ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ နယ်၊ မြဒေးကျွန်းတွင် ရေနက်ဆိပ် ကမ်းတည်ဆောက်နေသည်ကို သိရသဖြင့် ကျောက်ဖြူ မြို့ သို့ ရောက်တုန်းရောက် ခိုက် သွား၍လေ့လာချင် စိတ်ကတဖွားဖွားပေါ်ပေါက်နေသည်။ ကျောက်ဖြူမြို့တွင်ရှိသော သန္တာမြေ ဘိုးဘွားရိပ်သာမှ ဆရာတော်၏ အကူအညီဖြင့် မြဒေးကျွန်းရှိ ပြိန် ချောင်ရွာသို့ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က ရောက်သွားခဲ့သည်။

တောင်ကုန်းပေါ်တွင် တည် ထားသော ကျေးရွာကလေးများမှာ မလှပသော်လည်း ရေခံ၊ မြေခံကောင်း သောကြောင့် ခြံများတွင် စိုက်ပျိုး ထားသည့် ကွမ်းသီးပင်၊ ပိန္နဲပင်၊ သရက်ပင်များမှာ စိမ်းလန်းဝေဆာ နေကြခြင်းဖြင့် အရိပ်ကောင်း ကာ အေးမြပြီး နေချင်စရာပင်ဖြစ်သည်။

ကလေးများ၏ စာဖတ်သံကြား လိုက်ရစဉ် ဝင်ကြည့်မည်ဟုဆိုကာ အသံလာရာသို့ ဦးတည်သွားခဲ့သည်။ “ဘယ်ကလူ လဲကွ၊ လေးခွနဲ့ပစ်”ဟု ကလေးများကို အမျိုးသားတစ်ဦး က ပြောသံကြားလိုက်ရာ ကြောက်ရွံ့ မှုဖြင့် “ကျွန်မ ရခိုင်သူမပါ။ ကလေးတွေ စာကျက်သံကြားလို့ ဝင်လာကြည့်တာပါ”ဟု ပြောလိုက်သည်။ “ကျွန်တော်က တရုတ်တွေ လာတယ်ထင်တာပါ။ တောင်းပန်ပါတယ်” ဟု ထိုအမျိုးသားပြောမှ စိတ်အေး သွားရသည်။

စပ်စုချင်သောစိတ်ဖြင့် “တရုတ်တွေကို ဘာကြောင့် လေးခွ နဲ့ ပစ်ချင်နေရတာလဲ” ဆိုပြီး မေးကြည့်လိုက်ရာ “တရုတ်တွေက ဒီကျွန်းမှာရှိတဲ့မြေတွေကို မတရား ဝင်ယူထားတော့ ကုန်နေပြီ။ မြစ်မှာဆိုလည်း သူတို့တွေရဲ့ လုပ်ကွက်ကြောင့် ငါးတွေ လွတ်လွတ်လပ်လပ် ဖမ်းမရတော့ဘူး။ ဒါကြောင့် တရုတ်တွေကို ကြည့်မရတာပါ” ဟုပြော၍  ဒေသခံပြည်သူများ၏ ခံစားချက်ကို ပထမဦးဆုံး သိလိုက်ရသည်။

နိုင်ငံတကာ စီမံကိန်းအရ စီမံကိန်း တစ်ခုလုပ်မည်ဆိုက ထိုဒေသ ရှိ ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေး ကို တည်ဆောက် ပြီးမှ စီမံကိန်းကို အကောင်အထည်ဖော် ရသည်ဟု သိရသည်။ သို့သော် မြဒေးကျွန်း ရေနက် ဆိပ်ကမ်း စီမံကိန်းသည်ကား ထိုသို့မဟုတ်၊ စီမံကိန်း အကြောင်းရင်းကိုလည်း ဒေသခံပြည်သူများ မသိ၊ စီမံကိန်းကို မည်သူတွေက အကောင်အ ထည် ဖော်နေသည်၊ စီမံကိန်းက မည်သူတွေကို ကောင်းကျိုး ပြုမည်၊ မည်သူတွေကို ဆိုးကျိုး ဖြစ်စေမည် ကို ဒေသခံပြည် သူများ နားမလည်ကြ။ မြဒေးကျွန်းတွင် ရှိသော ဒေသခံ တွေမှာလည်း ဗဟုသုတ မပြည့်စုံလေသဖြင့် စီမံကိန်း အကြောင်းရင်း ကိုလည်း နားမလည်ကြ။

