ပြည်တွင်းသတင်း — ရန်ကုန်၊ မေ ၂၂၊ ၂ဝ၁၂

ဒီမိုကရက်တစ်မြန်မာ့အသံက မေလ ၁၆ ရက်နေ့၊ ဗုဒ္ဓဟူးနေ့ ည ၈ နာရီသတင်းတွင် ထုတ်လွှင့်  ခဲ့သော ဂေါပက ၅ ဦး မြေကြီး ရောင်းစားသည်ဆိုသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း မြန်မာ နိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်မှ သိက္ခာတော်ရဆရာတော် မန်းစံသိန်းထွန်းက မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောသည်။

မန္တလေးမြို့ ယုဒသန်နှစ်ခြင်း အသင်းတော် ကယ်လီသာသနာမြေကို ဂေါပကအဖွဲ့ ၅ ဦးက မြန်မာကျပ်ငွေ သိန်းပေါင်း နှစ်သိန်းနှစ်သောင်းဖြင့် ရောင်းစားသည်ဆိုသော သတင်းနှင့် ပတ်သတ်၍ သိက္ခာတော်ရဆရာတော် မန်းစံသိန်းထွန်းက ““ဂေါပက အဖွဲ့ ၅ ဦးဆိုတာ မရှိပါဘူး။ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းတော်များ အဖွဲ့ချုပ်မှ ကယ်လီသာသနာ့မြေ ကြီးကြပ်ရေး ကော်မတီကို အဖွဲ့ဝင် ၁၁ ဦးနဲ့  ဖွဲ့စည်းထားပါတယ်။ ဒီဗွီဘီက ပြောတဲ့ ဂေါပကအဖွဲ့ ၅ ဦးဆိုတာ လုံးဝမဟုတ်မှန်ကြောင်း ထင်ရှားပြီး အသင်းတော်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်””ဟု မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောသည်။

မြန်မာကျပ်ငွေ သိန်းပေါင်း နှစ်သိန်းနှစ်သောင်းဖြင့် ရောင်းစားသည်ဆိုသော သတင်းနှင့် ပတ်သက်၍ ယင်းမှဆက်လက် ပြောကြားရာတွင် ““ခုကိစ္စက သာသနာ့မြေကို ရောင်းတာမဟုတ်ပါဘူး။ သာသနာ့မြေပေါ်မှာ အကျိုးတူလုပ်ငန်း ဆောင်ရွက်ပြီး တိုက်ခန်းများ ဆောက်ကာ သာသနာ့အကျိုးအတွက် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ကယ်လီသာသနာ့မြေ တစ်ခုလုံးရဲ့ ပိုင်ဆိုင်မှုဟာ အသင်းတော်လက်ထဲမှာပဲ ရှိတယ်။ ရောင်းစားလို့လည်း ဥပဒေ သဘောအရ မရပါဘူး””ဟု ပြောသည်။

ကယ်လီသာသနာ့မြေပေါ်တွင် နှစ်ပေါင်း ၁၂၅ နှစ်ကျော်ကြာ နေထိုင်ခဲ့သော ပညာရေးဝန်ထမ်း မိသားစု ၃၃ ဦးနှင့် ပတ်သက်၍လည်း သိက္ခာတော်ရ ဆရာမန်းစံသိန်းထွန်းက ““အသင်းတော်ဝင်း အတွင်းမှာ ဓမ္မအမှုတော်များနဲ့ အသင်းသား မိသားစုများကို အခမဲ့နေခွင့်ပြုခဲ့ပါတယ်။ ပညာရေးမိသားစု ၃၃ စု ဆိုတာ လုံးဝမရှိပါဘူး။ အငြိမ်းစားယူသွားတဲ့ သိက္ခာတော်ရ ဆရာတော်၊ ဓမ္မဝန်ထမ်း အမှုတော်ဆောင်တွေနဲ့ မိသားစုတွေ အသင်းသားတွေကို အခမဲ့ခွင့်ပြုချက်နဲ့ စာ ချုပ်ချုပ်ပြီး၊ နေခွင့်ပေးတာ မိသား စု ၂၂ စုရှိပါတယ်””ဟုပြောသည်။

ထို့နောက် နေခွင့်ပေးထားသော မိသားစု ၂၂ စုနှင့် ပတ်သက်၍လည်း““အဲဒီနေထိုင်သူတွေ ထဲက တချို့ဟာ ဘုရားမြေကိုအလကားနေရုံမျှမက တစ်ဆင့်အငှားချထားပြီး၊  ခွဲခြမ်းစိတ်ဖြာ ရောင်းစားရာကနေ အဲဒီအငှားတွေက ခရစ်ယာန်ဘာသာဝင်တွေ မဟုတ်ရုံမျှမက အရက်ပုံးဆိုင်တွေ၊ ဥပဒေနဲ့မညီတဲ့ လုပ်ငန်းလုပ်သူတွေ ပါဝင်လာပြီး၊ သာသနာ့မြေဟာ အမှိုက်ပုံကြီးဖြစ်လာခဲ့ပါတယ်”” ဟု ပြောသည်။

