ပြည်တွင်းသတင်း — မန္တလေး၊ မေ ၂၃၊ ၂ဝ၁၂

မန္တလေးမြို့၌ ဆန္ဒပြမှုအရှိန် အဟုန်မြင့်မားလာသည့်အတွက် လူထုအုံကြွမှုနှင့်အတူ လူမျိုးရေး အဓိကရုဏ်း အသွင်သဏ္ဍာန်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြကြောင်း၊ မေလ ၂၂ မြတောင်ကျောင်းတိုက်ရှေ့ ဆန္ဒပြပွဲအား တွေ့မြင်ခဲ့ရသူ ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

မဟာအောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက်ရှေ့ ၃၅လမ်း ပေါ်တွင် မေလ ၂၂ ရက် ည ၈ နာရီ အချိန်ခန့်မှစ၍ ဆန္ဒပြပွဲ တတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ လူမျိုးရေးကြွေးကြော်သံများနှင့် ဆဲဆိုအော်ဟစ်မှုများ ပါဝင်လာသည့်အတွက် ဒေသခံပြည်သူအချို့က စိုးရိမ်နေကြသည်။ အဆိုပါ ဆန္ဒပြပွဲသည် မူလက ငြိမ်းချမ်းမှုအသွင်ကို ဖော်ဆောင်ရာမှ တဖြည်းဖြည်း ဆူပူလှုပ်ရှားမှုအသွင်သဏ္ဍာန်သို့ ရောက်ရှိလာသည်။

““အစပိုင်းတုန်းက ဦးဇင်းတွေ၊ ကိုရင်တွေနဲ့ အေးအေးချမ်းချမ်း ဆန္ဒပြနေကြတာပါ။ တဖြည်းဖြည်း လူအုပ်များလာတော့ ပုံစံပြောင်းသွားတယ်။ ဖယောင်းတိုင်မီး မဟုတ်တော့ဘဲ မီးတုတ်ကြီးကို ရေနံဆီလောင်းပြီး၊ မီးရှို့ခဲ့ကြတယ်””ဟု မဟာအောင်မြေ မြို့နယ်သူ မတင်မာဆွေက ပြောသည်။

ရွှေကျောင်းကြီး ဓာတ်အားခွဲရုံရှေ့ ဆန္ဒပြနေကြစဉ်

ရွှေကျောင်းကြီး ဓာတ်အားခွဲရုံရှေ့ ဆန္ဒထုတ်ဖော်နေကြစဉ်

ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည့် ပြည်သူလူထုသည်တဖြည်းဖြည်း အခြေအနေ တင်းမာလာကြပြီး၊ မဟာအောင်မြေလျှပ်စစ်ရုံး အရှေ့သို့ သွားရောက်ကာ ဆက်လက်၍ ဆန္ဒပြခဲ့ကြသည်။ မဟာအောင်မြေ လျှပ်စစ်ရုံးအရှေ့သို့သွားရောက်ကာ ဆက်လက်၍ ဆန္ဒပြခဲ့ကြသည်။ ““အီးပီစီရုံး အရှေ့ရောက်တော့ ပိုဆိုးကုန်တယ်၊ ရုန့်ရင်း ကြမ်းတမ်းတဲ့ စကားတွေနဲ့ အော်ဟစ်နေကြတယ်၊ လူမျိုးရေး ကြွေးကြော်သံ တွေလည်းပါလာတယ်။ ကျနော်တွေးမိတာက ဒါဟာ ရိုးရိုးသားသားမှ ဟုတ်ရဲ့လားလို့””ဟု မတင်မာဆွေက ဆက်လက်ပြောသည်။

မေ ၂၂ ရက် မဟာအောင်မြေ၊ မြတောင်တိုက်ရှေ့ ဆန္ဒပြပွဲနှင့် ပတ်သက်၍ ပြည်သူ့အရေး စိတ်ဝင်စားသူ ကိုအေးချိုအား ဆက်သွယ် မေးမြန်းကြည့်ရာ ““ညီလေးပဲ စဉ်းစားကြည့်၊ ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီး ကိုယ်တိုင် ဒီကိစ္စကို မန္တလေးအထိ လာရှင်းပေးခဲ့တယ်။ လျှပ်စစ်မီးဆိုတာ ချက်ချင်းကြီး ထကောင်းအောင် လုပ်လို့ရတာမဟုတ်ဘူး၊ တတ်နိုင်သလောက် ဖြေရှင်းပေးတာကို တဖြည်းဖြည်းနဲ့ တောင်းယူကြပေါ့။ တစ်ဘက်က အစိုးရကိုလဲ ထွက်ပေါက်ပေးရမယ်လေ””ဟု ပြန်လည် ဖြေကြားသည်။

မြန်မာနိုင်ငံအနေနှင့် ပြည်ပနိုင်ငံများအား ရောင်းချထားသည့် လျှပ်စစ်ဓာတ်အားများ ပြန်လည် ရုတ်သိမ်း၍ ပြည်တွင်းသို့ ဖြန့်ဖြူးပေးမည်ဆိုပါက အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်သည်။ လျှပ်စစ်ဝန်ကြီး တစ်ဦးဖြစ်သူ ဦးဇော်မင်း၏ မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား ရသုံးမှန်းခြေနှင့် ပတ်သက်၍ ပြည်သူသို့ တင်ပြချက်တွင် လျှပ်စစ် ဓာတ်အားများမှာ သုံးမကုန်အောင် ပိုလျှံနေသည့်အတွက် ပြည်ပသို့ ရောင်းချထားခြင်းဖြစ်ကြောင်း တင်ပြထားသည်။

