စီးပွားရေးသတင်း — မန္တလေး၊ ဖေဖော်ဝါရီ ၁၆၊ ၂ဝ၁၃

တရားမဝင် စားသုံးဆီအတု ဈေးကွက် အမှန်တကယ် ပပျောက်လိုပါက ကြိုတင် အသိပေး အကြောင်းကြား ခြင်းမျိုး မရှိဘဲ ရှောင်တခင်စစ်ဆေး ဖမ်းဆီးမှုများ မကြာခဏဆောင်ရွက် ပေးရန်လိုကြောင်း ၂ဝ၁၂-၂ဝ၁၃ ကာလအတွင်း ပြည် တွင်းဈေးကွက် အတွင်းသို့ စားသုံးဆီ အတုများ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက် လာခြင်းနှင့် ထိရောက်စွာ အရေး ယူမှု လျော့နည်း ခြင်းများနှင့် ပတ်သက်ပြီး ဆီစက် လုပ်ငန်းရှင်တစ်ဦးက မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောကြား လိုက်သည်။

“ဈေးကွက်ထဲမှာ မသန့်ရှင်းတဲ့ ဆီတွေ၊ ဆီအတုတွေ အများကြီးဝင် နေတာကို ထိထိရောက်ရောက် တားမြစ်ပေးဖို့ လိုတယ်။ တကယ်တမ်း ထိရောက်တဲ့ နည်းလမ်းတွေ နဲ့ ပြတ်ပြတ်သားသား အရေးယူမယ်ဆိုရင် ဒီလောက်ထိ အခြေအနေ ဆိုးလာမှာ မဟုတ်ဘူး” ဟု ဆိုသည်။

ပြည်ပမှ တင်သွင်းသော စားအုန်းဆီနှင့်အတူ တန်ဖိုးနည်း စားသုံးဆီ အတုများသည်လည်း နယ်စပ်မှ တစ်ဆင့် ပြည် တွင်းဈေးကွက်သို့ ဝင်ရောက်မှုများရှိလာရာ အဆိုပါ စားသုံးဆီ အတုများ အနေဖြင့် စားသုံးသူ များ၏ အသက် အန္တရာယ်ကို ထိခိုက်စေနိုင်သည်ဟု ပြည်တွင်း ကျွမ်းကျင် ပညာရှင်များက သတိပေးနှိုးဆော် မှုများ ပြုလုပ်လာကြသည်။

“ဘယ်ဆိုင်မှာ ဝယ်တယ် ဆိုတာကိုတော့ မပြောလိုတော့ပါဘူး။ ကျွန်မတို့က ၄ ရက်ကို ဆီတစ်ခါ ဝယ်တာ။ ပထမခေါက် ဝယ်တဲ့ ဆီက ရေခဲသေတ္တာထဲ ထည့်ထား တာတောင် မခဲတော့ စိတ်ထဲမသန့်တာနဲ့ နောက်တစ်ခေါက် ဝယ်ကြည့် တယ်။ နောက်တစ်ခေါက် ဝယ်တော့လည်း ဒီအတိုင်းပဲ။ ဆိုလိုတာက၊ တစ်ခါလေ လို့ပြောလို့ မရတော့ဘူး။ အိမ်နားက အမျိုးသမီး ကလည်းသူလည်း ဒီလိုပဲကြုံရတယ် လို့ပြောတယ်” ဟု တန်ဖိုးနည်း စားသုံးဆီ လက်လီဝယ်ယူသူ အိမ်ရှင်မ တစ်ဦးကဆိုသည်။

အဆိုပါ ဖြစ်စဉ်များသည် အခြေခံ လူတန်းစားများ ဝယ်ယူနေသည့် ဈေးများအတွင်း အများဆုံး ကြုံတွေ့နေရ ပြီး ထိုအထဲတွင် တန်ဖိုးနည်း စားသုံးဆီ အတုမှန်း သိပါလျက်နှင့် ဝယ်ယူနေကြသူ များလည်း ပါဝင်ကြောင်း လေ့လာမှုများအရ သိရသည်။

“အတုမှန်းတော့ သိတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ ဝယ်စားနေရတယ်။ ဖမ်းတဲ့လူက ထိထိရောက်ရောက် မဖမ်း ရင် ရောင်းတဲ့သူ ဘက်ကလည်း ရဲရဲတင်းတင်း ရောင်းနေ ကြမှာပဲ။ ကျွန်မတို့အနေနဲ့ ကလည်း နောင်ဖြစ်လာမယ့် ရောဂါ ဆိုတာထက် အခုတောက်နေတဲ့ ဝမ်းမီး ငြိမ်းဖို့အတွက်ကို ဒါတွေပဲ ဝယ်စားနေရတာပေါ့” ဟု နောက်ထပ် အိမ်ရှင်မ တစ်ဦးက ဝင်ရောက် ပြောဆိုသည်။