“ဒီစီမံကိန်းကြီးက ဒေသခံ ပြည်သူတွေကို ဘာမှလုပ်မပေး သေးဘူးလား”ဟု တွေးရင်း အိမ်အပေါ်ကို လှမ်းကြည့်ပြီး ကလေးများ စာသင်သည့် နေရာသို့ ရောက်သွားခဲ့သည်။ စုတ်ပြဲနေသော ဗလာစာ အုပ်ပေါ်တွင် ခဲတံတိုလေးဖြင့် ကြမ်း ပြင်တွင် ဝမ်းလျားမှောက်ကာ စာရေးနေသော ကလေးများကို မြင် လိုက်ရသည်မှာ စိတ်မကောင်း ဖြစ်မိသည်။ ဖွံ့ဖြိုးတိုးတက်နေသော မြို့ပေါ်မှ ကျူရှင်၊ စာသင်ဝိုင်းနှင့် ပြိန်ချောင်ရွာမှ ကျူရှင်၊ စာသင်ဝိုင်း မိုးနှင့်မြေလောက် ကွာခြားသည်။ သည်ဒေသက ကလေးများ၏ အသိ ပညာ၊ ဗဟုသုတနှင့် မြို့ပေါ်ကလေး များ၏ ဗဟုသုတသည်ကား ကွာခြားမည်မှာ သေချာပါသည်။

ပြိန်ချောင်ရွာမှ ကျောင်းသူကလေးများ

ပန်းထိန်ဆည်ရွာမှ ကျောင်းသူကလေးများ

ကျူရှင်ဆရာမကို မေးကြည့် တော့ “ဒီကလေးတွေရဲ့ မိသားစု တွေက အရမ်းဆင်းရဲတော့ စာအုပ် ကောင်းကောင်း ဝယ်မပေးနိုင်ဘူး” ဟု  ပြောလိုက်၍  ပါလာသော အိတ်ထဲတွင် မွေနှောက်ရှာကြည့်ရာ ငွေငါးထောင် ရရှိသဖြင့် “ဆရာမ ဒီကလေးတွေကို ဒီပိုက်ဆံလေးနဲ့ စာအုပ်ရသလောက်ဝယ်ပေးပြီး အလှူလုပ်ပေးပါ”ဟုဆိုပြီး မဖြစ် စလောက်ငွေလေးအား ဆရာမကို  မိမိထုတ်ပေးလိုက်မိသည်။

အိမ်ပေါ်မှ ပြန်ဆင်းလာရာ အိမ်ရှင်အမျိုးသားက “ဆရာမရယ် ဒီရွာက ကလေးတွေက ဘာဖြစ်ဖြစ် စာသင် ရသေးတယ်။ ပန်းထိန်ဆည် ရွာက ကလေးတွေက စာမသင်ကြ ရပါဘူး”ဆိုသော ထိုအမျိုးသား၏ စိတ်မကောင်းစွာ ပြော လိုက်ခြင်း ကြောင့် သွားရောက် လေ့လာချင်စိတ်က ပေါ်လာပြန်သည်။

ပြိန်ချောင် ရွာသားတချို့နှင့် ပန်းထိန်ဆည် ကျေးရွာ ပညာရေးကို ဆွေးနွေးရာ “ဆရာမ အဲဒီရွာသား တွေက ဗဟုသုတ မရှိဘူး။ ပြောရင်လည်း လက်ခံမှာ မဟုတ်ဘူး”ဟု ပြောလိုက်သော်လည်း မည်သို့ပင် ဖြစ်စေကာမူ ပန်းထိန်ဆည်ရွာ သို့ သွားရောက်ကာ လေ့လာမည်ဟု ဆုံးဖြတ်လိုက်သည်။

