အနုပညာသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂ဝ၁၃

တော်ဝင်စင်တာ မိသားစုကုမ္ပဏီမှ ကြီးမှူးကျင်းပသည့် စာရေးစာ ဖတ်ပြိုင်ပွဲ ဒုတိယအဆင့် ပွဲစဉ်ကို ဇန်နဝါရီ ၁၉ ရက်နှင့် ၂ဝ ရက်များတွင် ပြုလုပ်မည်ဖြစ်ပြီး ဒုတိယအဆင့်၌ ပါဝင်ယှဉ်ပြိုင်သူ ၂ဝ ဦးကို တော်ဝင် စင်တာမှ တစ်ဦးလျှင် ဂုဏ်ပြုငွေကျပ် ၁ သိန်းစီ ချီးမြှင့်မည် ဖြစ်သည်။ ဒုတိယ အဆင့်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကြမည့် ၂ဝ ဦး သည် “စာဖတ်ခြင်းဖြင့် လူ့ဘောင်လောကကို မည်ကဲ့သို့ အကျိုးပြုသနည်း” ဟူသော ခေါင်းစဉ်အောက်တွင် တစ်ဦးစီ ၁၅ မိနစ်အတွင်း ရှင်းလင်းဆွေးနွေး တင်ပြပြီး ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ ထိုယှဉ်ပြိုင်ပွဲအတွက် လိုအပ်သော အချက်အလက်များကို ပြိုင်ပွဲဝင်များကိုယ်တိုင် ရှာဖွေစုဆောင်းလေ့လာရမည်ဖြစ် ပြီး တော်ဝင်စင်တာ မိသားစုမှ Presentation Training အတွက် ဆရာ လင်းသိုက်ညွန့်က သင်ကြားပေးသွားမည် ဖြစ်သည်။ အဆိုပါ ဒုတိယ အဆင့်ပြိုင်ပွဲတွင် တင်ဆက်သူများ အဖြစ် အကယ်ဒမီ ခန့်စည်သူနှင့် ဟာသ သရုပ်ဆောင် အရိုင်းတို့က တာဝန်ယူမည်ဖြစ်သည်။

ပြိုင်ပွဲဝင် ၂ဝ ဦးထံမှ ၆ ဦးတို့ ရွေးချယ်မည်ဖြစ်ပြီး ၆ ဦးထဲမှ ၃ ဦးကို ရွေးချယ်ဆုချီးမြှင့်မည်။ နောက်ဆုံး အဆင့်ပြိုင်ပွဲကို ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် ပတ်လည် စနစ်ဖြင့် စကား အခြေအတင် ပြောဆိုမှုနှင့် ပြိုင်ပွဲ ဝင်ရမည်ဟုသိရသည်။ နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် ပထမဆု ရှိသူကို ဆုငွေကျပ်သိန်း ၃ဝ ၊ ဒုတိယဆု ရရှိသူကို ငွေကျပ်သိန်း ၂ဝ နှင့် တတိယဆု ရရှိသူကို ဆုငွေကျပ် ၁ဝ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်တွင် ပြုလုပ်မည့် စာပေမြှင့်တင် လူ့စွမ်းအင်(စာဖတ်၊ စာရေးပြိုင်ပွဲတွင်) စာပေ ဟောပြောပွဲ၊ အဖြူရောင် သက်တန့် အနုပညာ အဖွဲ့ဝင်များ၏ ကဗျာရွတ်ဆိုမှု၊ ကဗျာအနုပညာ တင်ဆက်မှု များနှင့် စာရေးဆရာကြီးများ၏ လက်ရေးမူ ပြပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ဖျော်ဖြေမည့် အဖြူရောင် သက်တံ့ အနုပညာ အဖွဲ့ဝင်များက တယောဖိုးစံ၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်း နှင့် စောဝေတို့ ဖြစ်ပါသည်။ စာပေဟောပြောပွဲတွင် ပါဝင်ဟောပြောမည့် စာရေးဆရာများမှာ ရုပ်ရှင်ဂီတ အနုပညာရှင်များ ဖြစ်သည်ဟု သိရသည်။  စာပေဟောပြောပွဲတွင် ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင်များ ပါဝင်ဟောပြောမှုနှင့် ပတ်သက်ပြီး တော်ဝင်စင်တာမှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဝတ်ရည် ထွေးက “စာပေလောကမှာ စာရေးဆရာ တွေကြီးပဲ သီးခြားရှိတာ မဟုတ်ပါဘူး။ ရုပ်ရှင်၊ ဂီတ၊ ပန်းချီ၊ ပန်းပုအစရှိသဖြင့် အနုပညာရှင်တွေ ပါဝင်နေကြ တာပါ။ သူတို့ကလည်း သူတို့ဖတ်ဖူးတဲ့၊ သိဖူးတဲ့အကြောင်း အရာ အတွေ့အကြုံတွေကို သူတို့ပရိသတ်တွေကို ပြောပြချင်နေ ကြတာပါ။ သူတို့ကိုယ်တိုင် လည်း စာပေမြတ်နိုး သူတွေဖြစ်ကြတော့ ဒီပွဲလေးမှာ ပါဝင်ပူးပေါင်း ပံ့ပိုးကြတာပါ။ အဲဒီအတွက် သူတို့ကိုလည်း ကျေးဇူးတင် ရပါတယ်” ဟု ဆိုပါသည်။ ဆက်လက်ပြောကြားရာမှာ “ဒီပွဲမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာကြီးတွေရဲ့ လက်ရေးမူတွေကိုလည်း အနုပညာ တင်ဆက်မှု တစ်ခု အဖြစ် ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်က တင်ဆက်ဖို့ စီစဉ်ထားပါတယ်။ စာဖတ်ပရိသတ်တွေကို ပုံနှိပ် စာလုံးကို သာ အများအားဖြင့် မြင်ဖူးကြတာဖြစ်ပြီး မူရင်းလက်ရေးကို မြင်ဖူး၊ တွေ့ဖူးဖို့ဆိုတာ ခဲယဉ်းပါတယ်။ အခုဒီမှာ အကြောင်းတိုက်ဆိုင်တဲ့ အတွက် ဆရာကြီးတွေရဲ့ လက်ရေးစာမူတွေ ကို လက်လှမ်း မီသလောက် ရယူပြီး ပရိသတ်တွေကို တင်ဆက်ပြသဖို့ ထူးခြားတဲ့ အစီအစဉ်တစ်ခု လည်း စီစဉ်ထားပါတယ်” ဟု ဆိုပါသည်။

မြန်မာစာပေကို စိတ်ဝင်စားသူများ မည်သူမဆို တော်ဝင်စင်တာ ခုနစ်လွှာရှိ အခမ်းအနားသို့ လာရောက် ကြည့်ရှု အားပေးနိုင်ကြောင်း သိရှိရ သည်။

ဝ၈၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*