လွတ်လပ်သော အသံ — မတ် ၂၁၊ ၂ဝ၁၃

 မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် ဖတ်သူများ၏ ဆန္ဒဖော်သံအဖြစ် ဤကဏ္ဍကို ဖွင့်လှစ်ပါသည်။ ဤကဏ္ဍ သို့ ပေးပို့လာသည့် စာဖတ်သူ၏ဆန္ဒများကို လိုအပ်သလို တည်းဖြတ်ဖော်ပြခြင်း ဖြစ်ပါသည်။ စာဖတ်သူ မည်သူမဆို လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင်ကြောင်းနှင့် ဂျာနယ်၏ အာဘော် မဟုတ်ကြောင်း လေးစားစွာ အသိပေးပါသည်။                 

အယ်ဒီတာ

ကျွန်မက အစိုးရဝန်ထမ်းကျောင်း ဆရာမတစ်ဦးအဖြစ် တောင်ကုတ်မြို့ မှာ တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်နေ တဲ့ အစိုးရအဖွဲ့ဟာ ဝန်ထမ်းများ အပါအဝင် ပြည်သူအားလုံးရဲ့ အကျိုးစီးပွား တိုးတက်ရေးကို အစဉ်တစ်စိုက် ကြိုးပမ်း လုပ်ဆောင်နေပြီး ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီ ဦးတည်လျှောက်လှမ်း နေတဲ့ ကာလဆိုရင် မမှားပါ။ နိုင်ငံ့ တာဝန်ကို ကျေပွန်တဲ့ အစိုးရ ဝန်ထမ်း ဖြစ်ပေမယ့် အစိုးရထံသို့ မီဒီယာများကဲ့သို့ မထိုးဖောက်နိုင်တဲ့အတွက် အယ်ဒီတာထံသို့ အားကိုး တကြီး တင်ပြ လိုက်ရပါတယ်။

အကြောင်းအရာ ကတော့ ၁၉၉၅ ခုနှစ်၊ တောင်ကုတ်မြို့၊ မြေယာဖော်ထုတ်ရေး ကော်မတီရဲ့ အမိန့်အရ အစိုးရ ဝန်ထမ်း များကို မြေကွက်များ ရောင်းချရာ မြေကွက်လေး တစ်ကွက် ပိုင်ဆိုင်ခဲ့ပါတယ်။ ကျွန်မတို့ အောက်ခြေ ဝန်ထမ်းများ ရတာက ချုံနွယ်ပိတ်ပေါင်းများ ကြားထဲက လယ်ကွင်းများ ကို အိမ်ယာသတ်မှတ်ပေးတာ ၇ဝဝဝ ဈေးနဲ့ဖြစ်ပြီး ၈ဝဝဝ ဈေးနဲ့က အရာရှိများအတွက် ဖြစ်ပါတယ်။ ၉၅ ခုနှစ်က ငွေ ၇ဝဝဝ ဟာ ကျွန်မတို့ ဝန်ထမ်း များရတဲ့လစာနဲ့ မိုးနှင့်မြေပမာဝေးကွာ တာမို့ ကိုယ်ပိုင်ဆိုင်တဲ့ ရွှေစလေးများ ရောင်းခဲ့တာတောင် မလောက်ငလို့  အတိုးကြီးကြီးချေးကာ မယကရုံးဆီ အပြေးလွှားသွင်းခဲ့ရသေးတယ်။ ခြံကာ၊ အိမ်ဆောက်မယ် သွားကြည့်တော့ ချုံနွယ် ပိတ်ပေါင်းကြားထဲမှာ ဆိုတော့ မြေကွက်က ဘယ်မှာမှန်းမသိဖြစ်ပြီး ငွေသွင်းဖြတ်ပိုင်းလေးကို သိမ်းဆည်း ထားရတော့တယ်။ အရာရှိ အကွက်များ ကတော့ အိမ်ဆောက် နေထိုင်နိုင်တယ်။ ဒီနေ့တိုင် အထိရှိဆဲပါ။