ဆက်လက်၍လည်း ““ကယ်လီသာသနာ့မြေမှာတော့ ဘုရား ကျောင်းမျက်နှာစာ ၃၄ လမ်းနဲ့ ၈၂ လမ်းထောင့်၊ ၃၃ လမ်းနဲ့ ၈၂ လမ်းထောင့်နေရာမှာ မန္တလေးမြို့ရဲ့ အလွန်စည်ကား နာမည်ကြီးလှ တဲ့ ရွှေခိုင်ဘီယာနဲ့အရက်၊ အကင်ဆိုင်၊ ပါဝါဖိုက်အရက်ဆိုင်တို့ ရှိနေပါတယ်””ဟု သိက္ခာတော်ရ ဆရာတော် မန်းစံသိန်းထွန်းက ပြောသည်။

ယင်းအရက်ဆိုင်များ ကယ်လီသာသနာ့နယ်မြေတွင်ရှိခြင်းကို ““ဒီဆိုင်တွေကို ဒီဗွီဘီက ထုတ် လွှင့်သွားတဲ့ ဓာတ်ပုံထဲမှာ ဖော်ပြသွားခြင်း လုံးဝမရှိပါဘူး။ အဲဒီ အရက်ရောင်းစားတဲ့သူတွေက ဖယ်ပေးရတော့မှမို့လို့ သူတို့ စီးပွားရေး ထိခိုက်ရတော့မှာစိုးလို့ လုပ်ကြံလီဆယ်ပြီး တိုင်ကြားခဲ့ ခြင်းသာ ဖြစ်ပါတယ်””ဟု သိက္ခာတော်ရ ဆရာတော်မန်းစံသိန်းထွန်းက ထပ်လောင်းပြောသည်။

ယင်းနောက် ကယ်လီသာသနာ့နယ်မြေတွင် အဆင့်မြင့် လူနေတိုက်ခန်းများ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ သိက္ခာတော်ရဆရာက ““ဆောက်လုပ်ပေးမယ့် ကုမ္ပဏီက အောင်မြင်တိုးတက်ရေး ကုမ္ပဏီပါ။ မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဝေပါ။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်း တူရဲ့ဇနီး ပိုင်တဲ့ကုမ္ပဏီလို့ ကျွန်တော်တို့ မသိပါဘူး။ နောက်ပြီး အဆင့်မြင့် လူနေတိုက်ခန်းတွေ ဆောက်လုပ်ပြီး နေခွင့်ပေးထားတဲ့ မိသားစု ၂၂ စုကို ဆက်လက် နေထိုင်ခွင့်ပြုမှာ ဖြစ်ပါတယ်။  ဆောက်လုပ်ဆဲကာလမှာလည်း နေထိုင်ပြောင်းရွှေ့စရိတ် အတွက် စီစဉ်ပေးထားမှာဖြစ်ပါ တယ်””ဟု ပြောသည်။

ဒီမိုကရက်တစ်မြန်မာ့အသံတွင် ထုတ်လွှင့်မှုတွင်ပါသော မေလ ၁ ရက်နေ့ အပြီးသတ် ထွက်ခိုင်းခြင်းကို သိက္ခာတော်ရဆရာ က ““ထုတ်လွှင့်မှုမှာပါတဲ့ မေလ ၁ ရက်နေ့ အပြီးသတ် ထွက်ခိုင်းတယ်ဆိုတာ မဟုတ်ပါဘူး။ မိမိတို့၏ သဘောထားကို တင်ပြဖို့ မေလ ၁ ရက်နေ့ကို သတ်မှတ် ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အမည်ကို သုံးပြီး၊ အာဏာနဲ့ နှင်ထုတ်တဲ့စကား ကျွန်တော်တို့ လုံးဝ မသုံးနှုန်းခဲ့ပါဘူး။ ဒါပေမဲ့ သာသနာ့မြေ သန့်ရှင်းမှုအတွက် ဥပဒေနဲ့အညီ ကျူးကျော်များကို ရှင်းလင်းဖယ်ရှားသွားမှာ ဖြစ်ပါတယ်””ဟု ပြောသည်။

အဆိုပါ သတင်းထုတ်လွှင့်မှု မှားယွင်းဖော်ပြခဲ့ရာတွင် ဒီမိုကရက်တစ်မြန်မာ့အသံက မည်သို့ တုံ့ပြန် ပြောဆိုခြင်းနှင့်ပတ်သက်၍လည်း သိက္ခာတော်ရဆရာက ““သူတို့ သတင်းပေးပို့တဲ့သူရဲ့ အမှားဖြစ်ပါတယ်။ သတင်းကို အမှားပြင်ဆင်ချက်အနေနှင့် ပြန်လည်ဖော်ပြပေးသွားမယ်လို့ တာ ဝန်ရှိသူများက ပြောဆိုကြောင်း”” ဆရာက တစ်ဆင့် ပြန်ပြောသည်။

ဝ၁၇

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.