ဆောင်းပါး — ဖေဖော်ဝါရီ ၊ ၂ဝ၁၃
ရန်ကုန်တက္ကသိုလ်

ရန်ကုန်တက္ကသိုလ်

စာရေးသူ စာရေးဆရာ ဖြစ်လာပြီးသည့် နောက်ပိုင်း ယခုနှစ် စာဆိုတော် ရာသီက စာပေဟောပြောပွဲ အဖိတ်အခံရ ဆုံးနှစ် ဖြစ်သည်။ ကိုယ့် ရဲ့ Myanmar Land သင်တန်းကျောင်း ဖွင့်လှစ်ရေး ကိစ္စတွေနှင့် မအားလပ်သည့် ကြားက သည်ဖေဖော်ဝါရီလ တစ်လတည်းမှာပင် စုစုပေါင်း စာပေ ဟောပြောပွဲ ၁၅ ပွဲခန့် ပြောဖြစ် ခဲ့သည်။ ၂ ရက်ကို ၁ ပွဲနှုန်းလောက် ဖြစ်သည်။ ဒါတောင် ရက်မအား၍ မသွားဖြစ်ခဲ့သည့်ပွဲက ၃ ပွဲ၊ ၄ ပွဲ လောက် ရှိသေးသည်။

သို့သော် သည်နှစ် စာပေဟောပြောပွဲ ရာသီ စာပေဟောပြောပွဲတွေ လိုက်ပြောရာမှာ ထူးထူးခြားခြား အမှတ်ရတာလေး တစ်ခုက တက္ကသိုလ်များ မှာ ကျောင်းသား သမဂ္ဂများ၊ တက္ကသိုလ် အနုပညာ အသင်းများ၊ ကျောင်းသား ကျောင်းသူ များမှ ဦးဆောင်၍ စာပေ ဟောပြောပွဲများ ပြုလုပ်လာခြင်းဖြစ် သည်။ မှတ်မှတ်ရရ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ၂ လ အတွင်းမှာပင် စာရေးသူ အနေဖြင့် (၁) မော်လမြိုင် နည်းပညာ တက္ကသိုလ်၊ (၂) သထုံ ကွန်ပျူတာ တက္ကသိုလ်၊ (၃) တောင်ငူ နည်းပညာ တက္ကသိုလ်၊ (၄) မန္တလေး နည်းပညာ တက္ကသိုလ် စုစုပေါင်း တက္ကသိုလ် ၄ ခုတွင် စာပေဟောပြောပွဲများ သွားရောက် ဟောပြောဖြစ်ခဲ့ပြီး လာမည့် ဧပြီလ တွင်လည်း ကျောက်ဆည် နည်းပညာ တက္ကသိုလ်သို့ စာပေဟောပြောပွဲ သွားရောက် ဟောပြောရန် ရက်ပေးထားပြီး ဖြစ်သည်။

တက္ကသိုလ်များတွင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စာပေဟောပြောပွဲများ စီစဉ်ကျင်းပနိုင်ရန် အတော်လေး ရုန်းကန်ကြိုးစား အားထုတ်ကြရသည်ဟု သိရသည်။ သည်လပိုင်းအတွင်း စာရေးသူ သွားရောက် ဟောပြောခဲ့သည့် တက္ကသိုလ် ၄ ခုအနက် သထုံ (ကွန်ပျူတာတက္ကသိုလ်) တစ်ခုမှာ သာ ကျောင်းအုပ်ကြီး ဒေါက်တာဝင်းဋ္ဌေး ကိုယ်တိုင်က စာပေဟောပြောပွဲကို ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး ကျန် တက္ကသိုလ် များမှာ ကျောင်းသား ကျောင်းသူ များနှင့် ကျောင်းသား သမဂ္ဂများက အခက်အခဲ များစွာကြား မှ ရုန်းကန်ကြိုးပမ်း ဆောင်ရွက်ကြရခြင်း ဖြစ်ကြောင်း သိရှိရသည်။