ရန်ကုန်နဲ့ ကျောက်ဖြူကား လမ်းမကြီးဖောက်တော့ ကံကောင်း ထောက်မစွာ ချုံနွယ်များကြားက မြေကွက် ကလေး ကားလမ်းမကြီးနဲ့ နီးနီးနားနား ရောက်သွားတော့ ဝမ်းသာရပြန်တယ်။ ကိုင်းရှည်သစ်သားတံတားက  ကွန်ကရက် တံတားကြီး ဆောက်လုပ်နေတော့ သွားလာရခက်ခဲပြီး ကိုယ့်မြေကွက်ကို ဖော်ဖို့ ခက်ခဲရပြန်တယ်။ ကိုင်းရှည်တံတား ကြီးပြီးတော့ ကိုယ့်မြေကွက် ကို ရှင်းလင်းမယ် ကြံတုန်း၊ စည် ပင်ဦးစီးက မြေကွက်တွေကို သိမ်းဆည်းပြီး အစားပြန်ပေးမယ် ဆိုပြီး အဲဒီ မြေကွက်နှင့် ပတ်သက်တဲ့  စာရွက်စာတမ်းများကို စည်ပင်ရုံးကို လာသွင်းပါ အကြောင်း ကြားတော့ သွင်းထားတဲ့ ငွေသွင်းပြေစာလေးတောင် လက်ထဲက ပျောက်သွားရပြန်တယ်။ ကိုယ့် မြေကွက်လေး ကို ရင်နာနာနဲ့ ကြည့်နေရုံနှင့် လွဲပြီး ဘာမှမတတ်နိုင်တော့ပါ။ ကျွန်မ အပါအဝင် အစိုးရ ဝန်ထမ်း ၂၈ ယောက်ရဲ့ မြေကွက်ကို ဟင်းလင်းပြင်ကြီး အဖြစ် ၁၉၉၅ ခုနှစ်ကနေ ဒီနေ့တိုင်အောင် ရန်ကုန်၊ ကျောက်ဖြူ ကားလမ်းမကြီးဘေး ကိုင်းရှည်ကွက်သစ် မှာ တွေ့နိုင် ပါတယ်။

ကျွန်မတို့ စုံစမ်းကြည့်တော့ ကျွန်မတို့ မြေကွက်များဟာ အုပ်ချုပ်သူများနဲ့ လုပ်ငန်းရှင်ဂေါက်သမားများရဲ့ ဂေါက်ကွင်းနဲ့ ကပ်လျက်ရှိနေတာကြောင့် သက်ဆိုင်ရာဂေါက်ရိုက်သူများ လာရင် အစိုးရ ဝန်ထမ်းများရဲ့ ညစ်ပေနေသော၊ မလှပသော၊ ရှုခင်း မကောင်းသော အိမ်များကို မြင်ရမှာ ဖြစ်တာကြောင့် အိမ်ဆောက်ခွင့် မပေးတာလို့ သိရပါတယ်။ ဒီ ဂေါက်သမားများက ဘယ်အဆင့်တန်းက ပေါက်ဖွားလာပါသလဲ။ ကျွန်မ တွေးတောနေမိပါတယ်။ ကျွန်မ မူလတန်း ဘဝက သင်ခဲ့ရတဲ့ ကာတွန်းဆရာ အော်ပီကျယ် စာပေဟောပြောပွဲ စင်မြင့်ပေါ်မှာ ရွတ်ဆိုပြခဲ့တဲ့ စာပိုဒ်လေးကို သတိရမိတယ်။ “ဇွန်ပန်းရုံအနီး လှည်းဘီးနွံထဲကျွံနေသည်” ဆိုသော စာပိုဒ်လေး အတိုင်း ဂေါက်ကွင်းအနီး မှာ ရရှိခဲ့တဲ့ ဝန်ထမ်းမြေကွက်များက ဇွန်ပန်းရုံအနီးက လှည်းလိုနွံထဲကျ သွားသလား။ အခြားဝန်ထမ်းများက (ဂေါက်ကွင်းနှင့်ဝေးသော) အိမ်ဆောက်ပြီး သစ်ပင်၊ ပန်းပင်များ စိုက်ကာ ပျော်ရွှင်စွာနေထိုင် ကြသည်မှာ ယနေ့တိုင်ပင်၊ ငါတို့မြေကွက် ပဲ ငွေသွင်းပြီးသား၊ ခြံကာမယ်လို့ ပင်စင်စား ဝန်ထမ်းတွေ၊ အခုလက်ရှိ နိုင်ငံတာဝန် ထမ်းဆောင် နေတဲ့ ဝန်ထမ်းတွေ ကျွန်မအပါအဝင် ၂၈ ယောက်စုရုံးပြီး ခြံကာကြတော့ သက်ဆိုင်ရာက ဦးနဒီဂေါက်ကွင်းကြီးကို ထပ်မံ တိုးချဲ့ဖို့ စာထုတ် အကြောင်းကြားတာ တစ်ဖုံ၊ မြို့နယ်မှူးက မယကရုံးကို ခေါ်ပြီးနောက်ထပ် ခြံကာရင် ကာသူရဲ့ တာဝန်သာ ဖြစ်လို့  ဝန်ထမ်းတွေကို ဖမ်းချုပ်ရတဲ့ အဆင့်ရောက်အောင် မလုပ်ပါနဲ့လို့ ခြိမ်းခြောက်တာက တစ်မျိုး၊ ပြီးတော့ သက်ဆိုင်ရာကို တင်ပြပေးပါမယ်လို့  ချွေးသိပ်ပြီး အမျိုးမျိုး တားမြစ်ခံခဲ့ ရပါတယ်။ ကျွန်မတို့ ဝန်ထမ်းတစ်စု ကိုယ် စိတ်နှလုံး သုံးပါး အပြင် ငွေကြေးလည်း ကုန်ကျခဲ့ရတဲ့ လှည်းဘီးနှင့်တူသော ဝန်ထမ်း မြေကွက်ကလေး ဇွန်ပန်းရုံ အနီးမှ မရုန်းထွက်နိုင်သေး ပါ။

