မြန်မာ့ဆေးပညာခွဲစိတ်ကုသမှုသမိုင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် မန္တလေးမြို့ ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးတွင် ပြည်တွင်းခွဲစိတ်အထူးကု ဆရာဝန်ကြီးများ ဦးဆောင်မှုဖြင့် အောင်မြင်စွာ ခွဲစိတ်ပြီးစီးခဲ့သည်။

မြန်မာနိုင်ငံဆေးပညာသမိုင်းတွင် ထူးခြားမှုတစ်ခုဖြစ်သည့် ပထမဆုံး တင်ချင်းဆက်အမြွှာညီအစ်ကိုနှစ်ဦး တို့ကို တစ်ဦးချင်းအနေအထားရောက်ရှိစေရန်အတွက် ခွဲစိတ်ကုသမှုကို နိုဝင်ဘာ ၂၆ ရက်၊ ည ၁၁ နာရီအချိန်က မန္တလေးမြို့ ကုတင် ၅၅၀ ဆံ့ကလေးဆေးရုံကြီးတွင် ပြည်တွင်းခွဲစိတ်အထူးကု ဆရာဝန်ကြီးများ ဦးဆောင်မှုဖြင့် အောင်မြင်စွာ ခွဲစိတ်ပြီးစီးခဲ့ကြောင်းသိရသည်။

နိုဝင်ဘာ ၂၆ ရက်၊ နံနက် ၇ နာရီ အချိန်မှစတင်၍ အဆိုပါ ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်ခွဲစိတ်ခန်း၌ ပါမောက္ခ ဦးအောင်မြ (ပါမောက္ခ/ဌာနမှူး ကလေးခွဲစိတ်ကုပညာဌာန)ဦးဆောင်သော ခွဲစိတ်ကုသရေးအဖွဲ့မှ အထူး ကု ဆရာဝန်ကြီးများ၊ ပါမောက္ခ ဦးဟန်ဌေး(ပါမောက္ခ/ဌာနမှူး မေ့ဆေးပညာဌာန)ဦးဆောင်သော မေ့ ဆေးအထူးကုဆရာဝန်ကြီးများ ဆေးပညာရပ်ဆိုင်ရာအထူးကု ဆရာဝန်ကြီးများနှင့် သူနာပြုအဖွဲ့များ ပူး ပေါင်းဆောင်ရွက်မှုဖြင့် စနစ်တကျ ခွဲစိတ်မှုပြုလုပ်ခဲ့ရာ ယင်းနေ့ ည ၁၁ နာရီအချိန်တွင် အောင်မြင်စွာခွဲ စိတ်နိုင်ခဲ့ခြင်းဖြစ်သည်။

တင်ချင်းဆက်အမြွှာညီအစ်ကို ဖြစ်သည့် အောင်ခန့်ကျော်၊ အောင်မြတ်ကျော်တို့ကို စစ်ကိုင်းမြို့ မင်းကွန်းအနီး ထုံးဘိုကျေးရွာနေ အဘ ဦးဝင်းတိုး၊ အမိ ဒေါ်မြသန္တာတို့မှ ၂၀၁၁ ခုနှစ်၊ မေ ၁၅ ရက်၊  နံနက် ၁၁း၂၀ မိနစ်တွင် မန္တလေးအေးသုခ ဆေးရုံ၌ ဒေါက်တာကောင်းမြတ် ထွန်း၊ ဒေါက်တာအေးအေးသင်းတို့ က Elective LSCS ဖြင့် မွေးဖွားပေးခဲ့သည်။

ထူးခြားဖြစ်စဉ်ဖြစ်သည့်အတွက်  မွေးဖွားပြီးနောက် မွန်းလွဲ ၁၂ နာရီခွဲ အချိန်တွင် မန္တလေးမြို့ ကုတင် ၃၀ဝ ဆံ့ကလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်သို့ ပို့ပေးခဲ့ သည်။ မွေးဖွားစဉ်က နှစ်ဦးပေါင်း ကိုယ်အလေးချိန်မှာ ၄.၄ ကီလို ဂရမ်သာရှိပြီး ယခုခွဲစိတ်ကုသချိန်မတိုင်ခင် (အသက်တစ်နှစ်ခွဲ)အထိ ကာလတွင် အလေးချိန် ၂၀ ကီလို ဂရမ်ရှိသည့်အတွက် ဖွံ့ဖြိုးမှု အခြေအနေမှာ ပုံမှန်အနေအထားတွင်ရှိ  ကြောင်း သိရသည်။