““လျှပ်စစ်ဝန်ကြီး ပြောဖူးတယ်၊ တိုင်းပြည်မှာ လျှပ်စစ်ဓာတ်အားတွေ ပိုလျှံနေလို့ ပြည်ပကို ရောင်းစားတာတဲ့၊ အဲဒါတရုတ်ကို ရောင်းစားထားတာ၊ ဒါကြောင့်မို့လို့ ကျုပ်တို့ကတောင်းဆိုနေတာ၊ တရုတ်ဆီက လျှပ်စစ်မီးတွေ အခုပြန်ယူပေး””ဟု ဆန္ဒပြသူတစ်ဦးက ပြောသည်။

မန္တလေးမြို့၊ ဆန္ဒပြပွဲအရှိန် သည်ထက် ပိုမိုပြင်းထန်လာပါက အခြေအနေအရပ်ရပ်မှာ မမျှော်လင့်သည့် ဘက်သို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုက ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်ကြောင်းကို ဒေသခံများ၏ ပြောစကားများအရ သိရသည်။

အဆိုပါ ဆန္ဒပြပွဲနှင့်ပတ်သက်၍ အာဏာပိုင်များ၏ ခေါ်ယူစစ်ဆေး မေးမြန်းခြင်းခံရသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မဟာအောင်မြေ မြို့နယ်၊ အတွင်းရေးမှူး ဦးမြင့်စိုးအား မေးမြန်းကြည့်ရာ ယခုကဲ့သို့ ပြောကြား သည်။

““ပြည်သူတွေရဲ့ ခံစားချက်ကို နားလည်ပါတယ်၊ ငြိမ်းချမ်းစွာ တောင်းဆိုနေကြတာကို ကျနော်တို့အနေနဲ့ ဂုဏ်ယူပါတယ်၊ တစ်ခုတော့ သတိထားရပါမယ်၊ မရိုးမသားနဲ့ ဝင်လာမယ့်သူတွေ ရှိနိုင်တယ်၊ ကျနော်တို့ အနေနဲ့ကတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ စောင့်ကြည့်နေတယ်””ဟု ၎င်းက ပြောသည်။

ပါတီအနေနှင့် သဘောထား ကြေငြာချက်မျိုးထုတ်ပြန်ရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ ““ဒါက ကျနော်တို့ အနေနဲ့ လူကြီးတွေရဲ့ ညွှန်ကြားချက်နဲ့မှ လုပ်လို့ရမှာပါ။ နောက်တစ်ခုက ငြိမ်းချမ်းစွာ တောင်းဆိုနေကြတာကို ကျနော်တို့က ထိန်းထိန်းသိမ်းသိမ်းနဲ့ စောင့်ကြည့်နေပါတယ်၊ အခြေအနေတွေဆိုးမကုန်အောင် လုပ်ဖို့က သူတို့မှာပဲ တာဝန်ရှိပါတယ်””ဟု ထပ်လောင်း ဖြေကြားသည်။
၃၅ လမ်းပေါ်ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြတောင်းဆိုသူ လူအုပ်ကြီးအား လူစုခွဲပေးကြရန် မေတ္တာရပ်ခံခဲ့သည်။ မစိုးရိမ်တိုက်သစ် ဆရာတော်တစ်ပါး ဖြစ်သူ အရှင်ဝီရသူက ပြောရာတွင်

ပြည်သူလူထုကို လူစုခွဲပေးဖို့ တောင်းဆိုခဲ့ပါတယ်၊ ဘုန်းကြီး ကိုယ်တိုင် မေတ္တာရပ်ခံခဲ့တယ်၊ ဆူပူမှု မဖြစ်စေနဲ့ ကောက်ရိုးမီးလို ဟုန်းကနဲ ထတောက်ပြီးတော့ ငြိမ်းသွား၊ ဒါမျိုးမလုပ်ဘဲ၊ ဖွဲမီးကဲ့သို့ တဖြေးဖြေးချင်းလေးပေါ့၊ အဓိက ကတော့ ငြိမ်းချမ်းရေးပဲ၊ ငြိမ်းချမ်းစွာ တောင်းဆိုကြပါ ဟု မိန့်ကြားသည်။

မန္တလေးမြို့၌ မေလ ၂ဝရက် နေ့စတင်၍ လျှပ်စစ်မီးလုံလောက် စွာ ရရှိရေးအတွက် ဒေသခံ ပြည်သူများက ဆန္ဒပြတောင်းဆိုခဲ့ရာ မေလ ၂၁ ရက်နေ့ ဆန္ဒပြပွဲအပြီး နောက်တစ်နေ့ နံနက်အစောပိုင်းမှ သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးခေါ်ယူမေးမြန်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မေလ ၂၂ ရက် ညပိုင်း ၃၅ လမ်းပေါ် မြတောင် ကျောင်းတိုက်ရှေ့ လှုပ်ရှားမှုတွင် လူမျိုးရေး ဆဲဆိုမှုများနှင့် အဓိကရုဏ်း အသွင်သဏ္ဍာန် ဖော်ဆောင်လာသည့် အတွက် ဒေသခံများက စိုးရိမ်မကင်း ဖြစ်နေကြသည်ဟု မီဒီယာ အသိုက်အဝန်းက ပြောသည်။

ဝဝ၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*