တွေ့ဆုံ​မေးမြန်းခြင်း — ရန်ကုန်၊ ဇွန် ၉၊ ၂ဝ၁၂

ဇွန် ၂ဝ တွင် ကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်အနေဖြင့်လည်းကောင်း၊ နိုင်ငံ အရပ်ရပ်တွင် ဖြစ်ပေါ်နေသော ဒုက္ခသည်များနှင့် ပတ်သက်၍ လည်းကောင်း၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး အတွက် မြန်မာပြည်အနှံ့ ခရီးများထွက်၍ ပြည်သူတို့၏ ဒုက္ခများကို မျှဝေခံစားပေးနေသော ၈၈ မျိုး ဆက်ကျောင်းသားများထဲမှ ကိုမြအေးကို မြန်မာအင်ဒီပဲန်ဒင့်က နိုင်ငံသားအသံ ကဏ္ဍ အတွက် တွေ့ဆုံမေးမြန်းထားပါသည်။

၈၈ မျိုးဆက် ကျောင်းသား ကိုမြအေး

၈၈ မျိုးဆက် ကျောင်းသား ကိုမြအေး

““ဒုက္ခသည်ဆိုတာက အမျိုးမျိုးရှိတယ်ဗျ။ စစ်ဖြစ်တဲ့ဒေသတွေမှာ နေလို့မရတော့တဲ့ အခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒုက္ခသည်တွေ၊ ဖောက်ပြန်တဲ့ စနစ်တစ်ခုကြောင့် တိုင်းပြည်အတွင်းမှာ ဘယ်လိုမှ နေလို့မရတော့လို့ တိုင်းပြည်ထဲက ထွက်သွားရတဲ့ ဒုက္ခသည်တွေ၊ သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်ရတဲ့ ဒုက္ခသည်တွေ စသဖြင့်ပေါ့ဗျာ။ လူ့ရဲ့သဘာဝက မိမိကြီးပြင်းနေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင်ကို ခင်တွယ်တယ်။ အဲဒီမှာပဲ ဖြစ်နိုင်ရင် ကိုယ့်စားဝတ်နေရေးအတွက် ဖူဖူလုံလုံလေးနဲ့ အဆင်ပြေပြေ နေချင်ကြတဲ့ သဘာဝ ရှိတယ်။ အဲဒီထဲမှ ကျွန်တော်တို့ မြန်မာလူမျိုးတွေက ပိုပြီးနိုင်ငံအပေါ်သံယောဇဉ်ရှိတယ်လို့ ထင်တယ်ဗျ။””

““ဥပမာ ကျွန်တော်ဆိုရင် ကိုယ်နေရတဲ့ ထောင်အခန်းလေးထဲမှာ ကိုယ့်အိမ်ဆိုတဲ့စိတ်နဲ့ နေတယ်။ အဲဒီကနေ တစ်နေရာ ပြောင်းရမယ်ဆိုရင် ကျွန်တော် စိတ်ထဲမှာ တစ်မျိုး ခံစားရတယ်။ ကိုယ့်ဒေသကနေပြီးတော့ စွန့်ခွာရတဲ့ ဒုက္ခသည်တွေက စစ်ကြောင့်ရှိတယ်၊ စနစ်ဆိုးကြောင့် ရှိတယ်၊ တခြား တခြားသော ပဋိပက္ခတွေကြောင့် ရှိတယ်။ တခြား နိစ္စဓူဝ မိမိရဲ့စားဝတ်နေရေးအတွက် ပူပင်သောက ရောက်နေတဲ့လူ တွေလည်း ဒါဒုက္ခသည်ထဲမှာ ပါတယ်။ လူတွေဟာ လူ့အဖွဲ့အစည်း အတွင်းမှာ မပျော်ရင်တောင်မှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့၊ မပြည့်စုံရင်တောင်မှ ဖူဖူလုံလုံနဲ့ နေထိုင်သွားနိုင်တဲ့ အခြေအနေမျိုးကို တောင့်တ ကြတယ်။””

““ဒီတောင့်တခြင်းဟာ တရားတယ်။ တခြားနိုင်ငံတွေမှာ သွားပြီးအလုပ်လုပ်ကိုင်နေရတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမ မြန်မာပြည်သားတွေကို ကျွန်တော်တို့နိုင်ငံအတွင်းမှာ အေးအေး ချမ်းချမ်း ရှာဖွေ စားသောက် လုပ်ကိုင်လို့ရမယ့် တစ်စုံတစ်ရာလုပ် ပေးနိုင်မယ်ဆိုရင် ဘယ်သူမှ သွားချင်မှာ မဟုတ်ပါဘူး။ စစ်ဘေးဒုက္ခသည်တွေ ဆိုရင်လည်း ဒီဒုက္ခသည် အရေးအတွက်ထက် နောက်ဆက်တွဲ မျိုးဆက်တွေရဲ့ အကျိုးဆက်က မကောင်းဘူးဗျ။ သဘာဝ ဘေးအန္တရာယ်ကကျတော့ ဘယ်လက်နက်နဲ့မှလည်း တိုက်ခိုက်လို့မရဘူး၊ ခုခံလို့မရဘူး၊ ကြိုတင်ပြင်ဆင်ထားလို့ပဲရမယ်။

