သတင်းဆောင်းပါး — ဖေဖော်ဝါရီ ၆၊ ၂ဝ၁၃

နိုင်ငံရေး ပါတီ တစ်ခုကို ကျောထောက် နောက်ခံပြုသည့် အများပြည်သူ ဆိုင်ရာ ဥပဒေ အထောက်အကူပြု အဖွဲ့တစ်ခုတွင် ပါဝင်ဆောင်ရွက်လျက် ရှိသော စာရေးဆရာ မိတ်ဆွေ ရှေ့နေတစ်ဦးက တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေ(မူကြမ်း) သည် စာပေ လွတ်လပ်ခွင့်အတွက် အဟန့်အတား ဖြစ်စေနိုင်ကြောင်း၊ မြန်မာ အင်ဒီပဲန်ဒင့်နှင့် ရနံ့သစ် မဂ္ဂဇင်း တို့တွင် ဆောင်း ပါး ရေးသားဖော်ပြခဲ့ သည့် အချိန်ကာလနှင့် တစ်ပြိုင်နက် တည်း လိုလိုမှာပင် အဆိုပါ နိုင်ငံရေးပါတီက ဂျာနယ်နှစ်စောင်ကို တရားရုံးများ မထီမဲ့မြင်ပြုမှု အက်ဥပဒေဖြင့် တရားစွဲဆိုလိုက်ကြောင်း သတင်းများ ဖတ်ရသောအခါ အလွန်အမင်း အံ့သြရခြင်းမဖြစ်မိသော်လည်း ထူးဆန်းသော တိုက်ဆိုင်မှု တစ်ခုအဖြစ် သတိပြုလိုက်မိပါသည်။

ဥပဒေကို ဖျက်သိမ်းစေလိုသူ နှစ်မျိုး

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ် တော် ပေါ်ထွန်းလာခဲ့ပြီးနောက် ပထမ သို့မဟုတ် ဒုတိယမြောက် အစည်းအဝေးနေ့ရက်များမှာပင် တရားရုံးများ မထီမဲ့မြင်ပြုမှု အက်ဥပဒေ (The Contempt of Courts Act; 1926) ဥပဒေကို ဖျက်သိမ်းသင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အဆိုပြုခဲ့ပြီး ယင်း ၏ အဆိုကို လွှတ်တော် အတွင်း မဲခွဲ ဆုံးဖြတ်ခဲ့ရာ(ကျွန်တော် မှတ်မိသရွေ့ ဆိုလျှင်) ထောက်ခံမဲ ၃ မဲခန့်သာ ရရှိ၍ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပါသည်။

တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေ မရှိသင့် သို့မဟုတ် ရှိပြီးသား ဥပဒေကိုပင် ဖျက်သိမ်းသင့်သည် ဟူ၍ ယူဆသော သူ နှစ်မျိုးရှိမည် ထင်ပါသည်။ တစ်မျိုးမှာ တရားရုံးများကို မထီမဲ့မြင်ပြုမှု အက်ဥပဒေ အရ အရေးယူ အပြစ်ပေးခြင်း ခံခဲ့ရသူတို့က သူတို့၏ ပြီးခဲ့သော အတိတ် အတွေ့အကြုံနှင့် ပုဂ္ဂလိက ခံစားမှုအပေါ် အခြေခံ၍ ဖျက်သိမ်း စေလိုခြင်းဖြစ် ပြီး နောက်တစ်မျိုးမှာ ထိုဥပဒေသည် လွတ်လပ်စွာ ရေးသားမှု တစ်နည်း စာပေ လွတ်လပ်ခွင့်ကို အဟန့်အတား ဖြစ်စေ သည်ဟု ရိုးသားယုံကြည်မှုအပေါ် အခြေခံ၍ ဖျက်သိမ်းစေလိုခြင်း ဖြစ်ပါသည်။

Comtempt of Courts Act ဖြင့် အရေးယူ အပြစ်ပေးခံခဲ့ရခြင်း၊ ထိုသို့ အပြစ်ပေးခံရခြင်းကြောင့် ရှေ့နေ ကျင့်ဝတ် သိက္ခာ ဖောက်ဖျက်မှုနှင့် ငြိစွန်းကာ ရှေ့နေလိုင်စင် စသည့် ရပ်စဲခံခဲ့ရခြင်းတို့ကြောင့် မိမိ၏ တစ်ကိုယ်ရေ နာကျည်းမှု တစ်လျှောက် တရားရုံးကို မထီမဲ့မြင်ပြုစရာ Institution တစ်ခုအဖြစ် ရှုမြင်နေ သော သူတို့က ထိုဥပဒေသည် တရားသူကြီး များနှင့် တရားရုံးကို အကာအကွယ်ပေးထားသော ဥပဒေ ဖြစ်သယောင် စွပ်စွဲပြောဆိုတတ်ပါ သည်။