သထုံကွန်ပျူတာ တက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာဝင်းဋ္ဌေး ကတော့ အတော့်ကို လေးစား ချီးကျူးစရာ ဖြစ်သည်။ စာပေဟောပြောဖို့ စာရေးသူတို့ သထုံမြို့ကို မနက် ၃ နာရီလောက် အစောကြီး ရောက်သွားတော့ ကားတစ်စီး လာကြို သည်။ ကားပေါ်က ပိန်ပိန်ပါးပါးနှင့် လူတစ်ယောက်ဆင်းလာပြီး “ဟာ ဆရာ ကြွပါ ကြွပါ” ဆိုပြီး စာရေးသူ၏ မန်နေဂျာ လက်ထဲမှ ခရီးဆောင် အိတ်ကို ပြေးဆွဲတော့သည်။ သြော် စာရေးသူတို့ကလည်း ဒါကွန်ပျူတာ တက္ကသိုလ်က လာကြိုသူဟု ဆိုပြီး ကားပေါ်ကို အခန့်သား တက်ထိုင်ပြီး ခဏနေမှ ခုနက ပိန်ပိန် ပါးပါးနှင့် ပုဂ္ဂိုလ်က “တွေ့ရတာ ဝမ်းသာပါတယ် ဆရာ။ ကျွန်တော် ကွန်ပျူတာ တက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာ ဝင်းဋ္ဌေးပါ”ဟု ဆိုကာ နှုတ်ဆက်တော့ အားပါးပါး။ လင်းသိုက်ညွန့်တို့ တော်တော် အံ့သြသွားသည်။ ဒေါက်တာ ဝင်းဋ္ဌေးက အဲ့သလို ပွင့်လင်း ရိုးသား သလို ကျောင်း သားကျောင်းသူများနှင့်လည်း ရင်းနှီး ချစ်ခင် နွေးထွေးစွာ ဆက်ဆံပြောဆိုလေ့ ရှိသဖြင့် ကျောင်းသားများ၏ အချစ်တော် ကျောင်းအုပ်ကြီး တစ်ယောက် ဖြစ်ကြောင်း နောင်တွင် သိရသည်။ ယခု စာပေဟောပြောပွဲကိုလည်း ကျောင်း သား ကျောင်းသူများထံမှ အလှူငွေ ရန်ပုံငွေ တစ်ပြား တစ်ချပ်မျှ ကောက်ခံခြင်း မရှိဘဲ သူ၏ ကိုယ်ပိုင်ငွေဖြင့် စိုက်ထုတ် ကျခံ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ သြော် မိမိတို့ နိုင်ငံရှိ တက္ကသိုလ် ကောလိပ် အသီးသီးမှာ ဒေါက်တာ ဝင်းဋ္ဌေးတို့လို ကျောင်းအုပ်ကြီးတွေ များလာလျှင်ဖြင့် မြန်မာ့ ပညာရေး ပြန်လည် ဦးမော့လာဖို့ မျှော်လင့်ချက် ရောင်ခြည် များ ပိုမို ရှင်သန်လာမည် ဖြစ်သည်။

အချို့အချို့သော တက္ကသိုလ်များတွင်တော့ စာပေဟောပြောပွဲ တစ်ခုဖြစ်မြောက်ရေး အတွက် ကျောင်းသား သမဂ္ဂနှင့် ကျောင်းသားကျောင်းသူများ အနေဖြင့် အတော်လေး ရုန်းကန်လှုပ်ရှား ကြိုးပမ်းကြရသည်။ စပွန်ဆာ ကိစ္စ၊ ပွဲ အပြင်အဆင် ကိစ္စ၊ ခွင့်ပြုမိန့်ကိစ္စ စုံလို့ စုံလို့။ သည်ကြားထဲ စာရေးသူက ခုလို စာပေဟောပြောပွဲဖြစ်မြောက် ဖို့ ကျောင်းအုပ်ကြီးများနှင့် ကျောင်းက တာဝန်ရှိသူတွေက ဘာတွေများ ပံ့ပိုးကူညီကြပါသလဲဟု မေးကြည့်ရာတွင် “ဟုတ်ကဲ့။ ကျောင်းအုပ်ကြီးက စုစုပေါင်း မီးလုံး ၅ လုံးတိတိ ပံ့ပိုးပေးပါတယ်” စသဖြင့် ငိုရခက်၊ ရယ်ရခက် ဟာသ အဖြေတွေက ကြားရသေးသည်။

