ပြည်တွင်းသတင်း — ရန်ကုန်၊ ဧပြီ ၂၈၊ ၂ဝ၁၂

ဦးဖြိုးဇေယျာသော်၊ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်းသိန်းနှင့် ဦးလင်းလင်းတို့လေးဦးကို မင်္ဂလာဒုံလေဆိပ် တွင် တွေ့ရစဉ်

အမျိုးသားဒီမိုကရေစီချုပ်မှ သြစတေးလျနိုင်ငံသို့ ပါတီဝင်လေးဦးကို ရက်တိုသင်တန်း စေလွှတ်လိုက်ပါသည်။ အဆိုပါ လေးဦးမှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် (ဇေယျာသော်)၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းနှင့် တေးရေး တေးဆို ဦးလင်းလင်းတို့ လေးဦးဖြစ်ပြီး ၎င်းတို့သည် ယနေ့ နံနက် ဝ၉း၃ဝ နာရီတွင် မင်္ဂလာဒုံလေဆိပ်မှ ဘန်ကောက်မြို့သို့ ထိုင်းလေကြောင်းဖြင့် ထွက်ခွာသွားကြပါသည်။ ၄င်းတို့၏ အဓိကခရီးစဉ်မှာ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ  ဆစ်ဒနီတက္ကသိုလ် (University of Sydney’s Graduate School of Government) ၌ နိုင်ငံရေးနှင့် မူဝါဒရေးဆိုင်ရာအကြံပေး ရက်တိုသင်တန်းကို တက်ရောက်ကြမည်ဖြစ်သည်။

သင်တန်းကာလမှာ ဧပြီ လ ၃ဝ ရက်မှ မေလ ၄ ရက်နေ့ထိ ဖြစ်ပြီး သင်တန်းပြီးနောက် သြစတေးလျနိုင်ငံ မြို့တော် ကင်ဘာရာသို့လည်း သွားရောက်လည်ပတ်မည် ဖြစ်ပါသည်။ ၄င်းတို့အား ဖိတ်ကြားခဲ့သော အဖွဲ့အစည်းမှာ သြစတေးလျနိုင်ငံရှိ လက်ရှိ အာဏာရပါတီဖြစ်သော သြစတေးလျလေဘာပါတီ ဖြစ်ပါသည်။ မြို့တော် ကင်ဘာရာ ၌ ဒီ/ချုပ်အဖွဲ့ဝင် ဧည့်သည်များသည် အစိုးရအဖွဲ့ ရွေးချယ်ပွဲများ၊နိုင်ငံတော်ဘဏ္ဍာအရ အသုံးငွေစာရင်း သတ်မှတ်မည့် ပါလီမန် အစည်းအဝေးနှင့် အစိုးရအဖွဲ့ဝင် အဆင့်မြင့်အရာရှိကြီးများ အား ပါလီမန်အတွင်း ဝင်ရောက် လေ့လာတွေ့ဆုံမည် ဖြစ်သည်။ ထို့နောက် လေဘာပါတီဌာနချုပ်သို့ သွားရောက် လည်ပတ်ကာ လေဘာပါတီ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ မေလ ၉ ရက်နေ့တွင် ဒီ/ချုပ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ပြန်ရောက်မည် ဖြစ်သည်။

၀၃၀

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.