တွေ့ဆုံ​မေးမြန်းခြင်း — ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄၊ ၂ဝ၁၃

လက်တလော အခြေအနေတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တရုတ်နယ်စပ်၌ ကျင်းပရန် စီစဉ်ထားသော်လည်း နောက်ထပ် အချိန်ရွေ့ဆိုင်းမည့် အနေအထား ဖြစ်နေသဖြင့် ယင်းနယ်စပ်တွင် နေထိုင်သော စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇော အား မြန်မာအင်ဒီပဲန်ဒင့်က တပ်မတော်နှင့် ငြိမ်းချမ်းရေး အနာဂတ် အလားအလာ ကို မေးမြန်းရာ တပ်မတော်တွင် စစ်လက်နက်နှင့် စစ်အင်အား ဖြည့်တင်းခြင်းကိုသာ ဦးစားပေးနေ သဖြင့် တပ်မတော်သားတို့၏ တိုက်ရည် ခိုက်ရည် ကျဆင်းနေကြောင်း၊ တပ်အောက်ခြေ ကို ငြိမ်းချမ်းရေး သဘောတရား သိအောင် မပြောထားဘဲ မူနှစ်မျိုး တစ်ပြိုင်တည်း ကျင့်သုံးနေသဖြင့် နားလည် ရခက်ဟု သုံးသပ်လိုက်သည်။

