ပြည်တွင်းသတင်း — ရန်ကုန်၊ မတ် ၁၆၊ ၂ဝ၁၃
၈၈ မျိုးဆက် ကျောင်းသား မင်းကိုနိုင်

၈၈ မျိုးဆက် ကျောင်းသား မင်းကိုနိုင်

တံတားနီ အရေးအခင်း ငွေရတု အထိမ်းအမှတ်အခမ်းအနားကို အင်းလျားကန်စောင်းတွင် မတ်လ ၁၆ ရက်က ကျင်းပစဉ် သမိုင်း  အဟောင်းကို သင်ကြရန်နှင့် သမိုင်း အသစ်ကိုလည်း ရေးကြရန် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်က တိုက်တွန်း ပြောကြား လိုက်သည်။

မင်းကိုနိုင်က “ဖိနှိပ်ခဲ့တဲ့ အာဏာရှင်အဆက်ဆက်ရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေဟာ ဒီနေရာမှာ သက်သေ ပါပဲ။ ဒီနေရာမှာ ကျောင်းသားတွေ အင်အားသုံးပြီး ဖြိုခွင်းတာခံခဲ့ရတယ်။ အစိုးရရဲ့ လုပ်ကြံခံခဲ့ရတယ်။ နောက် ကျောကို ဓားနဲ့ထိုးခံခဲ့ရတယ်။ နောက်ဆုံးတော့ ဘယ်တော့မှ အရှုံး မပေးခဲ့တဲ့ ကျောင်းသားတွေဟာ အမိ တက္ကသိုလ်ရဲ့ ရင်ခွင်ကို ပြန်ရောက် လာပြီး ဒေါင်းအလံကို ပြန်ထူနိုင်ခဲ့ ပြီ။ အချိန်တန်ရင် အမှန်တရားက အောင်ပွဲခံပါလိမ့်မယ်။ ပြီးတော့ သမိုင်းအဟောင်းကိုလည်း သင်ကြပါ။ သမိုင်းအသစ် ကိုလည်း ရေးကြပါလို့ ရှေ့မျိုးဆက်တွေကို ပြောကြား လိုက်တယ်”ဟု မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောကြားသည်။ ယင်းအခမ်း အနားတွင် ၈၈ မျိုးဆက်တစ်ဦးဖြစ်သူ ကိုဂျင်မီကလည်း “၈၈ ခုနှစ် ကစပြီး အစိုးရက လူထုဆန္ဒပြမှုတွေကို ကိုင်တွယ်တဲ့ နေရာမှာ လက်ယဉ်လာခဲ့တာ ယနေ့အချိန်ထိပါပဲ။ ကျင့်ဝတ်နဲ့ မကိုက်တဲ့ ဖြေရှင်းနည်းတွေ သုံးခဲ့တယ်။ ကျွန်တော်ဒီနေရာမှာ တောင်းဆိုချင်တာက ယဉ်နေတဲ့ လက်တွေ တော်ပါတော့ တော်ကြပါတော့။ နောက် မျိုးဆက်သစ် ကျောင်းသားတွေ ကို နွေးနွေးထွေးထွေး ထွေးပွေ့ကြပါတော့” ဟု ပြောကြားသွားခဲ့သည်။

လွန်ခဲ့သော ၂၅ နှစ် ၁၉၈၈ မတ်လ ၁၆ ရက်တွင် ရန်ကုန်ဝိဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ များက ရန်ကုန်စက်မှု တက္ကသိုလ်ရှိ ဆန္ဒပြကျောင်းသားများထံ သွားရောက်ပူးပေါင်းချိန်တွင် အင်းလျား ကန်စောင်း တံတားဖြူနေရာ အရောက် လုံခြုံရေး တပ်ဖွဲ့ဝင်များ ၏ အင်အားသုံး ဖြိုခွင်းမှု ခံခဲ့ကြရပြီး ကျောင်းသား များ သွေးမြေ ကျခဲ့ကြရသည်။ အဆိုပါ တံတားဖြူနေရာကို ကျောင်းသားများက တံတားနီဟု အမည်ပြောင်းခဲ့ကြသည်။

ထိုတံတားနီအရေးအခင်း ၂၅ နှစ်ပြည့်ငွေရတု အထိမ်းအမှတ် အခမ်းအနားကို အင်းလျားကန်ဘောင်၏ တံတားနီ မြက်ခင်းပြင်တွင် မတ်လ ၁၆ ရက် ညနေ ၄ နာရီ၌ ကျင်းပခဲ့ပြီး ၈၈ မျိုးဆက်ကျောင်း သားများ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်နှင့် တက္ကသိုလ် ကျောင်းသားသမဂ္ဂများ အဖွဲ့တို့ တက် ရောက် ခဲ့ကြပြီး အမှတ်တရ သီချင်းများ၊ ကဗျာများ ရွတ်ဆိုခဲ့ကြသည်။

ဝ၈၇

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*