တန်ဖိုးနည်း စားသုံးဆီများသည် ရေခဲသေတ္တာ အတွင်းသို့ ထည့်သွင်း သိမ်းဆည်းပါသော်လည်း အေးခဲသွား ခြင်းမျိုး မရှိသည့်အတွက် သုံးစွဲသူများ ဘက်က အစစ်အမှန်ဟု ယူဆကြ ကြောင်း၊ အမှန်မှာ ဓာတုပစ္စည်း တစ်မျိုး ရောနှော ထားသည့် အတွက် ထိုသို့အေးခဲမှုမျိုးမဖြစ်ခြင်းဖြစ်ကြောင်း၊ စားသုံးဆီ မှန်လျှင် ရေခဲသေတ္တာ အတွင်း၌ အေးခဲမည် သာဖြစ်ကြောင်း၊ အဆိုပါ ဓာတုဗေဒ အမှုန့်များသည် တရုတ်ပြည်ဘက်က ဝင်ရောက်လာ ခြင်းဖြစ်ပြီး တစ်ပေါင်ထုတ် တစ်ထုတ်လျှင် ဆီပေပါ ၅ လုံးခန့် မခဲ စေရန်ပြုလုပ်၍ ရကြောင်းသိရသည်။

တရားမဝင် တန်ဖိုးနည်း စားသုံးဆီများအား လတ်တလော ကာလတွင် မြေပဲနှမ်း အထွက် လျော့နည်းချိန် ဆီထုတ်လုပ်မှု ပမာဏ ကျဆင်းချိန်ကို အခွင့်ကောင်း ယူ၍ ပြည်တွင်းဈေးကွက်သို့ ဖြန့်ချိနေခြင်းဖြစ်သည်ဟု လည်း ဈေးကွက် ကျွမ်းကျင်သူများ၏ အဆိုအရ သိရသည်။

မန္တလေးမြို့အတွင်း ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် သြဂုတ်လအတွင်းက တရားမဝင် စားသုံးဆီ ဖြန့်ဖြူးရောင်းချမှု စိစစ်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်း ခဲ့ပြီး ကွင်းဆင်းဆောင်ရွက်မှု ရှိခဲ့သော်လည်း ဆက်လက်၍ ထိရောက်သော စစ်ဆေးအရေးယူမှုများ လျော့နည်းခဲ့ သည့်အတွက် ယခုကာလမှာ ပိုမို ဆိုးရွားသည့် အခြေအနေမျိုးဖြစ်ပေါ် ခဲ့ရခြင်းဖြစ်သည်ဟုလည်း ပြည်တွင်း ဆီလုပ်ငန်းရှင်များဘက်က သုံးသပ် ဝေဖန်ကြသည်။

“ဆီဗူးတွေ ထည့်ထားတဲ့ ဂျပ်ဖာ တွေကနေ တစ်ခါတစ်ခါ မီးထထ တောက်တယ်။ ဆီထဲမှာ မီးလောင်စေတတ်တဲ့ ဓာတ် သတ္တု ပစ္စည်းတွေ ပါတယ်နဲ့ တူတယ်။ လူတွေ ဗိုက်ထဲ ရောက်သွားရင် ဘယ်လို ဖြစ်သွားနိုင်တယ် ဆိုတာကို စမ်းသပ်စစ်ဆေးမှုတွေ လုပ်သင့်တယ်”ဟု ဒေးဝန်းရပ် ကုန်လှောင်ရုံအနီးနေသူ တစ်ဦးက မြန်မာ အင်ဒီပဲန်ဒင့်သို့ ဆက်သွယ် ပြောကြား လာသည်။

မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု၌ မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေးမြှင့်တင်မှု စီမံချက် ဒါရိုက်တာ (အငြိမ်းစား) ဒေါက်တာ ခင်မောင်လွင်က အဆိုပါ တရားမဝင် ဝင်ရောက်လာသည့် တန်ဖိုးနည်း စားသုံးဆီများသည် တိရစ္ဆာန်များမှ ရရှိသည့် အဆီများဖြစ်ကြောင်း နှင့် စားသုံးမိသူများ အတွက် နှလုံး နှင့် သွေးကြော ဆိုင်ရာ ဆဲလ်များ ပုံမှန်လုပ်ဆောင်မှုကို အနှောင့်အယှက် ဖြစ်စေခြင်း၊ သွေးခဲခြင်းဆိုင်ရာလုပ် ဆောင်မှုများ ပျက်ပြားစေခြင်း၊ ဆီးချို ရောဂါဖြစ်စေခြင်းနှင့် သန္ဓေသား ပုံမှန်ကြီးထွားမှုကို တားမြစ်ခြင်းစ သည့် ဆိုးကျိုးများ ခံရနိုင်သည်ဟု ဟောပြောပို့ချခဲ့သည်။

အခြေခံ လူတန်းစား အများစုသည် တန်ဖိုးနည်း စားသုံးဆီများကိုသာ အားထားနေရဆဲ ဖြစ်သည်

အခြေခံ လူတန်းစား အများစုသည် တန်ဖိုးနည်း စားသုံးဆီများကိုသာ အားထားနေရဆဲ ဖြစ်သည်

ဝဝ၉

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*