၁၈ လကျော် ကြာမြင့်ခဲ့သော ကချင်ပြည်နယ်ရှိ လက်နက်ကိုင် ပဋိပက္ခတွင် မြန်မာ့ တပ်မတော်မှ အရာရှိ၊ အရာခံနှင့် တပ်သား အများအပြား ကျဆုံးခဲ့ရမှုများ ရှိနေရာ စစ်ရေးလေ့လာသူ တစ်ဦးအနေဖြင့် မည်ကဲ့သို့ ဆင်ခြင် သုံးသပ် မိကြောင်း မြန်မာအင်ဒီပဲန်ဒင့်က မေးမြန်းခဲ့ပါသည်။ ထိုအခါ ဦးအောင်ကျော်ဇောက “ကျွန်တော် မြင်တာ ကတော့ မြန်မာပြည် ရဲ့ စစ်တပ်သမိုင်းမှာဆိုရင် ကန္ဒီစာချုပ် ပြီးနောက် နှစ်ပေါင်း ၆ဝ နီးပါး လောက်မှာ မြန်မာ့တပ်မတော် ရဲ့ အင်အားက အရှေ့တောင်အာရှမှာကို အတော်များပါတယ်။ စစ်သည် အင်အား ၄ သိန်း ၉ သောင်းနဲ့ ၅ သိန်း ကြားမှာ ရှိတယ်။ အဲဒီလို အင်အား မှာ ဖောင်းပွနေပေ မယ့် ထောက်ပံ့ရေးက မနိုင်ဘူး။ တိုက်ခိုက်ရေး အတတ်ပညာကို သင်တန်းတွေ ပေးပေမယ့် မထိရောက်ဘူး။ ကာကွယ်ရေး ဘတ်ဂျက်ဆိုတာက စစ်လက်နက် ပစ္စည်းတွေချည်း ဝယ်နေတော့ စစ်သားတွေ အတွက် သိပ် မထောက်ပံ့နိုင်ဘူး။ ခေါင်းဆောင်ပိုင်း ဆိုတာကလည်း တိုက်ရည်ခိုက်ရည် ကျွမ်းကျင်တဲ့ ပရောဖက်ရှင်နယ် စစ်သားမျိုး၊ စစ်ခေါင်းဆောင်မျိုးလည်း မရှိတော့သလို ဖြစ်နေတယ်။ အရင်မျိုးဆက် စစ်ခေါင်းဆောင်ပိုင်းက တပ်ကို  မျိုးချစ်စိတ်ရှိတဲ့ တပ်ဖြစ်အောင် တည်ထောင်ခဲ့ပါတယ်။ အဲဒီတုန်းက တိုက်ခိုက်ရေး အင်အားဆိုရင် အိမ်နီးနားချင်းတွေထက် အများကြီး နိမ့်ပါတယ်။ ဒါပေမယ့် အရှေ့တောင်အာရှမှာ ဗီယက်နမ် စစ်တပ်ပြီးရင် မြန်မာ့ တပ်မတော်ဟာ တိုက်ရည်ခိုက်ရည် အကောင်းဆုံး ဖြစ်ခဲ့တာပါ။ အခုတော့ တပ်ကို ထောက်ပံ့နိုင်တဲ့ အင်အားထက် ပိုပြီးတော့ ချဲ့ထားတယ်။ လိုအပ်တာထက် ပိုပြီးတော့ တိုးချဲ့တယ်။ ဒီတော့ ကျွန်တော်တို့ဟို တုန်းက စစ်မြေပြင်ပေါ်မှာ တိုက်ပွဲဖြစ်လို့ လူတစ်ယောက် ကျသွားတယ် ဆိုရင် သူ့ကျောပိုးအိတ် ထဲကနေ စည်သွပ်ဗူး တစ်ဗူး ရတယ်။ အသားဗူး တစ်ဗူးဖြစ်ဖြစ်၊ ပဲဗူးဖြစ်ဖြစ်၊ အခု တပ်သားတွေရဲ့ ကျောပိုးအိတ်ထဲမှာ ဘာမှ မရှိဘူး။ တပ်သားတွေပဲ အရမ်းဖောင်း ပွနေတယ်။ ဟိုဘက်ခေတ် က တပ်ရင်းတစ်ရင်းရဲ့ အခြေခံ နောက်တန်း အင်အားက ၇၇၇ ယောက် ၊ အနည်းဆုံး ၅ဝဝ ကျော် ၆ဝဝ လောက် ရှိတယ်။ အခုနောက်ပိုင်း မဟုတ်တော့ဘူး။ ကြားရတာ အခု ခြေလျင်တပ်ပေါင်း ၅ဝဝ ကျော် ရှိတယ်။ အဲဒီထဲမှာ တပ်ရင်း ၃ဝဝ ကျော်လောက်မှာ တပ် တစ်တပ် ကို တပ်သား ၁ဝဝ မပြည့်ချင်ဘူး။ တပ်ရင်းတစ်ရင်း တက်လာရင် ကား၂၂ စီး၊ ၂၄ စီးလောက် ရှိခဲ့တယ်။ အခု တပ်ရင်းတစ်ရင်း တက်လာရင် ၆ စီးဆို ရပြီ။ တပ်က အုပ်ချုပ်ရေး ပိုင်းမှာလည်း ပါချင်နေတော့ အရာရှိ များစွာ မွေးခဲ့တယ်။ အဲဒီတော့ ဗိုလ်များပြီး တပ်သား နည်းလာတယ်။ ဒီ့အပြင် အောက်ခြေ တပ်သားတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းမှု ပေးနိုင်ဖို့ အတွက် ကိုယ်ထူးကိုယ်ချွန် လုပ်ရမယ် ဆိုတာမျိုး ဖြစ်လာတဲ့ အခါကြတော့ တပ်သားတွေရဲ့ လူထုနဲ့ ဆက်ဆံမှုဟာ ဆိုးရွာလာတတ်ပါတယ်။ အခု ဒီစစ်ပွဲမှာ မြန်မာ့ တပ်မတော်က အနိမ့်ဆုံး ၇ဝဝဝ နဲ့ ၈ဝဝဝ ကြားမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရတယ်။ အဲဒီတော့ ဒီတပ်သားတွေကို  မှီခိုတဲ့မိသားစုဝင် ၄ သောင်း ၅ သောင်းက အတော် ဒုက္ခရောက်သွား တယ်။ တစ်ဖက်က ကေအိုင်အေ ဖက်မှာဆိုလို့ရှိရင် တပ်အင်အားက တစ်သောင်းကျော်လောက် ရှိတယ်။  တကယ်တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့လူက ၄ဝဝဝ နဲ့ ၅ဝဝဝ ပတ်ဝန်းကျင် ရှိတယ်။ အဲဒီတပ်သားတိုင်းမှာ သံခမောက်ပါတယ်။ ကျည်ကာအင်္ကျီ ပါတယ်။ မြန်မာ့ တပ်မတော်က တပ်သားတချို့က စွပ်ကျယ်နဲ့တောင် တက်ထိုးတယ်။ ဒီလိုတွေ ဖြစ်နေလို့  တပ်သားတွေမှာ တိုက်ရည်ခိုက်ရည် ကျရတာ” ဟု အကျယ်တဝင့် ပြန်လည်ဖြေကြား သည်။ ဦးအောင်ကျော်ဇောက ယခင်ကာလ ပြည်တွင်း စစ်တိုက်ပွဲများ၊ အောင်ပွဲများ အကြောင်း နောက်ကြောင်း ပြန် ရေးသားနေကြခြင်းမှာလည်း ငြိမ်းချမ်းရေးအတွက် အထောက်အကူ မဖြစ်လှကြောင်း ထပ်မံပြောကြားသည်။

