ပြည်တွင်းသတင်း — အမ်း၊ ဖေဖော်ဝါရီ ၂၅၊ ၂ဝ၁၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်ဒေသတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ချပေးထားသော GSM လက်ကိုင် ဖုန်းများ သုံးမရ ဖြစ်နေကြောင်း ဒေသခံ များ၏ ပြောကြားချက် အရ သိရသည်။

“ဆက်သွယ်ရေးမှ ချပေးထားသော  GSM Sim Card လက်ကိုင်ဖုန်း (၁၇၇၉)လုံး ရှိသော်လည်း စတင် ချပေး သည့်နေ့မှ ယနေ့အထိ တစ်ခါမှ သုံးလို့မရသေးကြောင်း” တပ်တောင်ရွာမှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

အမ်းမြို့နယ်အတွင်းရှိ အခြား နေရာများတွင် GSM နှင့် CDMA နှစ်မျိုးလုံး ရရှိနေသော်လည်း တပ်တောင် တိုက်နယ်နှင့် ဝန်းကျင် တစ်ဝိုက်တွင် CDMA တစ်မျိုးတည်းသာ အသုံးပြု၍ ရသဖြင့် GSM  လက်ဝယ် ရှိသူများမှာ အကြီးအကျယ် စိတ်ပျက်နေကြသည်။

“ကျွန်တော် ရန်ကုန်ကနေ ဒီကို တာဝန်နဲ့ လာတော့ သုံးနေကျ GSM ပဲ ယူလာခဲ့မိတယ်။ ဒီရောက်တော့ သုံးမရဘူး။ ပိုဆိုးတာက တာဝန်နဲ့ သွားနေရချိန်မှာ ဌာနကို အရေးပေါ် သတင်းပို့မယ် ဆိုရင် အခက်ကြုံရတယ်။ ဒီအခက်အခဲတွေကို အမြန် ဖြေရှင်းပေးစေချင်တယ်” ဟု တပ်တောင် ရဲစခန်းမှ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

၂ဝ၁၁/၁၂ ခုနှစ်မှစ၍ အဆိုပါ ဒေသအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ် ၂ သိန်းတန်  များကို ရောင်းချပေးခဲ့ပြီး၊ ဆက်သွယ်ရေး တာဝါတိုင်ကို တပ်ဆင်ပေး ခဲ့သော်လည်း ဒေသခံများ အနေဖြင့် ခေါ်ဆို၍ မရဖြစ်လျက်ရှိ သည်။ အမ်းမြို့မှ (၁ဝ)မိုင်ခန့်အကွာတွင် ရှိသော တပ်တောင်ရွာမှာ အိမ်ခြေနှစ်ထောင် ဝန်းကျင် ရှိပြီး၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ စသည့် မြို့နယ် ၃ ခု၏ ဆုံမှတ်ဖြစ်သလို၊ ကုန်းလမ်း၊ ရေလမ်း သွားလာရန် လွယ်ကူသည့် စီးပွားရေး အချက်အခြာကျရာ ရွာကြီးတစ်ရွာ ဖြစ်သည်။

တပ်တောင်ဒေသ နည်းတူ ရခိုင်ပြည်နယ် ဂွမြို့နယ်၊ တောင်ကုတ် မြို့နယ်၊ ကျောက်ဖြူမြို့နယ်တို့၌လည်း နေရာ အချို့တွင် ဂျီအက်စ်အမ်ဖုန်းများ လုံးဝ သုံးမရ ဖြစ်နေကြောင်း သိရှိ ရသည်။

အမ်းမြို့နယ် တပ်တောင်နယ်ရှိ ဆက်သွယ်ရေး တာဝါတိုင်

အမ်းမြို့နယ် တပ်တောင်ဒေသရှိ ဆက်သွယ်ရေး တာဝါတိုင်

ဝ၇၄

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*