အခု ဒီမိုကရေစီ အစိုးရလက်ထက်မှာ ၂၈ ယောက်သော အစိုးရ ဝန်ထမ်းများက ခါချဉ်ကောင်လို မာန်ကြီးပြီး တောင်ကြီးကို ထပ်ဖြိုကြ ပြန်တယ်။ ကိုယ့်မြေကွက်ကို ခြံကာကြရာ တားမြစ်သူများ ပေါ်မလာတော့လို့ ဝမ်းသာကြရပြန်တယ်။ သစ်ပင် စိုက်သူကစိုက် ခြံကာသူကကာပြီး ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားကြပြန် တယ်။ မြေကွက် တစ်ကွက်ရဲ့ အရေးကြီးဆုံးဖြစ် တဲ့ မြေတိုင်းဦးစီးဌာန သို့သွားကာ မြေဂရမ်ကိစ္စတောင်းဆို ကြတယ်။ မြေဂရမ်ရမှ အိမ်ဆောက်လို့ရမှာ မဟုတ်ရပါလား။ သို့သော် မြေတိုင်းရုံးက မလုပ်ပေးနိုင် ပြည်နယ်က အမိန့်ရမှ လုပ်ပေးမယ်လို့ဆိုတော့ ဇွန်ပန်းရုံအနီး ကျွံတဲ့ လှည်းဘီးမှာ ဘာမှမတတ်နိုင်တော့ပါ။ ဝမ်းနည်း ဝမ်းသာနဲ့ ဝန်ထမ်း ဘဝ ဒီလှည်းဘီး ကိုကူပြီး တွန်းပေးမည့်သူ မရှိတော့ဘူးလား။ ဒီလှည်းဘီးဟာ အလွန့်လွန် လေးလွန်းနေ သလား။ သက်ဆိုင်ရာ မြို့နယ်မှူးများ မတွန်းနိုင်လောက် အောင် လေး လွန်းနေသလား။ မတွန်း ဝံ့တာလား၊ မသိတာလား၊ မသိယောင် ဆောင်နေကြတာလား။ ဒီလှည်းဘီးကို ဘယ်အားနဲ့ တွန်းမှ နွံထဲက ရုန်း ထွက်နိုင်မလဲလို့  တွေးတောရင်း အယ်ဒီတာထံ တင်ပြလိုက်ရပါတယ်။

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*