ရေဝေးသုဿ န်အတွင်း လူထောင်ပေါင်း၊ သောင်းပေါင်းများစွာ တစ်ရွေ့ရွေ့ ဝင်ရောက်နေပြီး မွတ်ဆလင်မ် သင်္ချိုင်းအတွင်းရှိ ဗလီဘေးတွင် တိုးဝှေ့နေသော ရာနှင့်ချီသော လူအုပ်ကြီးမှာ ကျပ်ညပ်နေသည်။

အချို့အသက်ရှူမဝ၍ ခေါင်းကို မော့ပြီး ရှူရသည်။ အချို့အခြားသူ၏ ကျောကုန်းကို တွန်းကန်ထားရသည်။ ကိုယ်စီကိုယ်စီ ချွေဒီးဒီးကျနေပြီး ဖိနပ်ကတစ်ဖက် ဖုန်းကို လက်နှင့် မြှောက်ထားပြီး တိုးဝှေ့နေသည်။

အမျိုးသမီး၊ အမျိုးသား အားလုံးကိုယ်စီသည် ကိုယ့်ရှေ့ဆီမှ ချွေးဒီးဒီးကျနေသော ကျောပြင်နှင့် မကွာတမ်း တိုးဝှေ့နေရခြင်းကြောင့် မွန်းကျပ်နေသော်လည်း တိုးဝှေ့မှုကို မလျေ့ချေ။

သူတို့၏ ရှေ့နှစ်လံအကွာမျှတွင် ရှိသော အလောင်းဆီသို့ ရောက်ရှိရန် အားထုတ်နေရသည်။ ရောက်ပြီးလျှင်လည်း ပြန်ထွက်ရန် အားထုတ်နေရသည်။ အားလုံးကိုယ်စီမှာ လူတစ်ယောက်၏ အလောင်းကို အလေးအမြတ်ပြုသော အားဖြင့် နောက်ဆုံးကြည့်ရှုခွင့် ရရန် တိုးဝှေ့နေကြခြင်းဖြစ်သည်။

လွမ်းသူ့ပန်းခွေများလည်း အဆက်မပြတ် လာရောက်နေရာ တိုးဝှေ့နေသော လူအုပ်ကြီးကို ကျော်ဖြတ်နိုင်စွမ်း မရှိသဖြင့် ပန်းခွေများကို ထိုလူအုပ်၏ အကူအညီဖြင့်ပင် လက်ဆင့်ကမ်း သယ်ဆောင်နေရသည်။

သိန်းနှင့်ချီနေသော လူအုပ်ကြီး တိုးဝှေ့နေဆဲမှာပင် အလောင်းကို သယ်ဆောင်မြှုပ်နှံတော့မည် ဖြစ်ကြောင်း ကြေညာသည်။

ထိုအလောင်းသည်၊ ထိုသူသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗဟိုဥပဒေအဖွဲ့ အဖွဲ့ဝင်လည်းဖြစ်၊ တရားလွှတ်တော် ရှေ့နေလည်း ဖြစ်သည့် ဦးကိုနီဖြစ်သည်။

သူသည် ပြန်ကြားရေး ဝန်ကြီးဌာန၏ အင်ဒိုနီးရှား လေ့လာရေး ခရီးစဉ် လိုက်ပါပြီး လေဆိပ်ပြန်လည် ရောက်ရှိ လာစဉ် သေနတ်နှင့် အနီးကပ် ပစ်ခတ်လုပ်ကြံ ခံရခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အား ဇန်နဝါရီလ (၂၉) ရက်နေ့ ညနေ (၅) နာရီခန့် အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အငှားယာဉ်များ ရပ်နားထားရာ နေရာတွင် သေနတ်သမားတစ်ဦးက ဦးခေါင်းကို သေချာချိန်၍ သေနတ်ဖြင့် ပစ်ခတ် ခံခဲ့ရသည်။

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် အတူ အင်ဒိုနီးရှား နိုင်ငံသို့ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် သွားရောက်ခဲ့ပြီး၊ မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့်နေ့တွင် လေဆိပ်၌ လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။

ဦးကိုနီသည် Harvard တက္ကသိုလ်၊ Ash Center က ကြီးမှူး ကျင်းပသည့် အင်ဒိုနီးရှားက ဘာသာရေး အကြမ်းဖက်မှု ပြဿ နာကြီးကို မည်သို့ မည်ပုံ ဖြေရှင်းခဲ့သည်ကို မျှဝေပေးသည့် ၃ ရက်တာ လေ့လာရေး ပညာပေးသင်တန်းသို့ သွားရောက်ရာမှ အပြန်တွင် လုပ်ကြံ ခံခဲ့ရခြင်းလည်း ဖြစ်သည်။

ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် မြေးငယ်လေးကို ချီထားခဲ့သော ရှေ့နေ ဦးကိုနီသည် ထိုနေရာ၌ပင် လဲကျသွားပြီး သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

သေနတ်ဖြင့် အကြမ်းဖက် ပစ်ခတ်သူမှာ မန္တလေးမြို့မှ ဖြစ်ပြီး အသက် (၅၃) နှစ် အရွယ် ဦးကြည် လင်း ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်များတွင် ရေးသား ဖော်ပြထားသော်လည်း မည်သည့် အကြောင်းကြောင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည်ကိုမူ ယခုအချိန်ထိ ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။

“အလွန်တရာ ညံ့ဖျင်းတဲ့၊ အလွန်တရာ မိုက်မဲတဲ့ လူတစ်ယောက်ကြောင့် အင်မတန် တန်ဖိုးရှိတဲ့ လူ ၂ ယောက် အသက်ဆုံးရှုံးခဲ့ရတာပါ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦးက မှတ်ချက်ပြုသည်။

သေနတ်ဖြင့် ပစ်ခတ် အကြမ်းဖက်သူကို ဝိုင်းဝန်း၍ ဖမ်းဆီးပေးသူ အငှားယာဉ်မောင်း ဦးနေဝင်း (အသက် ၄၂ နှစ်) ကိုလည်း အကြမ်းဖက်သမားက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး၊ ဦးနေဝင်း ကို သက်ဆိုင်ရာမှ ဆေးရုံသို့ ခေါ်ဆောင်သွားစဉ် လမ်း၌ သေဆုံးသွားကြောင်း သိရှိရသည်။

ဗိုလ်ချုပ် အောင်ဆန်းတို့နှင့် အတူ လုပ်ကြံခံခဲ့ရသည့် ပညာရေးဝန်ကြီး ဦးရာဇတ်ပြီးလျှင် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ဒုတိမြောက် လုပ်ကြံ သတ်ဖြတ်ခံရသည့် မူဆလင်နွယ်ဝင် ပညာရှင် နိုင်ငံရေးသမား တစ်ဦးဖြစ်သည်။

ဦးကိုနီသည် တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်သည်။ သို့သော်လည်း တော်လှန်ရေး သမားကြီး တစ်ဦးလည်း ဖြစ်သည်။ သူ့ခေတ်၊ သူ့စနစ်ကို သူ့နည်းသူ့ဟန်နှင့် တတ်စွမ်းသမျှ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နေသူ တစ်ဦးလည်း ဖြစ်သည်။

ဒီမိုကရေစီရေး ငြိမ်းချမ်းရေးနှင့် အမျိုးသားသွေးစည်း ညီညွတ်ရေး၏ ရန်သူများက သင့်ကိုကြောက်ဒူးတုံ ရင်မဆိုင်ရဲသဖြင့် သတ္တိကြောင်စွာ လုပ်ကြံခဲ့ကြခြင်းဖြစ် သည်ဟုပင် သူတာဝန် ထမ်းဆောင်သည့် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေအသင်းကြီးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထုံးလိုခြေ၊ ရေလိုနှောက်နိုင်သူ၊ နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေဟူသော ဂယ်ပေါက်ဖြင့် နိုင်ငံတော် အာဏာကို ဒေါ်အောင်ဆန်းစုကြည် လက်အရောက် ဆောင်နှင်းပေးခဲ့သူ၊ ၅၉ စ၊ ၄၃၆ တို့ဖြင့် ဖြားယောင်းကာ ၂၀၀၈ ကြိုးကိုင်သူများကို မျက်စိလှည့်ခဲ့သူ ဖြစ်သည်။

ဥပဒေပညာရှင်ပီပီ ဥပဒေဘောင်အောက်မှ ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးအတွက် စနစ်ဟောင်းကို နောက်မတွန့်တမ်း တွန်းလှန်ခဲ့သူလည်း ဖြစ်သည်။