နောက်နေ့ နံနက်တွင် မြဒေးကျွန်း (ဒေသအခေါ်) ကျောက်မော်ကြီးတွင် ရေနက်ဆိပ်ကမ်း တည်ဆောက် နေရာသို့ ရွာသားအချို့၏ လိုက်ပို့ချက်ဖြင့် သွားရောက်လေ့လာ ခဲ့သည်။ စီမံကိန်းတွင် ကျောင်းနေ အရွယ် အသက် ၅ နှစ်မှ ၁ဝ နှစ် အထိ ကလေး ၁ဝ ဦးခန့် အပြစ်ကင်းစွာ ဆော့ကစားနေကြသည်ကို တွေ့လိုက် ရသည်။ အဖော်အဖြစ် လိုက်ပါ လာသော ဒေါ်ညိုအေးကို ကလေးများမှာ ကျောင်းမတက်ကြဘူးလားဟု မေးကြည့်သည့်အခါ “ကလေးတွေက ဒီစီမံကိန်းမှာ အလုပ်ကြမ်း ဝင်လုပ်ကြတဲ့သူတွေရဲ့ သားသမီးတွေပါ။ သူတို့က ဒီမြို့ နယ်က မဟုတ်ဘူး။ တခြားမြို့နယ် က ဒီမှာ အလုပ်လာလုပ်ကြတာပါ။ သူတို့စာသင်ဖို့အတွက် စီမံကိန်းမှာ ကျောင်းတစ်ဆောင် ဆောက်ပေးထားတယ်။ စာသင်ဖို့ ဆရာမ တစ်လ တစ်သိန်းနဲ့ ငှားထားတာ အဲဒီ ဆရာမက စာကောင်းကောင်း မသင်ပေးဘူး”ဟု ကြားလိုက်ရတော့ ထိုစာသင်သော အမျိုးသမီးကို သားသမီးချင်း ကိုယ်ချင်းမစာ လေသလားဟု ဒေါသစိတ် ပွားမိသည်။

ကလေးများ စာတတ်မှ အသိ ပညာဖွံ့ဖြိုးမည်။ အသိပညာဖွံ့ဖြိုး မှ အနာဂတ်ခေါင်းဆောင်ကောင်း များ ပေါ်ထွန်းနိုင်မည်။ အနာဂတ် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်း မှ တိုင်းပြည်နိုင်ငံဖွံ့ဖြိုးတိုးတက် မည်ကို သူတို့၏ စိတ်တွင် တစိုးတစိမျှ မသိလေကြသလား။

ကလေးများအနားသို့သွား၍ မေးကြည့်ရာ “ရွာမှာတုန်းက ကျောင်းတက်ခဲ့ပါပြီ။ အဖေတွေ၊ အမေတွေ အလုပ် လာလုပ်လို့ လိုက်လာတာပါ”ဟု ဖြေကြားပါသည်။ ကလေးတွေမှာ ဘာမျှမသိ နားမလည်၊ ဒီအချိန်၊ ဒီအရွယ် စာသင်ရ ကောင်း မှန်း၊ ကျောင်းတက်ရကောင်း မှန်းမသိ။ မိဘများမှာ စီးပွားရေး အဆင်မပြေလေတော့ ရေကြည်ရာ၊ မြက်နုရာသို့ ရွှေ့ပြောင်း အလုပ်လုပ် နေရသည့်အတွက် သားသမီး ပညာရေး၊ ဘဝရှေ့ရေးကို မတွေးမိ၊ မစဉ်းစားနိုင်၊ မိသားစုဘဝ ရပ်တည်ရေးအတွက် ရုန်းကန်နေကြရသည်။ သားသမီးများကို ပညာသင်ရ ကောင်းမှန်းမသိ၊ ကလေးတွေမှာလည်း အပြစ်ကင်းရှာသော ကလေးများပီပီ ပျော်ရွှင်စွာ ဆော့မြဲ၊ ကစားနေကြ မြဲပင်။ သည်ကလေးများ၏ အနာဂတ် ဘဝရည်မှန်းချက်ပန်းတိုင်သည် ဘယ်မှာရှိတော့မည်နည်း။ တစ်ဖက် မှာက နိုင်ငံတော်အစိုးရ၏ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကြီးဖြစ်သည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို နည်းပညာရှင် နိုင်ငံခြားသားများက အကောင်အထည်ဖော် လုပ်ဆောင် နေချိန် စီမံကိန်း လုပ်ငန်းခွင်ထဲတွင် နိုင်ငံခြားသားများ လက်ညှိုးထိုးရာ၊ စေခိုင်းရာကို လုပ်ဆောင်နေကြသော မြန်မာ အလုပ်ကြမ်း သမားများက နေပူမရှောင်၊ မိုးရွာမရှောင် ပင်ပန်းစွာ အလုပ်လုပ်နေကြရသည်။

