သတင်းဆောင်းပါး — နိုဝင်ဘာ၊ ၂ဝ၁၂

၁၉၆၂ ခုနှစ်တွင် နိုင်ငံ့အာဏာကို သိမ်းပိုက်ခဲ့သော မြန်မာစစ်တပ်သို့ ဆယ်ကျော်သက် အရွယ်ကပင် စတင် ဝင်ရောက် တာဝန် ထမ်းဆောင်ခဲ့သူ အသက် ၅၉ နှစ်အရွယ်ရှိ ဒုတိယ ကာကွယ်ရေးဝန်ကြီး၊ ဗိုလ်မှူးချုပ် အောင်သော်က Reuters သတင်းဌာနနှင့် နှစ်နာရီကြာ ဆုံတွေ့ခဲ့သော တွေ့ဆုံခန်းတစ်ရပ်၌ အခြေမခိုင် သေးသော ဒီမိုကရက်တစ် ပြုပြင်ပြောင်း လဲမှု ခေတ်သစ်တွင် မြန်မာစစ်တပ်က သြဇာကြီးမားသော အခန်း ကဏ္ဍကို ဆက်လက် ထိန်းသိမ်းကိုင်စွဲ ထားရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားသွားခဲ့သည်။

ဗိုလ်မှူးချုပ် အောင်သော်၏ Reuters သတင်းဌာနနှင့် တွေ့ဆုံခန်းသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲများ စတင် ခဲ့သည့် နောက်ပိုင်း၊ မြန်မာစစ်တပ် အကြီးအကဲ တစ်ဦးနှင့် နိုင်ငံတကာမီဒီယာတို့ ပထမဆုံး အကြိမ် ဆုံတွေ့ခဲ့သော တွေ့ ဆုံခန်းလည်း ဖြစ်ခဲ့သည်။ အဆိုပါ တွေ့ဆုံခန်းတွင် ဗိုလ်မှူးချုပ် အောင်သော်က မြန်မာ စစ်တပ်ကို မြန်မာဒီမိုကရေစီ သန္ဓေ၏ ဗိသုကာအဖြစ် လည်းကောင်း၊ စောင့်ရှောက်သူ အဖြစ်လည်းကောင်း ပုံဖော် ပြောကြားသွားခဲ့သည်။

ဒုတိယ ကာကွယ်ရေး ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် အောင်သော်

ဒုတိယ ကာကွယ်ရေး ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် အောင်သော်

ထိုအချက်ကြောင့်ပင် တပ်မတော်က ပါလီမန်တွင် ရပ်တည်ခွင့်ကို စွန့်လွတ်ရန် အစီအစဉ် မရှိခဲ့ခြင်း ဖြစ်သည် ဟု ဗိုလ်မှူးချုပ် အောင်သော်က ပြောကြား ခဲ့သည်။ မြန်မာ စစ်တပ်သည် ပါလီမန်၏ ၂၅ ရာခိုင်နှုန်းသော အမတ် နေရာများကို စစ်တပ်က တိုက်ရိုက် အဆိုပြုခန့်အပ်သော ရွေးကောက်ခံ မဟုတ်သည့် ကိုယ်စားလှယ် များဖြင့် နေရာယူထားခဲ့သည်။

“ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို အစိုးရက ဦးဆောင်နေတာပါ” ဟု ဗိုလ်မှူးချုပ် အောင်သော်က ဆိုသည်။ “ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ တကယ့်ကို တက်တက်ကြွကြွ ပါဝင် ဆောင် ရွက်နေကြပါတယ်”

ဗိုလ်မှူးချုပ် အောင်သော်၏ မှတ်ချက်စကားများသည် နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် ပထမဆုံးသော အမေရိကန် သမ္မတ Barrck Obama ၏ ခရီးစဉ် မတိုင်မီ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

Reuters သတင်းဌာနနှင့် တွေ့ ဆုံခန်းတွင် ဒုတိယ ကာကွယ်ရေးဝန်ကြီး၊ ဗိုလ်မှူးချုပ် အောင်သော်က မြန်မာ နိုင်ငံ၏ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုဖြစ်စဉ်ကို “အလွန့်အလွန် ဝမ်းနည်းဖွယ် အမှတ်ရစရာများ” အဖြစ် ပြောကြား ခဲ့သည်။ မြန်မာ နယ်နိမိတ် များကို ထာဝရ ပြောင်းသွားစေ လောက်အောင် ခြိမ်းခြောက်နေ သည့် နိုင်ငံအဝှမ်း မင်းမဲ့စရိုက် လွှမ်း မိုးနေခြင်းကြောင့် စစ်တပ်က မလွှဲမရှောင်သာ ဝင်ရောက် ထိန်းသိမ်းခဲ့ရခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ်အောင်သော် က ပြောကြားခဲ့သည်။

