တွေ့ဆုံ​မေးမြန်းခြင်း — ဒီဇင်ဘာ၊ ၂ဝ၁၂
ထိုင်းနိုင်ငံမှ မွေးရပ်မြေသို့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် ရောက်ရှိနေသော ကာတွန်း ဟန်လေး

ထိုင်းနိုင်ငံမှ မွေးရပ်မြေသို့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် ရောက်ရှိနေသော ကာတွန်း ဟန်လေး

ငြိမ်းချမ်းရေး အကျိုးဆောင် အနေဖြင့် ဇာတိမြေသို့ ခေတ္တရောက်ရှိနေ သည့် ကာတွန်းဟန်လေးနှင့် မြန်မာ အင်ဒီပဲန်ဒင့် ဂျာနယ်က တွေ့ဆုံ မေးမြန်းခဲ့သည့် ကာတွန်းဟန်လေး၏  ပြောကြားချက်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး။ ။ မင်္ဂလာပါ ကိုဟန်လေး။ ထိုင်းကနေ တောင်ကြီးကို ပြန်လာတဲ့ ရည်ရွယ်ချက်က……။

ဖြေ။  ကိုယ့်မြို့ကို မရောက်တာ ကြာပြီဖြစ်လို့ အလည်လာချင်တယ်။ နောက်ပြီး ငြိမ်းချမ်းရေးအတွက် ကူညီ ဆောင်ရွက်ပေးဖို့ ကျွန်တော့် ရင်ထဲက ဖြစ်စေချင်တယ်။ ကူညီချင်တယ်။ လူတိုင်းလည်း အဲဒီဆန္ဒတွေ ရှိမှာပါ။ အဲဒီလို ဖြစ်စေချင်လို့ ကျွန်တော်လည်း နှမ်းတစ်စေ့ အဖြစ်ပါဝင် ကူညီဆောင်ရွက်ရဖို့ ကျွန်တော် ပြန်လာ တာပါ။

မေး။ ။ ပြီးတော့ ကိုဟန်လေး ဦးခွန်ဆာရဲ့ စစ်တပ်ဖြစ်တဲ့ (MTA) မှာ အကြာကြီး လုပ်ခဲ့တယ်လို့ ကြားဖူးတယ်။ ဘာတွေလုပ်ခဲ့ရလဲ။ ဘယ်အချိန်က ဖြစ်မလဲဗျ။

ဖြေ။ ။ အင်း အဲဒီမှာ ပြန်ကြားရေးနဲ့ပတ်သတ်တဲ့ စာတွေ၊ ကာတွန်းတွေ ရေးတယ်။ နောက်မှ တစ်ဆင့် တက် ပြီးတော့ ဦးခွန်ဆာရဲ့ စီးပွားရေးပေါ့  သူ့ရဲ့ ရတနာ အလုပ်ရုံမှာ လုပ်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့စစ်တပ် ရဲ့ ဝင်ငွေ ရအောင် အလုပ်လုပ်ပြီးတော့ ကူညီခဲ့တယ်။ ၁၉၉၂ခုနှစ်က နေ ၁၉၉၅ ခုနှစ် အထိပါ။ ကျွန်တော် တောခိုခဲ့တာ ကတော့ ၁၉၈၈ ခုနှစ်ကတည်းကပါ။

မေး။ ။ အင်း ဟုတ်ပါပြီ။ကိုဟန်လေး ရှမ်းစကားကိုရော ဘယ်အချိန်က ပြောတတ်ခဲ့တာလဲ။

ဖြေ။ ။ ကျွန်တော် ငယ်ငယ်က နည်းနည်းပါးပါး ပြောတတ်တယ်။ တောခိုသွားတော့ ပိုပြောတတ်လာတယ်။ တောထဲမှာက အခြား ဘာသာစကား သိပ်မသုံးဘူး။ ရှမ်းစကားပဲ သုံးကြတယ်။ အသက်ကြီးမှ ရှမ်းစကား ပြောတော့  ကျွန်တော် အထစ် အထစ် ဖြစ်နေတတ်တယ်။

မေး။ ။ လူမျိုးကြီးဝါဒ ဆိုတာကောဗျာ။ ဘာလည်း၊ ဘယ်သူတွေမှာ တွေ့ရလဲ။ ဗမာမှာလား၊ ရှမ်းလား၊ ကချင်တွေမှာလား။ အခြားရော ပေါ့ဗျာ။