စီမံကိန်း တစ်ခုလုံးကို အချိန် ရသလောက် လေ့လာ၍ ညနေ စောင်းမှ ပြန်လာပြီး ထိုနေ့တွင်ပင် ရွာသား ၂ ဦး၏ အကူအညီဖြင့် ပန်းထိန်ဆည်ရွာသို့ အရောက်သွား ခဲ့သည်။ လမ်းတစ်လျှောက်တွင် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကြီးမှ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရန် ဖောက်လုပ်ထားသော အနီရောင် မြေသား လမ်းမကြီးနှင့် ဘေးတစ်ဖက် တစ်ချက် တွင် ဒေသခံ ရွာသားများ စိုက်ပျိုးထားသော ကွမ်းသီးပင်၊ သီဟိုဠ် သရက်ပင်များ စိမ်းလန်းစိုပြည်နေသည်။ တချို့ အပင်များမှာ ပိုက်လိုင်း လမ်းဖောက် ရာမှ ထွက်လာသော မြေသားများ ပိကာ ပြိုလဲကျနေကြသည်။ ရွာသားများ ၁ဝ နှစ်ခန့် စိုက်ပျိုး ထားသည့် အပင်များသည်ကား မြေ ကြီးတူးစက်များ၏ လက်ချက် ကြောင့် ဇာတ်သိမ်းခဲ့ရသည်။ တောတောင်၏ အလှများသည် ပျက်စီးခဲ့ရပြီး ဥယျာဉ်ခြံမြေ ပိုင်ရှင်များ၏ စိတ်များသည်လည်း သစ်ပင်များ ပြိုလဲသကဲ့သို့ ညှိုးနွမ်း နေကြသည်။

မြဒေးကျွန်း ရေနက်ဆိပ်ကမ်း စီမံကိန်းပြ မြေပုံ

မြဒေးကျွန်း ရေနက်ဆိပ်ကမ်း စီမံကိန်းပြ မြေပုံ

အဖော်အဖြစ်လိုက်ပါလာသူ ၂ ဦးမှာတော့ ဓာတ်ငွေ့ပိုက်လိုင်း လမ်းဖောက်ရာတွင် ပါသွားသော အပင်တစ်ပင် ကို စီမံကိန်းမှ မည်မျှ လျော်ကြေးပေးသည်၊ တစ်ဦးလျှင် သိန်း ဘယ်လောက်ရသည်၊ အချို့ မှာ လျော်ကြေး ရသည့် ငွေများအား ရင်းနှီးကာ စီးပွားရေး မလုပ်တတ်ဘဲ ဖဲကစား၍ ကုန်သွားကြောင်းကို သူတို့သိသမျှ ပြောပြကြသည်။ အသိပညာ ဗဟုသုတ နည်းပါးပြီး မြေကြီးပိုင်ဆိုင်မှုသည်ကား တန်ဖိုး ဖြတ်၍ မရနိုင်မှန်း ဒေသခံတွေ မသိလေကြဟု ဆိုရပေတော့မည်။

အချိန်အတော်ကြာ လမ်းလျှောက် လာခဲ့ပြီး တောင်ကုန်းလေးပေါ်တွင် တဲသာသာလောက်သာရှိသော အိမ် ကလေး အဆောင် ၂ဝ ခန့်၊ ဟို နေရာတစ်ဆောင်၊ ဒီနေရာ တစ် ဆောင် အစီအစဉ်မကျ တည်ရှိနေသော ပန်းထိန်ဆည်ရွာ ရဲ့ မြင်ကွင်း မှာ စိတ်ချမ်းသာစရာမရှိ။ ဆောက်ထားသော အိမ်များမှာ ကပိုကရို။ ကျေးရွာဟု ပင် ပြောရလောက်အောင်  နှိုင်းယှဉ်စရာမရှိ။ မိုးထားသော ခေါင်မိုးမှာ အဝေးက ကြည့်မည် ဆိုလျှင် သွပ်ပြားတွေ မိုးထားသလို အနားရောက်မှ ပလတ်စတစ်များ မိုးထားသည်ကို တွေ့ရသည်။ စာသင်ကျောင်း ရှိဖို့က မဖြစ်နိုင်သည် မှာ သေချာလှပါသည်။