နဖူးက အမာရွတ်

စင်စစ် ထိုဥပဒေအရ ပထမ ဆုံး စီရင်ထုံးပြုခဲ့သည့် အမှုဖြစ်သော ဘုရင်နှင့် မောင်တင်စောပါ ၂ (ရန်ကုန် စီရင်ထုံး အတွဲ ၇) တွင် “တရားရုံး စစ်ဆေးဆဲ အမှုနှင့် စပ်လျဉ်း၍ ရေးသားဖော်ပြသော သဘောထား မှတ်ချက်သည် ထိုအမ စစ်ဆေးစီရင်ခြင်းကို သြဇာလွှမ်းမိုးဖွယ် ရှိပါက ရုံးတော်ကို မထီမဲ့မြင်ပြုရာ ရောက်ကြောင်း” ညွှန်ပြခဲ့ပြီး The Advocate General Myanmar Vs Mg Chit Mag and one (1940, RLR, 188) စီရင်ထုံးတွင်မူ “ထိုဥပဒေ ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ တရားရုံး နှင့် တရားသူကြီး များကို ကာကွယ် ရန် မဟုတ်ကြောင်း၊ အများပြည်သူကို ကာကွယ်ရန်ဖြစ်ကြောင်း၊ အထူးသဖြင့် တရားစီရင်ခြင်း ခံရမည့် အမှုသည် များ၏ အကျိုးကို ကာကွယ်ရန် ဖြစ်ကြောင်း” အတိအလင်း ဖော်ပြခဲ့သည်။ စင်စစ် ၁၉၂၆ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ်အထိ နှစ်ပေါင်း ၈ဝ ကျော် ကာလအတွင်း အမှုစစ်ဆေးစီရင်ခြင်းကို သြဇာလွှမ်းမိုးနိုင်ဖွယ် ဖြစ်သော ရေးသားဖော်ပြမှုကြောင့် အဆိုပါ ဥပဒေအရ အရေးယူပေးပါရန် တိုင်လျှောက်ခဲ့သူတို့မှာ အမှုသည်များ သာလျှင်ဖြစ်ပြီး အရေးယူ အပြစ်ပေးခြင်းခံရသူ (အများစု)မှာ ရှေ့နေရှေ့ရပ်များ၊ အမှုသည်များနှင့် မှုခင်း သတင်းကို သူကိုယ်တိုင် တွေ့ မြင်ခဲ့ရသကဲ့သို့ ချဲ့ကား၍ ရေးသား ဖော်ပြတတ်သူ များဖြစ်ကြောင်း တွေ့ ရပါသည်။

Comtempt of Courts Act ကို ဖျက်သိမ်းပေးရန်အတွက် အကျယ်လောင်ဆုံး အော်ဟစ်ခဲ့သော ရှေ့နေ တစ်ဦးကို ၂ဝဝ၅ ခုနှစ်က ထို ဥပဒေအရ အပြစ်ပေးခံခဲ့ရသည့် စီရင်ချက် မိတ္တူကို မကြာသေးခင် က မိတ်ဆွေ တစ်ဦးထံမှ ဖတ်ခွင့်ရသည်။ သည်တော့မှ သူ၏ နဖူးက အမာရွတ်ကို မြင်ရသည်။ သူဘာကြောင့် အပြစ်ပေးခံခဲ့ ရခြင်းနှင့် သူ ဘာကြောင့် ထိုဥပဒေကို ဖျက်သိမ်းပေးရန် တစာစာ အော်ဟစ်နေခြင်း အကြောင်းရင်းကို သိရသည်။ အမှု ရှုံးနိမ့်စဉ်က တရားရုံးကို ပုတ်ခတ် ပြောဆိုမှုကြောင့် အပြစ်ပေးခံခဲ့ရသူ သည် ပို၍ ပွင့်လန်း လာသည့် ယခုအခါ ယခင်အတိုင်း တစ်သဝေ မတိမ်း ပြောဆိုလျက် ရှိရုံသာမက ပို၍ပင် ပြောင်ပြောင်တင်းတင်း စွပ်စွဲပုတ်ခတ် နေပြန်သည်။ မခံရပ်နိုင်သူ တစ်စုံတစ်ယောက်က သူ့ကို ထပ်မံ၍ တရားမစွဲဆိုသေးသည်ကိုပဲ အံ့သြမိသည်။ သို့ဆိုလျှင် ပုဂ္ဂလိက ခံစားမှုကို ရှေ့တန်း တင်လေ့ရှိသော သူ၏ နဖူး၌ အမာရွတ်တစ်ခု တိုးဦးမည် ထင်သည်။