ထို့ပြင် “တပ်က ငြိမ်းချမ်းရေး ခံယူချက် ပြောင်းမှ တိုင်းပြည် ပြောင်းမှာပါ။ ကျွန်တော်တို့ သိထားရမှာက တပ်ဟာ ချက်ချင်းပြောင်းမှာတော့ မဟုတ်ဘူး။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း သွားရမှာပဲ။  တပ်သားလေး တွေရဲ့ အတွေးအခေါ် ကို ပြင်ရမယ်။ အခု ကချင်တိုက်ပွဲမှာ ကျဆုံးသွားသူတွေနဲ့ ရွပ်ရွပ်ချွံချွံ တိုက်သူတွေကို ရာထူး တိုးပေးတာ၊ ဆုကြေးပေး တာ၊ ဒါမျိုးတွေ ကြားနေရပါတယ်။ ဒီတော့ တပ်သားလေးတွေက ငြိမ်းချမ်းရေး သဘောထား  သိအောင် မကြိုးစားနိုင်တော့ဘူး။ ဒါ့အပြင် ကျွန်တော် ကြားမိတာက ၂ဝ၁၂ နှစ်ဆန်းပိုင်းမှာ ဗန်းမော် အရှေ့မြောက်ခြမ်း တိုက်ပွဲတွေက သိပ်ပြင်းထန်ပြီး အကျအဆုံးက များလာတော့ ဗိုလ်ကြီးတစ်ယောက် (အမည်ကို ချန်လှပ်ခဲ့ပါသည်- အယ်ဒီတာ) က စပြီး စုစုပေါင်း ၁၅ ဦး လောက်က တပ်က နားဖို့ စာတင်မယ်လို့ ဆုံးဖြတ်ကြတယ်။ တပ်ခွဲမှူး ကလည်း သူပါ နားမယ် ဖြစ်လာတယ်ပေါ့။ တပ်ရင်း ၄၇ ကလို့ ကြားတာပဲ။ အဲဒီလို အနားယူဖို့ စာတင်သူတွေကို အမိန့်မနာခံဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ ဖြစ်မယ် ထင်တယ်၊ ထောင်ချလိုက်တယ်လို့ ကြားတယ်။ ထောင် ၁ဝ နှစ်ကနေ ၂၅ နှစ် အထိ အသီးသီး ချလိုက်ပြီး အခု ဗန်းမော်ထောင် မှာ ရှိနေတယ်လို့ သိရပါတယ်။ ဒီတော့ မူက နှစ်မျိုး ဖြစ်နေသလိုပဲ။ တစ်ဖက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေပေမယ့် တပ်အောက်ခြေက နားလည်ထားတာက တိုက်ကို တိုက်ရမယ် ဖြစ်နေတယ်။ အင်မတန် နားလည်ရ ခက်ပါတယ်” ဟု အောက်ခြေ တပ်သားများ၏ ငြိမ်းချမ်းရေး သဘောထား အားနည်းချက်များ အကြောင်းကို ပြန်လည် ရှင်းလင်း ဖြေကြားပါသည်။

ဦးအောင်ကျော်ဇောသည် ဗိုလ်ချုပ်ကျော်ဇော၏ သားဖြစ်ကာ တရုတ်-မြန်မာ နယ်စပ်တွင် အခြေချနေ ထိုင်လျက် ရှိပြီး စစ်ရေး လေ့လာသူ အဖြစ် ထင်ရှားသူဖြစ်ပါသည်။

 

ဝ၃၆

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*