စီးပွားရေးသတင်း ပြည်တွင်းသတင်း — မန္တလေး ဧပြီ ၂၇၊ ၂ဝ၁၂

မြန်မာတစ်နိုင်ငံလုံးအနှံ့ သုံးစွဲနေသည့် ယခင် (တန်ဖိုးကြီး) ဂျီအက်အမ်မိုဘိုင်းဖုန်းများအား အသုံးပြုပြီး ငွေပေးချေရသော စနစ်မှကြိုတင်ငွေပေးချေသည့်စနစ်သို့ ပြောင်းလဲ အသုံးပြုနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆောင်ရွက်နေခြင်းနှင့် ပတ်သက်၍ယခုအခါ မေလ(၁)ရက်နေ့က စတင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ပြောင်းလဲအသုံးပြုနိုင် ပြီဖြစ်ကြောင်း သက်ဆိုင်ရာမှသတင်းထုတ်ပြန်ထားသည်။

အဆိုပါမေလ(၁)ရက်နေ့မှ စတင်ပြီး ပြောင်းလဲအသုံးပြုနိုင်သည့် (တန်ဖိုးကြီး) ဂျီအက်အမ်မိုဘိုင်းဖုန်းများမှာ ပြီးခဲ့တဲ့မတ်လ (၂) ရက်မှ ဧပြီလ (၁၅)ရက်အထိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပေးပို့ထားသည့် sms အား yes ဟုနှိပ်ပြီး လက်ခံထားသည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများဖြစ်ပါသည်။ ယခုလိုမျိုး ကြိုတင်ငွေပေးချေသည့်စနစ်သို့ ပြောင်းလဲ အသုံးပြုရန်အတွက်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြီးခဲ့သည့် ဇန္နဝါရီလအတွင်းမှစတင်၍ sms များပေးပို့ထားခဲ့ပြီး ၄င်းစနစ်သုံးစွဲရန်အဆိုပြုထားသည့် (တန်ဖိုးကြီး) ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများအား သက်ဆိုင်ရာ မိုဘိုင်းအိတ်ချိန်းရုံး နယ်မြေအလိုက် ပြောင်းလဲဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။

““ကျနော်တို့ ဆောင်ရွက်သင့်တာတွေကိုလည်းဆောင်ရွက်ပြီးပြီ၊ ဂျီအက်စ်အမ်ဖုန်းတွေကနေတစ်ဆင့်လဲ sms တွေပေးပို့ထားတယ်၊  အဲဒီတုန်းက yes လို့ရေးပြီးပြန်ပို့လိုက်တဲ့သူတွေအနေနဲ့ မေလတစ်ရက်နေ့ကစပြီး သုံးလို့ရပါပြီ၊ yes လို့မရေးဘဲ စာမပြန်တဲ့သူတွေကိုတော့ သဘောမတူဘူးလို့သတ်မှတ်ပြီး ငွေပေးချေဖို့အတွက် သတ်မှတ်ထားတဲ့ဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ရပါလိမ့်မယ်”” ဟု မန္တလေးတိုင်း ဆက်သွယ်ရေးအင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုစဉ်က yes ဟုအကြောင်းမပြန်ဘဲ ယခုအချိန်မှ ကြိုတင်ငွေပေးချေသည့်စနစ်သို့ ပြောင်းလဲအသုံးပြုလိုသူများ အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သက်ဆိုင်ရာဌာနများသို့ လူကိုယ်တိုင်လာရောက်၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကိုလည်း ““အဲဒိတုန်းက yes လို့လည်းအကြောင်းမပြန်ဘူး၊ အခုမှ အဲဒီစနစ်ကို အသုံးပြုချင်တဲ့သူတွေကတော့ ရုံးကို လူကိုယ်တိုင် လာပြီးဆောင်ရွက်ရမယ်လို့ ညွှန်ကြားထားပါတယ်၊ ဒီစနစ်အသုံးမပြုချင်ဘူးဆိုရင်လဲ သတ်မှတ်ထားတဲ့ ဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ရပါမယ် ”” ဟု ၄င်းက ဆက်လက်ပြောသည်။

ကြိုတင်ငွေပေးချေသည့် စနစ်သို့ ပြောင်းလဲအသုံးမပြုလိုသည့်သူများ အတွက် မြန်မာ့စီးပွားရေးဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ အေဂျီဘီဘဏ်တို့မှတဆင့် အွန်လိုင်းသုံးငွေစနစ်ဖြင့်ပေးဆောင်၇မည်ဖြစ်ကြောင်းကိုလည်း သက်ဆိုင်ရာမှသတင်းထုတ်ပြန်ထားကြောင်းသိရပါသည်။

အဆိုပါမိုဘိုင်းဖုန်းများအား ယခင်အစိုးရအဆက်ဆက် လက်ထက်မှစတင်၍ ငွေကျပ် တစ်ဆယ့်ငါးသိန်းငါးသောင်း ကျပ်ဖြင့် အများပြည်သူအသုံးပြုနိုင်ရန် ချပေးထားခဲ့ပြီး၊ ထိုအချိန်က ပြင်ပပေါက်ဈေးမှာ မြန်မာငွေ ကျပ်သိန်းသုံးဆယ်မှ သိန်းလေးဆယ်ကြားတွင် ရှိကြောင်း၊ ယခုအရပ်သားအစိုးရလက်ထက်တွင် နိုင်ငံတော်မှ တန်ဖိုးနည်းဖုန်းများ ချပေးလာသည့်အတွက်အဆိုပါ တန်ဖိုးကြီးမိုဘိုင်းဖုန်း ဝယ်ထားမိသူများအား ထိခိုက်နစ်နာမှုများ ရှိနေပါကြောင်း၊ လက်ရှိတန်ဖိုးကြီး မိုဘိုင်းဖုန်းများဖြစ်ကြသော(ဝ၉ ၂ဝ…..နှင့် ဝ၉ ၅……) ကိုင်ဆောင်ထားသူများအတွက် နစ်နာမှုများအား နိုင်ငံတော်အစိုးရမှ တစ်စုံတစ်ရာပြုလုပ်ပေးရန် လိုအပ်ပါကြောင်း  အဆိုပါဖုန်းအသုံးပြုသူများ၏ ပြောပြချက်များအရ သိရပါသည်။

၀၀၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.