ဖြေ။ ။ လူမျိုးကြီး ဝါဒ ဖြစ်လာတာ လူတိုင်းမှာရှိတယ်။ စိတ်မှာ ရှိတတ်တယ်။ လူမျိုးတိုင်း၊ လူမျိုးတိုင်း၊ ကြီးထွား လာပြီဆိုရင် သူရဲ့ အဇ္ဈတ္တ ကို ရှေ့တန်းတင်လာတဲ့ အချိန်မှာ ဘယ်လူမျိုးမဆို လူမျိုးကြီးဝါဒဆိုတာ ဖြစ်နိုင်တာ ပဲ။ ကမ္ဘာမှာဆို တရုတ်လည်း ဖြစ်ခဲ့တယ်။ ဂျာမန်လည်း ဖြစ်ခဲ့တယ်။ ဗမာလည်း ဖြစ်နိုင်တာပဲ၊ ရှမ်းလည်း ဖြစ်နိုင်တာပဲ။ လူမျိုးက ကြီးထွားလာပြီဆိုရင် ကိုယ့်ရဲ့ အတ္တစိတ်ကို ရှေ့တန်းတင်ပြီး ငါ ဘာလည်းဆိုတာ ဖြစ်လာတာပဲ။ ဒီလို မတွေးဘဲ ဇာတိဗျာ။ ကိုယ့်ဇာတိကို မက်မောတဲ့သူ တစ်ယောက်ဆို ရင်လည်း လူမျိုးကြီးဝါဒ ပြင်းထန်တဲ့ စိတ်တွေဖြစ်နေတာပဲ ပြီးတော့ အမှောင်ဖုံးတဲ့ စိတ်ရှိတဲ့သူတွေမှာ အများဆုံးတွေ့ရတယ်။ ငါ့လူမျိုး ကောင်းစားချင်တယ်၊ ငါ့ မိသားစု၊ ငါ့မောင်နှမ၊ ငါ့အသိုင်းအဝိုင်း၊ ငါ့ကား၊ ငါ့အိမ် စသဖြင့် သူပဲဖြစ်ရမယ် တခြားသူမဖြစ်စေ ရဘူးဆိုတဲ့ အတ္တစိတ်တွေကြောင့် ဖြစ်နေ တယ်။  ပြီး လူမျိုးကြီးဝါဒ ဝင်လာတဲ့သူ တစ်ယောက် ဟာ အခြေအနေအရ ခေါင်းဆောင် တစ်ယောက် ဖြစ်သွား ရင် ပြဿနာတွေ ပိုတက်နိုင်တယ်။ သူ့ရဲ့အတ္တစိတ်ကြောင့်ပေါ့။ ပြီး ကျွန် တော်တို့နိုင်ငံဟာ ပန်းပေါင်းစုံပွင့် လန်းတဲ့ တိုင်းရင်းသားစုံတဲ့ နိုင်ငံ တော်နိုင်ငံပါ။ တိုင်းရင်းသားတွေ လည်းသမိုင်းရှိတာပဲ။ လူတိုင်း သမိုင်း ရှိတယ်။ အဲဒီရှိတဲ့ သမိုင်း ကို ချစ်ခွင့် မရဘူးဆိုရင် အဲဒီလူတွေဟာ တော် လှန်ချင်တဲ့ စိတ်ဝင်လာမှာပဲ။ လူမျိုးတိုင်းမှာ သမိုင်းဝင် သူရဲကောင်းတွေ ရှိတယ်။ အဲဒီ သူရဲကောင်းတွေ ရဲ့အထိမ်းအမှတ်တွေ ဘာလို့မမြင်ရ တာလဲ။ လွတ်လပ်ရေး ရတာလည်း တိုင်းရင်းသား အားလုံး ပူးပေါင်းလို့ ရခဲ့တာ။ အခုလည်း ဒေါ်အောင် ဆန်းစုကြည်တစ်ယောက်ထဲ တော်နေလို့ မရဘူး။ ဒါကျွန်တော့်အမြင်။ မိုးပျံအောင် တော်နေပါစေ၊ ပြည်သူလူထု မပါဘဲနဲ့တော့ မတော်နိုင် မအောင်မြင်နိုင် ပါဘူး။ အခုလည်း ကျွန်တော်တို့ တောင်ကြီးမြို့ဆိုရင် ဓနုတွေ၊ ပအိုဝ်းတွေ၊ အင်းသားတွေ တည်ထား နေထိုင်ခဲ့တဲ့မြို့ပါ။ ရှမ်းတောင် နည်းနည်းပဲရှိတယ်။ အဲဒီမှာ တိုင်းရင်းသားတွေရဲ့ အထိမ်းအမှတ် သူရဲကောင်းရုပ်တွေ မတွေ့ရဘူး။ ကဲ သူတို့ ဘယ်လိုခံစားရမလဲ။ ခင်ဗျားစဉ်းစားကြည့် တစ်ချိန်က ဗမာတွေ အင်္ဂလိပ်ကို ဘာလို့တော် လှန်ခဲ့သလဲ။ ဗမာမြေပေါ်မှာ သီဆိုတဲ့ နိုင်ငံတော်သီချင်းကို သူတို့ရဲ့ ဘုရင်မကြီးကို ဂုဏ်ပြုတဲ့ သီချင်း သီဆိုခဲ့ရလို့၊ ဘယ်လောက်ထိ ရင်နာခဲ့ရသလဲဗျာ။ ဒီအချိန်မှာ စဉ်းစား ကြည့်ဖို့လိုပြီ။ အစိုးရလည်း စဉ်းစားဖို့လိုသလို ပြည်သူတွေလည်း စဉ်းစားဖို့လိုပြီ။