တကယ်တော့ တက္ကသိုလ်နှင့် စာပေ ဟောပြောပွဲဟူသည် အလွန်တရာမှ အပ်စပ် ကိုက်ညီသော လုပ်သင့် လုပ်ထိုက်သော တွဲဖက်အရာများ ဖြစ်သည်။ ယနေ့ ကမ္ဘာကျော် ဟားဗတ်၊ အောက်စဖို့ဒ်၊ ကိန်းဘရစ်ခ်ျ၊ ယေးလ် စသော တက္ကသိုလ်ကြီးများ တွင်လည်း ဘီလ်ကလင်တန်၊ ဒေါ်နလ်ထရန်၊ အော်ပရာဝင်းဖရေး၊ လာရီကင်း စသည့် ပုဂ္ဂိုလ်ကြီးများက ကျောင်း သားကျောင်းသူများ၏ စွမ်းဆောင်ရည် မြင့်မားရေး၊ လုပ်ရည်ကိုင် ရည် မြင့်မားရေး၊ စဉ်းစားတွေးခေါ်မှု မြင့်မားရေးတို့ အတွက် ယခုလို ဟောပြောပွဲများ မကြာခဏ ပြုလုပ် ပေးကြသည်။

ကျောင်းစာသင်ခန်း၊ တက္ကသိုလ်  စာသင်ခန်းများမှာပဲ ပတ်လည်ရိုက် ငြီးငွေ့နေသော ကျောင်းသား၊ ကျောင်းသူများ အဖို့ ယခုလို စာပေဟောပြောပွဲ များ ပြုလုပ် ကျင်းပပေးကြခြင်းအား ဖြင့် ငြီးငွေ့မှုများ ပြေပျောက်ကာ အတွေးအခေါ်သစ်၊ စိတ်ကူးသစ်များ ရရှိလာနိုင်ကြမည်ဖြစ်သည်။

စာပေဟောပြောပွဲဟူသည် ပိတ်ပင်ကောင်းသော အရာမဟုတ်။ အထူးသဖြင့် ယနေ့ခေတ်ကဲ့သို့ ပွင့်လင်း လွတ်လပ် လာသော ဒီမိုကရေစီ ခေတ်သစ်တွင် စာပေဟောပြောပွဲ ဟူသည် ပို၍ ပိတ်ပင်ကောင်းသော အရာ မဟုတ်။ စာပေဟောပြောပွဲဟု ဆိုကြရာ၌ စာပေရေးရာများလည်း ပါဝင်မည်။ နိုင်ငံရေးရာများလည်း ပါဝင် ကောင်း ပါဝင်မည်။ လူမှုရေးရာများ လည်း ပါဝင်ကောင်း ပါဝင်မည်။ စီမံ ခန့်ခွဲမှုရေးရာများလည်း ပါဝင်ကောင်း ပါဝင်မည်။ စီးပွားရေးရာ များလည်း ပါဝင်ကောင်း ပါဝင်မည်။ အောင်မြင်မှုရေးရာ များလည်း ပါဝင်ကောင်း ပါဝင်မည်။

ဤသည်ပင်လျှင် စာပေ၏ အနှစ်သာရ စာပေ၏ လွတ်လပ်မှု ဖြစ်သည်။ စာပေ၏ လွတ်လပ်ခွင့် နယ်ပယ် ဟူသည် မည်သို့ မည်ပုံဟူ၍  တိုင်းတာကန့်သတ်၍ မရစကောင်း၊ လူသားဟူသည် လွတ်လပ်လေလေ အမြင့်သို့ ပျံတက်အောင်မြင်နိုင်လေလေ ဖြစ်သည် ဆိုသည်ကို သတိချပ် ကြရမည်။ ပညာသင်ကြားခြင်း၏ အန္တိမ ရည်မှန်းချက် သည်ပင် အဆုံးစွန် လွတ်မြောက်ဖို့ မဟုတ်ပါလော။ အရေးကြီးသည်မှာ တာဝန်ယူမှုနှင့် လွတ်လပ်မှု အချိုးညီဖို့ သာ ဖြစ်သည်။

မြန်မာတက္ကသိုလ်များတွင် စာပေ ဟောပြောပွဲများ ပြန်လည် ရှင်သန်ပါစေ။

လင်းသိုက်ညွန့် (မြန်မာ့မြေ)

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*