နာဂစ်ဖြစ်တုန်းကဆိုရင် ကျွန်တော်က ထောင်ထဲမှာ ဒါပေမဲ့ ဂျာနယ် ဖတ်ရတယ်။ အဲဒီမှာ ဖအေတစ်ယောက်က ကလေးလေးကို ဖက်ထားရင်းနဲ့ ရေစီးကြောင်းထဲ ကလေးပါသွားတဲ့ ရင်နင့်စရာ ခံစားချက်ရယ်၊ နောက်တစ်ခုက အဲဒီနာဂစ်ဖြစ်တဲ့ အချိန်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေအကုန်လုံးက လူမျိုးဘာသာမရွေး ဝိုင်းဝန်းကူညီပေးတဲ့ စိတ်ဓာတ် ပေါ်လာတယ်။ အဲဒီစိတ်ဓာတ်နဲ့ ဒီလိုဘေးအန္တရာယ်မျိုးတွေကို ကိုင်တွယ်သွားမယ်ဆိုလို့ရှိရင် ဒုက္ခသည်တွေရဲ့ နေထိုင်ရာဘဝကို အေးအေးချမ်းချမ်း ပြန်တည်ဆောက်ပေးနိုင်မယ်လို့ ယုံကြည်တယ်။ ဒီလိုဒုက္ခသည်တွေကို ပစ်ထားမယ်ဆိုလို့ရှိရင် ဘာဖြစ်သွားနိုင်လဲဆိုတော့ စီးပွားရေးမပြေလည်တဲ့ပြဿနာ၊ အေးချမ်းစွာ နေထိုင်နိုင်ခြင်း မရှိတဲ့ ပြဿနာ၊ လူကုန်ကူးမှု ပြဿနာတွေအထိ ဖြစ်ပေါ်နိုင်တယ်။ တရားမဝင် ရွှေ့ပြောင်း အလုပ်သမား ပြဿနာတွေ ဖြစ်လာနိုင်တယ်။ အဲဒီလို ပြဿနာတွေ ငြိမ်းချမ်းသာယာဖို့က အဲဒီလူ့ဘောင် အဖွဲ့အစည်းကို ဦးဆောင်ဦးစီးပြုတဲ့ အစိုးရတစ်ရပ်ရဲ့မူဝါဒတွေက အလွန်အရေးကြီးတယ်။

အဲဒီတော့ ကျွန်တော် ဖြစ်စေချင်တာကတော့ တိုင်းပြည်အတွင်းမှာရှိတဲ့ လူမျိုးတိုင်း၊ ဘာသာမရွေး ပျော်ရွှင်ငြိမ်းချမ်း သာယာတဲ့ ဒီမိုကရေစီကို အစိုးရက အကောင်အထည် ဖော်သွားရင် ကောင်းမယ်လို့ မြင်တယ်။ စစ်ကြောင့် ဖြစ်စေ၊ နိုင်ငံရေးကြောင့် ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်စေ၊ ဘယ်လိုဒုက္ခသည်မျိုးကိုပဲ ဖြစ်ဖြစ်၊ အဲဒါတွေ ပပျောက်သွားဖို့ဆိုတာက တစ်ဦးအား တစ်ဖွဲ့အားနဲ့ လုပ်လို့မရဘူး။ ကျွန်တော်တို့ အားလုံး စုပေါင်းပြီးတော့ လုပ်ကိုင်မှရတယ်။ တိုင်းပြည်အတွင်းမှာ ဒီလိုတာဝန်ယူမှု သိတတ်မှုရှိတဲ့ အစိုးရတစ်ရပ် ပေါ်ထွန်းလာမယ်ဆိုရင် ဒီပြဿနာတွေဟာ တဖြည်းဖြည်း လျော့နည်းသွား မယ်ပေါ့ဗျာ။ ကျွန်တော်တို့လည်း ဝိုင်းဝန်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်””ဟု ကိုမြအေးက ဒုက္ခသည်များ ပပျောက်ရေးအတွက် ယင်း၏ ယူဆချက်များကို ပြောကြားသွားသည်။

ဝဝ၈

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*