မြဒေးကျွန်းတွင် ပြိန်ချောင်ရွာ၊ ရွာမ၊ ကျောက်တန်း၊ ပန်းထိန်ဆည် ဆိုသည့် ရွာလေးရွာ ရှိသည့်အနက် ကျန်သုံးရွာမှာ စီမံကိန်းမှ ကျောင်း ဆောက်ပေးသည်ဟု သိရသော်လည်း ပန်းထိန်ဆည်ရွာအား စီမံကိန်းမှ ကျောခိုင်းထားခဲ့သည်။ ပန်းထိန် ဆည်ရွာရှိသည်ဟူ၍ပင် သူတို့ မသိလေသလော။ တာဝန်ရှိပုဂ္ဂိုလ် များကပင် မတင်ပြလေသလော။ တင်ပြရကောင်းမှန်းလည်း ဒေသခံ တွေ မသိလေသလား မိမိမှာ စဉ်းစားမရ။

ရွာလယ် ကွက်လပ်လေးမှာ အနားယူနေစဉ် အသက် ၇ဝ ကျော် ရှိလူကြီးတစ်ယောက်က အိမ်ပေါ်မှ ဆင်းလာ ပြီး ဘာအလိုရှိပါ သလဲဟု လာမေး၍ “ဒီရွာက ကလေးတွေရဲ့ ပညာရေးကို လာပြီး လေ့လာတာပါ”ဟု ပြောလိုက်မိသည်။ အသိမိတ်ဆွေမရှိဘဲ အမျိုးသမီးတစ်ဦး ရွာထဲသို့ ရောက်လာသည်မှာ သူတို့အတွက် ထူးဆန်းနေသည်။

“သမီးရယ် ဒီရွာမှာ နေတဲ့သူတွေက ဘိုးစဉ်ဘောင်ဆက်ကတည်း  က စာမသင်ခဲ့ရတာပါ။ အဘိုးတို့ ခေတ်က လည်း စာမတတ်သလို၊ ခုခေတ်ကလေးတွေလည်း တစ်ယောက် မှ စာမတတ်ပါ။ ရွာသားတွေလည်း ဆင်းရဲ တော့ တခြားရွာမှာသွားပြီး ကျောင်းမထားနိုင်ကြပါဘူး” ဆိုသည့် ရင်နင့်ဖွယ် စကားသံကို ကြားလိုက်ရ၍ ရင်ထဲတွင် စိတ်မကောင်း ဖြစ်မိသည်။

“ရွာကလူတွေနဲ့ စကားနည်း နည်းပြောကြည့်ချင်တယ်”ဟု မိမိ ပြောလိုက်၍ အဘိုးက ရွာသား များကို လာခဲ့ဖို့ လှမ်းအော် လိုက်သောအခါ ရောက်လာသော သူများမှာ သက်ကြီးရွယ်အိုများ၊ လသားအရွယ် များကို ချီပိုးထား သော မိခင်များ၊ ကျောင်းနေ အရွယ် ကလေးအရွယ်များ စုဝေးရောက်လာခဲ့သည်။

“ကလေးများကို စာမသင်ချင်ဘူးလား”ဟု အဘိုးကို မေးလိုက်သောအခါ “သင်ချင်တာပေါ့ ကွယ်။  အဘိုးတို့ စာမတတ်ပေမယ့် ဒီကလေးတွေကို စာတတ်စေချင်တယ်” ဟုဆိုသည့် အားကိုးတကြီး မျှော်လင့်ချက်နှင့် ပြောလာသည်။ မိမိက “ကလေးတွေ ကျောင်းတက်ချင်ကြသလား” ဟု မေးလိုက်ပြန်၍ “တက်ချင်ပါတယ်” ဆိုသည့် ကလေးများထံမှ ကြားလိုက်ရသော အသံများမှာ ရင်ထဲမချိအောင် ခံစား ရသည်။

ပန်းထိန်ဆည်ရွာမှ ကလေးများ စာသင်ခန်းထဲတွင် နေရမည့်အချိန် ကလေးထိန်းရင်း၊ ဆော့ကစားရင်းဖြင့် စာသင်ကျောင်း မဲ့နေခဲ့ရသည်။ မည် သို့ပင်ဖြစ်စေကာမူ ပန်းထိန်ဆည်ရွာ မှ ကလေးများ၏ အနာဂတ်လှပရေး အတွက် အစွမ်းကုန်ကြိုးစားရတော့ မည်။ ကလေးများ စာတတ်၊ အသိ ပညာ ဗဟုသုတ ကြွယ်ဝမှ ပန်းထိန် ဆည်ရွာ၏ အနာဂတ်လှပ ဖွံ့ဖြိုး တိုးတက်တော့မည်။ သို့သော် မိမိတွင်လည်း ငွေအသပြာဟူ၍ ဗလာ နတ္ထိ ဘာမျှမရှိ။ စဉ်းစားရင်း အတွေးတစ်ခုဝင်လာခဲ့သည်။

