ပြည်တွင်းသတင်း — ရန်ကုန်၊ ဇူလိုင် ၂၃၊ ၂ဝ၁၂

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်မြောက် အခမ်းအနားအား ရွှေဂုံတိုင် တော်ဝင်နှင်းဆီ  သီရိခန်းမ၌ ဇူလိုင် ၂၃ ရက်၊ နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့သည်။

ဟံသာဝတီ ဦးဝင်းတင် မှ အမှာစကား ပြောကြားစဉ်

ဟံသာဝတီ ဦးဝင်းတင် မှ အမှာစကား ပြောကြားစဉ်

အဆိုပါ အခမ်းအနားသို့ အနယ်နယ် အရပ်ရပ်မှ  ကဗျာဆရာ၊ သတင်းစာဆရာ၊ စာရေးဆရာများ၊  နိုင်ငံရေးပါတီ အသီးသီးမှ ပုဂ္ဂိုလ်များ၊ မီဒီယာများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ အခမ်းအနား အစီအစဉ်အရ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး တိုက်ပွဲများနှင့်ဒီမိုကရေစီ တိုက်ပွဲ အဆက်ဆက်တွင် ကျဆုံးသွားသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည် အပေါင်းအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ဂီတစာဆို ကိုလေးညွန့် ရေးစပ်သော ငြိမ်းချမ်းရေးတေးသီချင်းအား ခေတ္တရာ တမာချိုအဖွဲ့က သီဆို ဖျော်ဖြေခဲ့သည်။

ဆက်လက်၍ ဆရာဒဂုန်တာရာ ပေးပို့သော သဝဏ်လွှာအား ဒေါ်ခင်ဆွေဦးက ဖတ်ကြားခဲ့ပြီး ဒေါ်အောင် ဆန်းစုကြည်၏ သဝဏ်လွှာအား ဖျာပုံနီလုံဦးက ဖတ်ကြားခဲ့သည်။

ထို့နောက် စာရေးဆရာ ဟံသာဝတီ ဦးဝင်းတင်က ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်မြောက် အမှတ်တရ အမှာစကား ပြောကြားရာ ““ဒီနေ့ ကြွရောက်လာတဲ့ ဧည့်ပရိသတ် တွေကတော့ ဆရာကြီးရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ မျိုးဆက်သစ်တွေ အပေါ် မှာထားတဲ့ သဘောထားကို လေးစား ကြည်ညိုတဲ့ ရဲဘော်မိတ်ဆွေတွေ ဖြစ်တဲ့ အတွက် အားလုံးကို လေးစားစွာနဲ့ နှုတ်ဆက်ပါတယ်။ ကျွန်တော်တို့တွေ ဒီလိုအခမ်းအနားမျိုး ကျင်းပတယ်ဆို တာဟာလည်း ဆရာကြီးကို မမေ့နိုင်လို့ပါ။ အခုလို အခမ်းအနားမျိုးတွေ ကျင်းပနိုင်ခြင်းဟာ လွယ်လွယ်ကူကူနဲ့ ကျင်းပဖို့ မဖြစ်နိုင်ပါဘူး။ ဒါဟာ ဆရာကြီးကို ကျွန်တော်တို့ အားလုံး လုံးဝမမေ့ဘူးဆို တာ သက်သေပြခြင်း ဖြစ်ပါတယ်။

“မမေ့နိုင်တဲ့ အကြောင်းအရင်း လေးကတော့ ဆရာကြီးက အမျိုးသား နိုင်ငံရေး တိုက်ပွဲတွေမှာ ရှေ့ဆောင် ဦးရွက်ပြုခဲ့တဲ့ ခေါင်းဆောင်ကြီး ဖြစ်နေလို့ပါ။ ဒုတိယ အချက်ကတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ လွတ်လပ်ရေးရပြီးအချိန် ကာလတွေမှာလည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် ၁၉၆၄ ခုနှစ် ကွယ်လွန်တဲ့ အချိန်အထိ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့တာတွေဟာ မမေ့နိုင်တဲ့ အချက်တွေပါ။ တတိယအချက်ကတော့ ဆရာကြီးဟာ အမြဲတမ်းလူငယ် မျိုးဆက်သစ်တွေကို လက်တွဲခေါ်လေ့ ရှိတဲ့အချက်ပါပဲ။ ၁၉၂ဝ မတိုင်မီ ဆရာကြီး နိုင်ငံရေးလောကထဲကို စဝင်ခဲ့တဲ့အချိန်ကတည်းက လူငယ်တွေနဲ့ လက်တွဲပြီး နိုင်ငံရေးတိုက်ပွဲတွေ ဆင်နွှဲခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ ဆရာကြီးဟာ လွတ်လပ်ရေးကာလကို ဖြတ်ကျော်ခဲ့တဲ့ အချိန်တုန်းကလည်း လူငယ် ခေါင်းဆောင်တွေ    ဖြစ်တဲ့ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့လို လူငယ်တွေနဲ့ အတူတူ လက်တွဲပြီး နိုင်ငံရေး လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်ပါ။ စစ်ပြီးခေတ်ပြည် တွင်းငြိမ်းချမ်းရေးမှာလည်း အဲဒီ ခေတ်ရဲ့လူငယ်၊ လူရွယ်၊ လူလတ်ပိုင်းတွေ ဖြစ်တဲ့ သခင်ချစ်မောင်၊ ဦးသိန်းဖေမြင့်၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့ အပါအဝင် လူငယ်တွေ အများအပြားနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့တာ ကွယ်လွန်ချိန် ၁၉၆၄ ခုနှစ်အထိပါပဲ။ ဆရာကြီး ကွယ်လွန်သွားတာ ၄၈ နှစ်ရှိပြီ ဆိုပေမယ့် ဆရာကြီးလို လူမျိုးဟာ ပြည်သူတွေရဲ့နှလုံးသားထဲမှာ ကွယ်လည်း မကွယ်ပါဘူး။ လွန်လည်း မလွန်ပါဘူး။ ဆရာကြီး ရေးသားခဲ့တဲ့ လူငယ်၊ လူရွယ်တွေနဲ့ ပတ်သက်ပြီး အလွန်ထင် ရှားတဲ့ ကဗျာစာကြောင်းလေး တစ်ခုရှိ ပါတယ်။ အဲဒီစာကြောင်းလေးကတော့ “ကောင်းမျိုး အထွေထွေရယ်နှင့် ချွန်စေ မြစေစော၊ ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသောဝ်”လို့ ဖြစ်ပါတယ်။ အခုချိန်မှာ ဆရာကြီး သက်ရှိထင်ရှား ရှိနေသေးရင် ကျွန်တော် ဆရာကြီးကို တစ်ခု တောင်းဆိုချင်ပါတယ်။

