အနုပညာသတင်း — ရန်ကုန်၊ ဖေဖော်ဝါရီ ၅၊ ၂ဝ၁၃

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးမှုကို ၂ဝ၁၃ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် စတင်ရိုက်ကူးနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ် ရုပ်ရှင် ဖြစ်မြောက်ရေးမှ ပြန်ကြားရေး တာဝန်ခံ ဇော်သက်ထွေးက ပြောကြားသည်။

ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရန် ယခုနှစ်မေလနှင့် ဇွန်လများတွင် ရိုက်ကူးနိုင်မည်ဖြစ်ကြောင်း လက်ရှိတွင် အဓိက ဇာတ်ဆောင်နေရာများ ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏နေရာနှင့် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် နေရာ ကို ရွေးချယ် ပြီးဖြစ်သော်လည်း အခြားသရုပ်ဆောင်နေရာများကို မရွေးချယ်ရသေးကြောင်း၊ အဓိက သရုပ်ဆောင် များကို သရုပ်ဆောင် အခြေခံသင်တန်း ၃ လ အပြင် ပြင်သစ်ဒါရိုက်တာနှင့် ဖြစ်မြောက်ရေး အဖွဲ့ဝင်များထဲမှ သရုပ်ဆောင်များကိုယ်တိုင် အနီးကပ် သင်တန်းပေးခဲ့ပြီး ယခုလက်ရှိတွင် အိမ်ပြန်ခွင့် ခဏပေးထားကာ ဖေဖော်ဝါရီလ ကုန်တွင် ပြန်ခေါ်၍ သင်တန်းပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။

“အခုက အခြားဇာတ်ရုပ် ဘာမှမရွေးချယ်ရသေးပါဘူး။ ဒီလထဲမှာ ဗိုလ်ချုပ်ဇာတ်ညွှန်း ပြီးအောင်ရေးနေပါတယ်။ အဲဒီလို ရေးပြီးသွားမှသာ အားလုံးကို အသိပေး ထုတ်ပြန်မယ်။ ရုပ်ရှင် သရုပ်ဆောင် ထဲကရော သရုပ်ဆောင် မဟုတ်တဲ့ သူတွေထဲကရော ဇာတ်ဆောင်နေရာတွေနဲ့ အကိုက်ညီဆုံးတွေကိုသာ ရွေးချယ်သွားပါမယ်” ဟု ဇော်သက်ထွေးက ပြော ကြားသည်။ ယခုလ ၁၃ ရက်တွင်ရောက်ရှိမည့် ဗိုလ်ချုပ်၏ မွေးနေ့၌ ဗိုလ်ချုပ် ရုပ်ရှင် ဖြစ်မြောက်ရေးမှ ဓမ္မစေတီလမ်း၊ ကမာရွတ် မြို့နယ်တွင်ရှိသော ဗိုလ်ချုပ်ရုံးခန်း၌ ဆွမ်းကပ်လှူမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်တွင် ရုပ်ရှင်ဇာတ်ကားရုံတင်ပြသရန် ပြီးစီးနိုင်မည့် ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရာ၌ ထိုကိစ္စသည် ရုပ်ရှင်ရိုက်ကူးမည့် ဒါရိုက်တာ၏ အရည်အချင်းပေါ်မူတည်ကြောင်း ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်သည် ဗိုလ်ချုပ်၏ နှစ် ၁ဝဝ မြောက်မွေးနေ့ဖြစ်၍ ဇာတ်ကားကို ယင်းနေ့တွင် ရုံတင်ပြသရန် သေချာပေါက် ဖြစ်နိုင် မည် ဖြစ်ကြောင်း ဇော် သက်ထွေးက ပြောကြားခဲ့သည်။

ယခုအချိန်တွင် ဇာတ်ညွှန်းရေးဆွဲမှု မပြီးဆုံးသေးသကဲ့သို့ ဒါရိုက်တာလည်း ရွေးချယ်ထားခြင်း မရှိသေးကြောင်း သိရပါသည်။

ဝဝ၅

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*