“ရွာသားတွေ စုပေါင်းအားနဲ့ ယာယီ ကျောင်းဆောင်လေး တစ်ဆောင် ဆောက်နိုင်မလား။ ကျောင်းဆရာကိစ္စ၊ ကျောင်း သားတွေအတွက်  လိုအပ်တာကို တတ်နိုင်သလောက် ကူညီမယ်။ ကလေးတွေ ဒီနှစ်  ကျောင်းတက် နိုင်အောင် ကြိုးစားကြမယ်” ဟု ပြောလိုက်ရာတွင် ရွာသားများကလည်း ဝမ်းသာအားရဖြင့် ကျောင်းဆောက် ရန် အာမခံခဲ့ ကြသည်။

ရွာသားများကလည်း ကလေး များ၏ ပညာရေးကို ရှေ့ထား၍ စုစည်းပြီး ကျောင်းဆောင်သစ် တစ်ဆောင်ကို ဆောက်လုပ် ကာ မိမိမှာ လည်း ပရဟိတ စေတနာ ကျောင်း ဆရာတစ်ဦးကို အကူအညီတောင်းကာ ကလေးများအား စာသင်ကြားစေ ခဲ့သည်။

၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်တွင် ပန်းထိန်ဆည်ရွာမှ ကျောင်းသူ၊ ကျောင်းသား ၁၈ ဦး၏ ဘဝအနာဂတ် လှေကားထစ် တစ်ထစ်ကို တွန်းပို့နိုင်ခဲ့သော်လည်း စာသင် ကျောင်း၏ အင်္ဂါရပ်နှင့် ကိုက်ညီအောင် မဖြည့်ဆည်းနိုင် ခဲ့။ ကျောက် သင်ပုန်းကြီး၊ ခုံများကအစ ကျောင်းသုံး ပရိဘောဂများ၊ ကျောင်းသားများ အတွက် ကျောင်းဝတ် စုံ၊ လွယ်အိတ်၊ ထီး၊ ဖိနပ်၊ ကျောင်းသုံး စာအုပ်မှာလည်း မပြည့်စုံလှ။ ကျောင်းသားလေးများမှာ အိမ်နေရင်းလည်း ဒီအဝတ်၊ ကစားရင် လည်း ဒီအဝတ်၊ ကျောင်းတက်ရင်လည်း ဒီအဝတ်၊ ထီးမပါ၊ ဖိနပ်မပါ၊ လွယ်အိတ်မရှိ။ ရှိသော စာအုပ်အပြဲလေးများ ကို ကြွပ်ကြွပ်အိတ်တွင် ထည့်ကာ မလှမပ ကျောင်းတက်နေ ရကြရရှာသည်။  ပြည့်စုံလုံလောက်နေသော မြို့ကျောင်းပေါ်တွင် တက်ရောက် ပညာသင်ယူ နေသော ကျောင်းသူကျောင်းသား များနှင့် မိုးနှင့်မြေလို ကွာခြားလှ သည်။ ကျောင်းသူ၊ ကျောင်း သား ကလေးများ မှာလည်း တဲသာသာရှိသော ကျောင်းတော်ကြီးတွင် သူတို့ ၏ နေ့စဉ်ဘဝကို ဖြတ်သန်းနေရ သည်ကိုပင် ပျော်ရွှင်နေမိကြသည်။

မိမိမှာလည်း ထိုသို့ပျော်ရွှင် နေကြသည့် အနာဂတ်ပန်းကလေး များ၏ မျက်နှာကိုကြည့်ကာ ကြည်နူးမိ ရင်း ကျောခိုင်းထားသော မြဒေးကျွန်း ရေနက်ဆိပ်ကမ်း စီမံကိန်းကြီး မှ ပန်းထိန်ဆည်ရွာ၏ ဖွံ့ဖြိုးတိုး တက်ရေးကို မျှားဦးလှည့်လာမည် ကို မျှော်လင့်နေမိပါတော့သည်။

မြတ်နိုးသာ

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*