မေး။ ။ အရင် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို  အစ်ကို့ကာတွန်း ဇာတ်ရုပ်မှာ ရေးခဲ့တာတွေ့ရတယ်။ အခု သူအနားယူ သွားတော့ ကာတွန်းဇာတ်ရုပ်တစ်ရုပ် မရှိတော့ဘူးဆိုတော့ မနှမြောဘူး လားဗျ။

ဖြေ။ ။ ဘယ်လိုခေါ်မလဲဗျ။ ခင်ဗျား ဇာတ်ပွဲကြည့်ဖူးတယ်မလား။ ကန့်လန့်ကာ နောက်ခန်းထဲ ဝင်သွားပြီးတဲ့ သူကို ဆွဲထုတ်ယူဖို့မလိုဘူးလေ။ သူ့ဟာသူ ဝင်သွားပါစေတော့၊ ကန့်လန်ကာ နောက်ကွယ်မှာ ဘယ်လိုပဲ ကချင် ကပါစေ၊ ဆိုင်းပဲတီးတီး၊ အဲဒါ သူ့အလုပ်။ ကျွန်တော့်အလုပ်က ဒီအငြိမ့်စင်၊ ဇာတ်စင်ရှေ့မှာ သူ့ကဏ္ဍ ပြီးသွားပြီဆိုတာ လက်ခံရမယ်။ တစ်ပိုင်းက သူလည်း အသက် ၁ဝဝ  မကျော်ပါဘူး။ အခုကြည့်ရမယ့် ဇာတ်က ကျွန်တော်တို့က ပရိသတ် လည်း ဖြစ်တယ်။ ဇာတ်ကို ငှားလာတဲ့ ပြည်သူ တစ်ယောက်လည်းဖြစ်တယ်။ ဒါကြောင့် ဇာတ်စင်ပေါ်မှာရှိနေတဲ့ သူဟာ အဓိကပဲ၊ ကျွန်တ်ာတို့ ကန့်လန့်ကာ နောက်ကွယ်ကိုဝင်သွား တဲ့သူကို သိပ်ပြီးအရေးထားဖို့မလိုဘူး။ ဒါ ကျွန်တော့် ကာတွန်း ရေးတဲ့ အတွေးပဲ။

မေး။ ။ နောက်ဆုံးအနေနဲ့ ကိုဟန်လေး သမီးနဲ့သား ဘယ်သူက ကာတွန်းဆရာ(သို့)ပန်းချီဆရာ ဖြစ်လာနိုင် သလဲ။

ဖြေ။ ။ အင်း ကျွန်တော့် စိတ်ထဲမှာတော့ နှစ်ယောက်လုံးကို ဖြစ်စေချင်တယ်။ ဒါမျိုးဆက်လေ။ ဒါပေမယ့် ဒါသူတို့သဘောနဲ့ဆိုင်ပါတယ်။ ကိုယ်က ဂိုက်လိုင်း ပေးရုံပဲရမှာ။ ဒီလိုင်းပေါ် ဒီအတိုင်းသွားရမယ် ဆိုပြီးတော့ လုပ်လို့ မရဘူး။

ကာတွန်း ဟန်လေးကို ရှမ်းပြည် နယ်တွင် မွေးဖွားခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ရန်ကုန်ပန်းချီပန်းပုကျောင်း  ၌ ပန်းချီပညာ သင်ကြားခဲ့သည်။ တောင်ကြီးမြို့ရှိ ရုပ်ရှင်ရုံများအတွက်  ရုပ်ရှင်ပိုစတာများ ရေးဆွဲခြင်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုခဲ့ သည်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံတွင် အတိုက်အခံ အဖွဲ့အစည်းများနှင့် မီဒီ ယာများတွင် သူ၏အနုပညာဖြင့် ပါဝင် လှုပ်ရှားခဲ့သည်။ ဟန်လေးသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် ဧရာဝတီမဂ္ဂဇင်းတွင် ကာတွန်းပညာရှင်အဖြစ်  အလုပ် လုပ်ကိုင်ခဲ့သည်။ ဟန်လေးဟူသော ကလောင် အမည်ဖြင့် စစ်အစိုးရ လက်ထက် လုပ်ဆောင်ချက်များ ကို သရော်လှောင်ပြောင်သည့် ကာတွန်း များကို အစဉ်တစိုက် ရေးဆွဲခဲ့သည်။ သူ၏ ကာတွန်းများသည် ထင်ရှား ကျော် ကြားသော ကာတွန်းများ ဖြစ်ခဲ့သည်။

ကာတွန်း ဟန်လေး၏ လက်ရာ ကာတွန်း တစ်ခု

ဝ၈ဝ

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*