တက်ရောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ

တက်ရောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ

“ဒီနေ့ ခေတ်လူငယ်တွေ အဘက်ဘက်မှာ ရဲရင့်စေဖို့ “ရဲစေ”ဆိုတဲ့ စကားလေးရယ်၊ တိုင်းပြည်ရဲ့ နေရာ အနှံ့မှာလည်း တိုင်းပြည် ကောင်းကျိုးတွေ ဝဲပျံဖြန့်ကြက် ဆောင်ရွက်နိုင်ဖို့ “ဝဲစေ”ဆိုတဲ့ စကားလုံးလေးကိုပါ ထည့်သွင်းပြီး “ကောင်းမျိုး အထွေထွေရယ်နဲ့ ချွန်စေ မြစေ ရဲစေစော၊ ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေ ဝဲစေ သောဝ်”လို့ ဆရာကြီးကို ကန်တော့ တောင်းပန်ပြီး တောင်းဆိုလိုက်ချင်ပါတယ်”ဟု ပြောကြားခဲ့သည်။ ထို့နောက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း အမှတ်တရအဖြစ် ၁၉၆၂ ခုနှစ် ကျောင်းသား ခေါင်းဆောင် ဦးလှရွှေ၊  မှိုင်းရာပြည့် ကျောင်းသား ခေါင်းဆောင် ဦးသန်းလင်း၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ မင်းကိုနိုင်၊ ဗကသများ အဖွဲ့ချုပ် မှကျော်ကိုကို၊ ကဗျာဆရာကြီး ကိုလေး (အင်းဝ ဂုဏ်ရည်)နှင့် ဆရာကြီးသခင် ကိုယ်တော်မှိုင်းမိသားစုဝင် ဦးဇေယျတို့ က အမှတ်တရစကားများ ပြောကြား ခဲ့ခြင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် စောင့်ရှောက်ရေး အဖွဲ့ကြေညာချက် ဖတ်ကြားခြင်း၊ ကဗျာဆရာ နေထက်က ကဗျာရွတ်ခြင်းတို့ကို စီစဉ် ကျင်းပခဲ့ကြပြီး နေ့လယ်ပိုင်းတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ဂူဗိမာန်သို့ သွားရောက် ဂါရဝပြုခဲ့ကြပါသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ၁၈၇၅ ခုနှစ်တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာ၌ မွေးဖွားခဲ့သည်။ ငယ်မည်မှာ မောင်လွမ်းမောင်ဖြစ်သည်။ ဆရာကြီး  ၁ဝ နှစ်သားအရွယ်တွင် မန္တလေး နေပြည်တော်၊ မြတောင်    ကျောင်းတိုက်၌ ပညာသင်နေစဉ် သီပေါမင်း အင်္ဂလိပ်လက်ပါ သွားပုံကို ဝမ်းနည်းကြေကွဲစွာ မျက်ဝါး ထင်ထင် မြင်ခဲ့ရသည်။ အသက် ၁၉ နှစ်တွင်  ရန်ကုန်မြို့ ဇမ္ဗူကျက်သရေ ပုံနှိပ်တိုက်တွင် စာပြင်ဆရာ အဖြစ်လုပ်ခဲ့ပြီး ရွှေတောင်ဆရာလွမ်း အမည်ဖြင့် ဇာတ်စာအုပ်များ ရေးသားခဲ့သည်။  နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသား ယဉ်ကျေးမှုအစဉ်အလာများကို ဖော်ထုတ်သောဆောင်းပါးများ၊ ကဗျာများ ရေးသားခဲ့သည်။ ဗိုလ်ဋီကာကို ရေး သားရာတွင် ကလောင်နာမည်ကို မစ္စတာ မောင်မှိုင်းဟု တပ်လိုက်ရာမှ ဆရာမှိုင်းဟု အမည်တွင်လာခဲ့သည်။ ဂျီစီဘီအေ ဝံသာနုလှုပ်ရှားမှုကြီး ကျဆုံး သွားသောအခါ ဆရာကြီးသည် ထိုခေတ် လွတ်လပ်ရေးတိုက်ပွဲတွင် ရှေ့တန်းသို့    ရောက်လာသော သခင်လူငယ်တို့၏ တို့ဗမာအစည်းအရုံးသို့ ၁၉၃၄ ခုနှစ်တွင် ဝင်ရောက်ကာ သခင် ကိုယ်တော်မှိုင်း အမည်ကို ခံယူခဲ့သူ ဖြစ်ပါသည်။

ဝဝ၁

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*