ဥပဒေမဲ့မှုကို ဥပဒေဖြင့် တုန့်ပြန်ရင်း ရဲဘော်ကြီး ဦးကိုနီ ထမ်းရွက်ရန် ကျန်ရှိခဲ့သည့် မွန်မြတ်သော တိုင်းသစ် တည်၍ ပြည်သစ်ဆောက်သည့် လုပ်ငန်းစဉ်ကို အားကြိုးမာန်တက် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ သံဓိဌာန် ပြုအပ်ပါသည် ဆိုသည့် လွတ်လပ်သော ရှေ့နေအသင်းကြီး၏ ကြေညာချက်က ဦးကိုနီ၏ ဂုဏ်ကို ပြောင်မြောက်စွာ ဖော်ကျူးနေပေသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၏ ကြေညာချက်တွင် “တရားလွှတ်တော် ရှေ့ နေကြီး ဦးကိုနီသည် ၂၀၀၈ စစ်ကျွန် ဥပဒေဆိုး ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ရေးဆွဲရမည်ဟု ရပ်တည်နေသည့် ပြည်သူ့ရှေ့နေတဦးပင် ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ရေးဆွဲရန် လှုံ့ဆော်နေသော ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲလို သည့် ပြည်သူတရပ်လုံးကို စိန်ခေါ်လိုက်ခြင်း ဖြစ်သည်ဟု ကျွန်ုပ်တို့မှ ယူဆသည်” ဟု ဖော်ပြထားသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား အဖ ဦးစူလ်တန်၊ မိခင် ဒေါ်ခင်လှ(ခ) ဒေါ်ဟလီမာတို့မှ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အင်းရွာကျေးရွာတွင် မွေးဖွားခဲ့သည်။ ကသာမြို့ အထက (၁) ကျောင်း မှ ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် ပညာ ဆည်းပူးခဲ့ကာ ၁၉၇၅ ခုနှစ်တွင် B.A(Law) ဘွဲ့ရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် LL.B (ဥပဒေဘွဲ့) ကို ရရှိခဲ့သည်။

၁၉၇၅- ၁၉၇၆ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေအသင်းကြီး၏ ဒုဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၇၇ မှ ၁၉၇၉ ခုနှစ်အတွင်း ရန်ကုန် အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် နည်းပညာ ဆရာအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၇၆ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိပြီးနောက် အဝေးသင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် ထမ်းဆောင်ရင်း ဆရာကြီး ဦးကိုယုထံတွင် အလုပ်သင်ရှေ့နေ၊ အမှုလိုက်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ကာ၁၉၉၅ ခုနှစ်တွင် Laurel Law Firm ကို တရားဝင် မှတ်ပုံတင်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

ဇနီး ဒေါ်တင်တင်အေးနှင့် သားသမီး ၃ ဦး ရှိပြီး သမီးကြီး ဒေါက်တာ ယဉ်နွယ်ခိုင်၊ ဒေါက်တာ အေးသီခိုင်၊ သားငယ် ကိုသန့်ဇင်ဦး (စင်ကာပူ) တို့ဖြစ်ပြီး အမှတ် ၁၈၀ (အပေါ်ဆုံးထပ်)၊ ၃၇ လမ်း(အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် နေထိုင်ကာ ယနေ့ ကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ်ရှိပြီဖြစ်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေး မလိုလားသူ၊ ငြိမ်းချမ်းရေးမလိုလားသူ၊ ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားစေလိုသူ၊ နိုင်ငံ၏ တည်ငြိမ်မှု မလိုလားသူ ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက သုံးသပ်ကြသည်။

မည်သို့ပင်ဆို နိုင်ငံကို ပြောင်းလဲလိုသူ၊ တတ်ကျွမ်းသော ပညာလက်နက်ဖြင့် နိုင်ငံအတွက် ကျရာကဏ္ဍမှာ တာဝန် ထမ်းဆောင်နေသူ နိုင်ငံ အာဇာနည် ပုဂ္ဂိုလ်တစ်ဦးသည် လူမဆန်သော အဖွဲ့အစည်းတစ်ခု၏ လက်ချက်ဖြင့် ကြွေလွင့်သွားရှာရပေပြီ။

လက်နက်မဲ့ ဥပဒေပညာရှင် တစ်ဦးကို လုပ်ကြံသတ်ဖြတ်ခြင်းသည် တရားဥပဒေ စိုးမိုးရေးကို လုပ်ကြံ သတ်ဖြတ်ခြင်းလည်း ဖြစ်ပေတော့သည်။

လွပ်လပ်ရေး ကြိုးပမ်းစဉ်က လွပ်လပ်ရေးအတွက် တော်လှန်ပြောင်းလဲလိုသူ ဦးရာဇတ်တစ်ယောက် လုပ်ကြံသတ်ဖြတ်ခံရပြီး ယခုအခါ စနစ်ပြောင်း တော်လှန်ရေး၏ ပဉ္စမံတပ်မှူး တစ်ဦးဖြစ်သည့် ဦးကိုနီတစ်ယောက် အလားတူ လုပ်ကြံ သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်သည်။

ခေတ်တိုင်း၊ စနစ်တိုင်း၊ အပြောင်းအလဲတိုင်းသည် ကြီးစွာသော ပေးဆပ်မှုပေါ်တွင် အရင်းတည် ပေါက်ဖွားလာကြောင်း ဦးကိုနီက သက်သေပြနေ ပေတော့သည်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*