အမှန်တကယ် အဟန့်အတားဖြစ်စေ သလော

အများပြည်သူအလို့ငှာ အကျိုး နှင့် အပြစ်ကို ဆင်ခြင်၍ ထိုဥပဒေ မရှိသင့်ဟု ထင်မြင်ယူဆသူတို့ကမူ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ကို အဟန့်အတားဖြစ်စေသည် ဟူသော အချက်နှင့် (ဥပဒေဟောင်း)၌ မည်သည့် အချက်သည် တရားရုံးကို မထီမဲ့မြင်ပြုရာရောက်ကြောင်း တိကျ စွာ အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိ ဟူသော အချက် တို့ကို ဝေဖန်ပြော ဆိုလေ့ရှိသည်။

မိတ်ဆွေ စာတတ်ပေတတ်တို့ သည် လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုရေးသားခွင့်အကြောင်းကို ပြော လေတိုင်း လူ့အခွင့် အရေးကြေညာ စာတမ်းအပိုဒ် ၃၉ နှင့် အမေရိကန် ပြည်ထောင်စု၏ အခွင့်အရေး ဥပဒေ မူကြမ်း ၁ ကို ကိုးကားပြောတတ် သည်။ အတော်လည်း ခံတွင်း တွေ့ချင်စဖွယ် ဖြစ်ပါသည်။

Article 19 က လူတိုင်းသည် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် နှင့် လွတ်လပ်စွာ ဖွင့်ဟပြောပြနိုင်ခွင့်ရှိသည် ဟူ၍ဖြစ်ပြီး အခွင့်အရေး ဥပဒေမူကြမ်း ၁ က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ ထင်မြင်ယူဆပိုင်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ကို ပိတ်ပင်သော ဥပဒေကို ကွန်ဂရက် လွှတ်တော် သည် မပြဋ္ဌာန်းရဟူ၍ ဖြစ်ပါသည်။ သို့သော် Article ၁၂ တွင် မိမိ၏ဂုဏ်သိက္ခာကို ထိပါးပုတ်ခတ်ခြင်း မခံစေရ၊ ဝင် ရောက်စွက်ဖက်ခြင်းမှ လည်းကောင်း၊ ပုတ်ခတ်ခြင်းမှ လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့် ရှိသည်ဟူ၍ ပါရှိပါသည်။

အရင့်အမာ ဒီမိုကရေစီနိုင်ငံ ကြီးတစ်နိုင်ငံသည်ပင်လျှင် အကန့် အသတ်မဲ့ ခွင့်ပြုခြင်း မဟုတ်ကြောင်း ပြောလိုရင်း ဖြစ် ပါသည်။ လွတ်လပ်စွာ အသရေဖျက်ခွင့်၊ လွတ်လပ်စွာ ပုတ်ခတ်စော်ကားခွင့်၊ လွတ်လပ်စွာ စွက်ဖက် လွှမ်းမိုးခွင့်ပြုထားခြင်း မဟုတ်ကြောင်း ပြောလိုရင်း ဖြစ်ပါသည်။

ကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ ပြင်ဆင်ခြင်းမပြုသေး ဘဲ အတည်ဖြစ်နေသမျှ လိုက်နာရန် တာဝန် ရှိမည်ဖြစ်သော လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ ၌ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေး သားခွင့်ကို အကန့်အသတ်မဲ့ ခွင့်ပြု ထားခြင်းမရှိကြောင်း၊ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့် တရား အကျိုးငှာ ပြဋ္ဌာန်းထားသော ဥပဒေများနှင့် မဆန့်ကျင် လျှင် ဟူ၍ ကန့်သတ် ထားကြောင်း သတိပြုရမည် ပဲ ဖြစ်ပါသည်။

သို့ဆိုလျှင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုရေးသားခွင့်၊ ထင်မြင် ယူဆခွင့်ရှိသည်ဆိုသော်လည်း ကျွန်တော် တို့သည် လူပုဂ္ဂိုလ် တစ်ဦးတစ် ယောက်ကိုဖြစ်စေ၊ ဌာန အဖွဲ့အစည်း တစ်ခုကိုဖြစ်စေ ဂုဏ်ကျက်သရေ ထိပါး ညှိုးနွမ်းအောင် ပြုခွင့် မရှိသကဲ့သို့ မလျော်သြဇာဖြင့် စွက်ဖက် လွှမ်းမိုးခြင်းမှ အကာအကွယ် ပေးထားသော ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာရန် တာဝန်ရှိမည်ဖြစ်ပါ သည်။ သို့ဖြစ်၍လည်း ရာဇသတ် ကြီးပုဒ်မ ၅ဝဝ Comtempt of Courts Act တို့သည် ဥပဒေအဖြစ် တည်ရှိနေသေးခြင်း ဖြစ်ပါသည်။

