တိုင်းရင်းသားသတင်း — မတ် ၆၊ ၂ဝ၁၃

SSPP/SSA တပ်ဖွဲ့များနှင့် မြန်မာ စစ်တပ်တို့အကြား တိုက်ပွဲများ ဖေဖော်ဝါရီလ နောက်ဆုံး သီတင်းပတ်က ဖြစ်ပွား ခဲ့ပြီးနောက် နမ်ဇန်းမြို့နယ်မှ မြန်မာ တပ်ဖွဲ့ဝင် စစ်သည်များကို စစ်ကား အစီးလေးဆယ်ဖြင့် သယ် ဆောင်ကာ ဖေဖော်ဝါရီ ၂၄ ရက်က တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဒေသဆီသို့ ဦးတည်မောင်းနှင် သွားသည်ကို တွေ့ရှိရကြောင်း ခိုလမ်းဒေသ အတွင်း ဒေသခံတို့၏ ပြောကြားချက်များကို ကိုးကား၍ S.H.A.N သတင်းဌာနက ရေးသား ဖော်ပြ ခဲ့သည်။

ရှမ်းပြည်တောင်ပိုင်း ခိုလမ်း ဒေသအခြေစိုက် အမှတ် ၆၆ ခြေလျင် တပ်ရင်းနှင့် SSA တပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့သော တိုက်ပွဲ မှာ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး မြန်မာ တပ်ဖွဲ့မှ ဗိုလ်မှူးကြီး ကျော်မြင့်ထွန်း အပါအဝင် ၅ ဦးကျဆုံး၊ လက်နက်မျိုးစုံ ရှစ်လက်၊ လမ်းလျှောက် စကားပြောစက် တစ်လုံးနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း SSA သတင်းရပ်ကွက်က ပြောကြားခဲ့ သည်။

မြန်မာအစိုးရတပ်က ယင်းတို့ ကျန်ရစ်သော လက်နက်များကို ပြန်လည် ရယူလိုသော်လည်း ကျေးရွာသူကြီး ထံတွင် အပ်နှံထားရန်နှင့် နောက်မှ လာရောက် ယူဆောင်မည် ဖြစ်ကြောင်း ပြောကြားချက်ကို SSA တပ်ဖွဲ့က သဘောတူ လက်ခံခဲ့ခြင်း မရှိဘဲ လုပ်ထုံးလုပ်နည်း အတိုင်းသာ ပြန်လည် ပေးအပ်မည်ဖြစ်ကြောင်း အကြောင်း ပြန်ကြားခဲ့သည်ဟု ဆိုသည်။

ခိုလမ်းဒေသရှိ SSA ဆက်သွယ်ရေး အရာရှိ ဗိုလ်မှူးဂျူဝင်းကို မြန်မာစစ်တပ်က ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း သတင်းထွက်ပေါ် ခဲ့သော်လည်း အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ရုံး က ခေတ္တခေါ်ယူ မေးမြန်း စုံစမ်းခြင်းမျှသာ ဖြစ်ကာ ဖမ်းဆီးထိန်းသိမ်း မပြုဘဲ ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

လွယ်လန်းဒေသရှိ SSA တပ်ဖွဲ့ များကို ဖယ်ရှားပေးရန် မြန်မာစစ်တပ်က ပြည်ထောင်စုနေ့ မတိုင်မီက  တောင်းဆိုခဲ့သော် လည်း SSA က လိုက်လျောမှု မရှိခဲ့သဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကာ ဖေဖော်ဝါရီ ၂၂ ရက်က ဖြစ်ပွားသည့် တိုက်ပွဲ တစ်ခုအတွင်း၌ပင် မြန်မာစစ်သည် ၂၈ ဦး ကျဆုံးခဲ့ကြောင်း SSA ဌာနချုပ်မှ အရာရှိ တစ်ဦးက ထုတ်ဖော် ပြော ကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်က အစိုးရ တပ်ဖွဲ့များ ထိုးစစ်ရပ်ဆိုင်းရန် မကြာသေးမီက အမိန့် ထုတ်ပြန်ခဲ့ပြီးဖြစ်သော် လည်း ခြေမြန်တပ်ရင်း ၃၂၂၊ ၃၁၅၊ ၅၇၇၊ ၅၇၄၊ ၅၂၅ နှင့် ခြေ လျင်တပ်ရင်း ၃၃၊ ၁၃၁၊ ၂၉၅ တို့မှ ခန့်မှန်း စုပေါင်းအင်အား တစ်ထောင်ခန့်သည် တန့်ယန်းနှင့် မုန်းရှူးမြို့နယ်များတွင် နေရာယူထားရှိကာ စစ်ရေး တင်းမာမှုများ ဆက်လက် ဖြစ်ပေါ်စေ လျက် ရှိကြောင်း သိရှိရသည်။

Ref: Burma Army Reinforciny troops in recent battle scene with RCSS/SSA S.H.A.N March 1, 2013

Thirty Burmese Soldiers Killed in Clashes with SSPP/SSA S.H.A.N Feb 26, 2013

ဝ၃၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*