တင်ချင်းဆက်အမြွှာညီ အစ်ကိုနှစ်ဦး၏ ခွဲစိတ်မှုအတွက် ခွဲစိတ်ကုသရေးအဖွဲ့ ၁၀ ဦး၊ မေ့ဆေးအဖွဲ့ ၉ ဦး၊ ခွဲစိတ်ပြီးနောက်အထူးကြပ်မတ်ကုသဆောင်တွင် တာဝန်ယူမည့် အဖွဲ့ဝင် ၁၄ ဦး၊ ခွဲစိတ်ခန်းသူနာပြုအဖွဲ့ ၁၅ ဦး၊ အထူးကြပ်မတ်ကုသဆောင် သူနာပြုအဖွဲ့ ၁၂ ဦး၊ ရောဂါရှာဖွေရေးအဖွဲ့ ၆ ဦး၊  အထွေထွေစီမံရေးအဖွဲ့ ၈ ဦး နှင့် ခွဲစိတ်ကုသမှုအကြံပေးအဖွဲ့ ၅ ဦးတို့ဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အထွေထွေရောဂါ ကု ဆေးရုံကြီး၊ ကုတင် ၅၅၀ ဆံ့ကလေးဆေးရုံကြီး၊ အရိုးရောဂါအထူးကုဆေးရုံကြီးနှင့် ရန်ကုန်ကလေးဆေးရုံ ကြီးတို့မှ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများက စနစ်တကျ စီမံဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံဆေးပညာသမိုင်းတွင် ထူးခြားဖြစ်စဉ် ခွဲစိတ်ကုသမှုများ နှင့်ပတ်သက်၍ ရန်ကုန်မြို့တွင် ၁၉၇၁ ခုနှစ်က ရင်ချင်းဆက် မနန်းစိုး၊ မနန်းစံအမြွှာညီအစ်မ အပါအဝင် ၁၉၉၃ ခုနှစ်တွင် ရင်ချင်းဆက် အေးအေးငြိမ်း၊ အိအိငြိမ်း အမြွှာညီအစ်မ၊ ၂၀ဝ၉ ခုနှစ်တွင် ရင်ချင်းဆက် စိုပြေလင်း၊ စိုပြေဝင်း အမြွှာညီအစ်ကို၊ ၂၀၁၁ ခုနှစ်တွင် ရင်ချင်းဆက် အင်ကြင်းခိုင်၊ အင်ကြင်းလှိုင် အမြွှာညီအစ်မနှင့် ရင်ချင်းဆက် ရန်ကင်း၊ ရန်ရှင်း အမြွှာ ညီအစ်ကိုတို့အပါအဝင် ရင်ချင်းဆက်ခွဲစိတ်ကုသမှု ၅ ကြိမ်အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့သည်။

မန္တလေးမြို့တွင်မူ ထူးထူးခြား ခြား ၂၀ဝ၂ခုနှစ်တွင် တင်ပဆုံအရိုးကွင်း ဆက်ခွဲစိတ်ကုသမှု ၁ ကြိမ် နှင့် ယခု ၂၀၁၂ ခုနှစ်တွင် တင်ချင်း ဆက် ခွဲစိတ်ကုသမှု ၁ ကြိမ်အပါ အဝင် ၂ ကြိမ်မြောက် အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့သည်။

ထို့ကြောင့် မြန်မာ့ဆေးပညာ ခွဲစိတ်ကုသမှုသမိုင်းတွင် ရင်ချင်းဆက်၊ တင်ချင်းဆက် အမြွှာခွဲစိတ်မှုအနေ ဖြင့် ၇ ကြိမ်မြောက်အောင်မြင်မှု ရရှိခဲ့ပြီဖြစ်ပြီး ယခုတစ်ကြိမ်ခွဲစိတ်သည့် အောင်ခန့်ကျော်၊ အောင်မြတ်ကျော်တို့၏ တင်ချင်းဆက် ခွဲစိတ်ကုသမှုသည် မြန်မာနိုင်ငံအတွက် ပထမဆုံးတင်ချင်းဆက်ခွဲစိတ်ကုသမှု ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ပါမောက္ခ ဦးအောင်မြ၏ပြောပြချက်နှင့် ခွဲစိတ်မှုဆေးမှတ်တမ်းအရ သိရသည်။

အောင်မြင်စွာခွဲစိတ်ပြီးစီးခဲ့သည့် ကလေးငယ် ၂ ဦးကိုလည်း နောက် ထပ် အသေးစိတ်ကုသမှုများနှင့် အတူ အထူးကြပ်မတ်ဂရုစိုက်သွား ရန် အစီအစဉ်များချမှတ်ထားကြောင်းကိုလည်း ဆေးရုံအုပ်ကြီးက ပြောပါ သေးသည်။

ဝ၀၉

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*