တရားရုံး တစ်ရုံး၌ ရှုံးနိမ့်ခဲ့သော အမှုသည်က မူလရုံးသည် ဥပဒေ ကိုသော်လည်းကောင်း၊ အကြောင်းခြင်းရာ ကိုသော်လည်းကောင်း မှား ယွင်းစွာ ကောက်ယူ သုံးသပ်ခဲ့ကြောင်း၊  ထိုဆုံးဖြတ်ချက်ကြောင့် ထိခိုက်နစ်နာ ခဲ့ကြောင်း၊ အယူခံ ပြင်ဆင်တင်သွင်းသည့် အထက်တရားရုံးတွင် အကိုးအထောက် နှင့်တကွ တရားဝင် ဝေဖန် လျှောက်လဲ တင်ပြခွင့်ရှိသည်။ ယခင်ကလည်းရှိပြီး နောင်လည်း ရှိနေဦးမည့် အစဉ်အလာမျိုးကို မည်သည့် ရုံးဌာနတွင် ရှိနိုင်ပါ မည်နည်း။ ယခင် ဥပဒေဟောင်းအရ တရားရုံးများ မထီမဲ့မြင်ပြုမှု အက်ဥပဒေပုဒ်မ ၃ ဖြင့် အရေးယူ အပြစ်ပေးခံရသူ အများစုမှာ တရားရုံးစစ်ဆေးဆဲအမှု များတွင် မိမိ အနိုင်ရရှိ(စေ)လိုသော အမှုသည် ဘက်မှသာလျှင် မှန်ကန် ကြောင်း သို့မဟုတ် အနိုင်ရထိုက် ကြောင်း စကားဦးသန်း၍ သိမ်းသွင်းရေးသားမှု ကြောင့် ဖြစ်ကြောင်း ကို ပုံနှိပ်ထုတ်ဝေ ထားပြီးဖြစ်သည့် စီရင်ထုံးများတွင် တွေ့မြင်နိုင်ပါသည်။

စာနယ်ဇင်းကျင့်ဝတ်တွင် “စီရင်ပိုင်ခွင့် ရှိသော တရားရုံးတော်က ပြစ်မှု ထင်ရှားစီရင်ခြင်း မပြုသေးသမျှ ကာလ ပတ်လုံး အပြစ်ကင်းစင်သူ တစ်ဦးအဖြစ် မှတ်ယူရမည်” ဟူ၍ ဆိုထားပါလျက် ရဲစခန်း၏ ပထမ သတင်းပေး တိုင်ချက်ကို ဖတ်ခဲ့သော သတင်းထောက်က နှစ်ဖက်သက်သေများကို တရားရုံးရှေ့တွင် စစ်ဆေးရန် မလိုတော့ ဘဲ စွပ်စွဲခံရသူကို တန်းပြီး အပြစ်ပေး ရတော့မလို ရေးသားဖော်ပြချက်မျိုးသည် တရားရုံး၏ စစ်ဆေးစီရင်မှုကို ထိပါးရုံသာ ရှိပြီး တစ်ဖက် အမှုသည်ကို အဓိက ထိခိုက် နစ်နာစေသည်သာဖြစ်ရာ ထိုဥပဒေအရ အရေးယူ ပေးရန် အမှုသည်တို့က လျှောက်ထား  စွဲဆိုလေ့ရှိသည် မှာလည်း အလွန် သဘာဝကျပါသည်။

