဲ့ရသော ဆရာသမားကောင်း တို့ကြောင့် ပညာပါရမီရင့်မှည့်လာ ပုံများ၊ ဆရာနှင့်တပည့်တို့၏ ချစ်မြတ်နိုးဖွယ် သံယောဇဉ်နှင့် စေတနာတရား၊ အနုပညာရှင် တစ်ဦးအပေါ် အဘက်ဘက်မှ နားလည်စာနာပေးပြီး မြေတောင်မြှောက်ပေးခဲ့ကြသည့် အနုပညာရှင် တို့၏ နွေးထွေးသော အသိုင်းအဝိုင်း၊ အစဉ်အလာ၊ သမား ရိုးကျ ပန်းချီဟန်ပန်များဆီမှ ဖြန့် ထွက်တိုးတက်၍ သိပ္ပံပညာနှင့် အနု ပညာတို့ကို အချိုးညီညီပေါင်းစပ် ဖန်တီးလိုကြသည့် ပါရမီရှင်အနု ပညာသမားလူငယ်တစ်စု၊ ရိုးသားမှုနှင့် ဥာဏ်ပညာပေါင်းစပ်မှုတို့မှ ပေါ်ထွက်လာရသည့် ကမ္ဘာကျော် အနုပညာလက်ရာများ စသည်တို့ကို ဆိုင်ရာပုဂ္ဂိုလ်တို့၏ ဆရာပေါ်ဦး သက်အပေါ် အမှတ်ရချက်များမှ တစ်ဆင့်မြင်တွေ့ရမည်ဖြစ်သည်။ အနုပညာသမားတို့နှင့် ပါရမီဖြည့် ဖက်တို့၏ နှစ်သက်ဖွယ်ဆက်ဆံရေး ကို ဆဝါးတွေ့သိရမည်လည်းဖြစ် သည်။

အထူးသဖြင့် ၁၉၆ဝ-၁၉၈ဝ ကာလများဆီမှ အုံနှင့်ကျင်းနှင့် ဖွံ့ဖြိုးရှင်သန်ခဲ့ကြသော ဖူးသစ်စ လူငယ် အနုပညာရှင်တို့၏ စုစည်းရာ လောကတစ်ခုလုံးကို နှစ်သက်အား ကျဖွယ် ပြန်ပြောင်း သတိရနိုင်စေသည့် စာစုများလည်း ဖြစ်သည်။ စာအုပ်၏ အဓိက အရေးပါသော စာစုများမှာ ဆရာပေါ်ဦးသက် မိုးဝေ မဂ္ဂဇင်းတွင် ရေးသားခဲ့သည့် အနုပညာ အကြောင်း ကိုယ့်အကြောင်း ဆောင်းပါး ၄ ပုဒ်နှင့် ဆရာမောင်မိုးသူ၏ ပေါ်ဦးသက် နှင့် မောင်မိုးသူ ဆောင်းပါးရှည်ကြီးများ ဖြစ်သည်။ ဆရာ ပေါ်ဦးသက်၏ ဆောင်းပါး ၄ ပုဒ်မှာမူ အနုပညာရှင် တစ်ဦး၏ ရိုးသားပွင့်လင်းသော စိတ်စေတနာ ရင်းနှင့် သန့်စင်သော စိတ်နှင့်အနု ပညာအပေါ် ချဉ်းကပ် သုံးသပ်ချက် အတွေးအမြင်များကို တွေ့ရမည်ဖြစ် ပြီး ဆရာမောင်မိုးသူ၏ ဆောင်းပါးတွင်မူ လူငယ် အနုပညာရှင် တစ်စု၏  ရှားပါးထူးခြား လှသော တွေ့ကြုံ ပေါင်းသင်း ကြသည့် ဧရာမအသိုင်း အဝိုင်းကြီးတစ်ခု၏ အားကျဖွယ်မြင် ကွင်းကို တွေ့နိုင်မည်လည်းဖြစ် သည်။ ဆရာပေါ်ဦးသက်၏ အနုပညာဖြတ်သန်းမှု တစ်စိတ် တစ်ဒေသ သာမက ယနေ့ မြန်မာ့ထိပ်တန်းအနု ပညာရှင်တို့၏ ဖြတ်သန်းမှုမြင်ကွင်း ကျယ်တစ်ခုဖြစ်နေခဲ့သည်။

မျိုးဆက်သစ်အနုပညာရှင်တို့ အနေဖြင့်လည်း ဤစာအုပ်ပါ အနု ပညာရှင်တို့၏ ဖြတ်သန်းမှု၊ ဘဝ အတွေ့ အကြုံ၊ အနုပညာစွမ်းရည်တို့ မှတစ်ဆင့် တစ်စုံတစ်ရာသော အကျိုး သက်ရောက်မှု၊ အားပေးမှုများရရှိ နိုင်မည်ဟုထင်သည်။ စံနမူနာပြု ဖွယ်၊ လေးစားတန်ဖိုးထားဖွယ် အနု ပညာရှင်တို့၏ စိတ်ဝိညာဉ်များ ပူးကပ်ဝင်စားမှု သည်လည်း ဖန်တီးမှု သစ်များအတွက် အထောက်အကူပြု မည်မှာ သေချာလှသည်။

ပန်းချီပေါ်ဦးသက်နှင့် သူ့အနုပညာကို ချစ်မြတ်နိုးသူများ၊ အမှတ် ရနေကြသူများ၊ မျိုးဆက်သစ် အနုပညာရှင် များ၊ လေ့လာသူများ၏ စာအုပ်စင်တွင် ရှိအပ်သော လေ့လာ ခံစားသင့်ကြသော စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။ ဆိုရသော် မျိုး ဆက်သစ်အနုပညာရှင်တို့အတွက် အနုပညာ ဖတ်စာတစ်အုပ်ပင်ဖြစ် သည်။

ကိုယ်တို့အနေနဲ့ပေးဆပ်နိုင် တာကတော့ ကိုယ်တို့နှလုံးသားက ပေါ်ထွက်လာကြတဲ့ စေတနာနဲ့တကွ ပန်းချီကားများပေါ်က အရသာ ကလေးတွေကို လူမျိုးနဲ့တိုင်းပြည် အား အမျှပေးဝေတင်ပြခြင်းသာ လျှင် ဖြစ်ပါတော့တယ်”(စာ-၂၃)

ဝဏ္ဏလင်း

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*