တရားရုံးစစ်ဆေးဆဲအမှုကို မီဒီယာဖြင့် ထိန်းကျောင်းမည်ဆို လျက် အကန့်အသတ်မဲ့ ခွင့်ပြုခဲ့လျှင် တရားရုံးက မစစ်ဆေး မစီရင်မီ မီဒီယာက ဦးစွာ စီရင်မည် သေချာသည်။ သာဓက များစွာလည်း ရှိခဲ့ဖူးသည်။ တစ်ခါတစ်ရံ မီဒီယာ၏ စီရင်ချက်သည် သူ၏ ပျံ့နှံ့မှုနှင့် သြဇာလွှမ်းမိုးနိုင်မှုအလျောက် အင် အားကြီးနိုင်သည် ဖြစ်ရာ စစ်ဆေးဆဲ အမှုကိုတော့ဖြင့် ဝင်ရောက်စွက်ဖက် လွှမ်းမိုးခြင်းမှ အကာအကွယ် ဖြစ်စေရန် “တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေ” တစ်ခု ရှိသင့်သည်။ ရှိရပေလိမ့်မည်။ မိတ်ဆွေ ရှေ့နေကြီး စိုးရိမ်မကင်း ဖြစ်နေသကဲ့သို့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အဟန့်အတား ဖြစ်စေသည်ဟု မထင်မြင်ကြောင်း ပြော လိုခြင်း ဖြစ်ပါသည်။

သဘောမတူရန် အကြောင်းမရှိ

စာရေးဆရာ မိတ်ဆွေကြီး၏ ဆောင်းပါးတွင် “ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု”၏ အဓိပ္ပာယ်ဖွင့်ဆို ချက် ပုဒ်မ ၂(ဂ)နှင့် စပ်လျဉ်း ၍  “တရားစီရင်သော မှုခင်းကိစ္စ တွင် ဖြောင့်မှန်စွာ ဆောင်ရွက်မှုကို ထိခိုက်စေရန် သို့မဟုတ် စွက်ဖက်ရန် သို့မဟုတ် စွက်ဖက်ခြင်း ဖြစ်စေ တန်ရန် သို့မဟုတ် နှောင့်ယှက်ရန်  သို့မဟုတ် နှောင့် ယှက်ခြင်း ဖြစ်တန်စေရန် အကြောင်းအရာ တစ်ရပ်ကို နှုတ်ဖြင့်ဖြစ်စေ စာအရေးအသားဖြင့် ဖြစ်စေ ရေးသားဖော်ပြခြင်း၊ ပုံနှိပ် ထုတ်ဝေခြင်း” ဟူသော ပြဋ္ဌာန်းချက်ကို သဘောမတူကြောင်း၊ ယင်း အစား ပုဒ်မ ၂(ဂ)ပါ အကြောင်း အရာတစ်ရပ်ကို ကိုယ်တိုင်နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အခြားနည်း ဖြင့်ဖြစ်စေ လက်အောက်ငယ်သား တစ်ဦးမှ တစ်ဆင့်ဖြစ်စေ သြဇာ လွှမ်းမိုးဆောင်ရွက်ခြင်းဆိုသော စကား  ရပ်များကို ထည့်သွင်းသည်ကမှ ဖြောင့်မှန်စွာ တရားစီရင်ရေးကို  အထောက်အကူပြု မည်ဖြစ်ကြောင်း ကျွန်တော့် မိတ်ဆွေ ၏ ရေးသားဖော် ပြချက်တွင် တွေ့ရပါသည်။

ယင်းပုဒ်မ ၂(ဂ)ပါ စကားရပ် များ အစားထိုးခြင်းကို ကျွန်တော် သဘောမတူပါ။ သို့သော် မိတ်ဆွေကြီး အလိုရှိသည့် အတိုင်း စကားရပ်များ ထပ်ထည့်ရန် လွှတ်တော်နှစ်ရပ်၏ ကိုယ်စားလှယ်တို့က ဆန္ဒပြုမည် ဆိုပါက သဘောမတူရန်အကြောင်း မရှိဟု ဆိုချင်ပါသည်။ တရား စီရင်မှုတွင် အတည်ဖြစ်လျက်ရှိသော ဥပဒေများမှအပ မီဒီယာအပါ အဝင် မည်သူ၏ စွက်ဖက် လွှမ်းမိုးမှုမဆို မရှိနိုင်တော့သည့် ကာလတစ်ခုသို့ ရောက်ရှိသောအခါတွင်မှ လွတ်လပ်စွာ တရားစီရင်မှုဖြစ် ထွန်းနိုင်မည်ဟု ယုံသောကြောင့်ဖြစ်ပါသည်။

တစ်ခုတော့ဖြင့် ရှိသည်။ မိတ်ဆွေများသည် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် မည်သို့ ပေါ်ပေါက် လာခဲ့ခြင်းနှင့် ကျွန်တော်တို့၏ ခရီး ဘယ်လမ်းက သွားနေခြင်း ဖြစ်သည်ကို မကြာခဏ မေ့လျော့ကာ ဟိုဘက်  ရွာက ပေတံများကို ဆွဲဆွဲထုတ် လာတတ်ခြင်းပဲ ဖြစ်သည်။

ဇေယျာမိုးမြင့်စံ

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*