“၁၉၈၈ ခုနှစ်မှာ တစ်နိုင်ငံလုံးဟာ ကစဥ့်ကလျား အခြေအနေ ရောက်နေတာ အမှန်ပါပဲ။ ဒါကို အားလုံးခံစား ခဲ့ကြရတာပါ။ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေလည်း အပါအဝင်ပေါ့” ဟု သူကဆိုသည်။

“အဲဒီလို ကစဥ့်ကလျား ဖြစ်နေတာကို ငြိမ်ဝပ်ပိပြားအောင် ထိန်းပေးနိုင်မယ့် အဖွဲ့အစည်းက စစ်တပ်ပဲရှိ တော့တယ်။ အဲဒီအချိန်မှာ တခြား ရွေးစရာ ဘာနည်းလမ်းမှ မရှိဘူး။ အရပ်သားတွေကို အကာအကွယ် ပေးဖို့အတွက် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ဖို့ ကြိုးစားခဲ့ကြရတယ်” ဟု ဗိုလ်မှူးချုပ် အောင်သော်က ပြော ကြားခဲ့သည်။

“ဒါကို လူတွေကလည်း ကျေးဇူးတင် နေခဲ့ကြတာ။ အဲဒီလို အချိန်ကသာ ခင်ဗျားတို့ တိုင်းပြည်ထဲရောက် နေခဲ့ရင် အဲဒီကျေးဇူးတင်တဲ့ အသံတွေ ကြားကြရမှာ” ဟု ဗိုလ်မှူးချုပ် အောင်သော်က ပြောကြားခဲ့သည်။ “လူတိုင်းဟာ ကိုယ့်အိမ်ထဲမှာ နေတာတောင် မလုံခြုံတဲ့ ခံစားမှုမျိုး ရနေတာကိုး” ဟု သူက သက်ပြင်းတစ်ချက် ချကာ ဆက်လက် ပြောကြား ခဲ့သည်။

၁၉၈၈ ခုနှစ်၊ လူထုအုံကြွမှု ကာလအတွင်း ရန်ကုန်မြို့၊ အင်းယားကန် နံဘေး၌ လုံခြုံရေး တပ်ဖွဲ့များ၏ အကြမ်းဖက် တိုက်ခိုက်ဖမ်းဆီးမှုကို အခြားသော ဆန္ဒပြကျောင်းသားများ နှင့်အတူ ခံယူခဲ့ရသော ကိုဂျင်မီ (ခေါ်) ကျော်မင်းယုကမူ ကွဲပြားသော ဖြစ်စဉ်တို့ကို ပြန်ပြောပြခဲ့သည်။ ဆန္ဒပြ ကျောင်းသား အများအပြားမှာ ပစ်သတ်ခံရခြင်း၊ ရေနှစ် သတ်ခံရခြင်း တို့ကြောင့် သေဆုံးခဲ့ရ ပြီး စစ်သားတစ်ဦးက ကျောင်းသူ မိန်းကလေး တစ်ဦးကို လှံစွပ်ဖြင့် ထိုးသည်ကိုပင် သူကိုယ်တိုင်မြင်ခဲ့ ရကြောင်း ကိုဂျင်မီက ပြောကြားခဲ့ ခြင်းဖြစ်သည်။

“သူတို့ သားသမီး တွေနဲ့ ရွယ်တူလောက် ရှိမယ့် ကျွန်တော်တို့ ကျောင်းသားတွေအပေါ် ဘာဖြစ်လို့ ဒီလောက် ရက်ရက် စက်စက် လုပ်ရသလဲ ဆိုတာ ကျွန်တော် ဘယ်တော့မှ နားလည်နိုင်မယ် မဟုတ်ဘူး” ဟု ကိုဂျင်မီက ဆိုသည်။ နိုင်ငံရေး အကျဉ်းသားအဖြစ် ထောင်ဒဏ် အနှစ်နှစ်ဆယ်ကျခံခဲ့ရပြီးဖြစ်တဲ့ ဂျင်မီက ယခုအခါ နိုင်ငံရေးဦးဆောင် လှုပ်ရှားသူတစ်ဦး ဖြစ်နေပေပြီ။

တိုင်းရင်းသားလူနည်းစုများ အရေးနှင့်စပ်လျဉ်း၍ မေးမြန်းရာ တွင် ဗိုလ်မှူးချုပ်အောင်သော်က ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ခေါ် ကေအိုင်အေ သူပုန်တို့ဘက်မှ တိုက်ခိုက်မှုများ ရှိခဲ့သော်လည်း ကချင်ပြည်နယ် တွင် အစိုးရတပ်ဖွဲ့များက အမြင့်ဆုံး စောင့်ထိန်းမှုဖြင့် စောင့်စည်း နေကြကြောင်း ပြောကြားခဲ့သည်။ “ဒေသတွင်းမှာရှိတဲ့ အရပ်သားတွေ ကို စောင့်ရှောက် ကာကွယ်ပေးဖို့က ကျွန်တော်တို့ တာဝန်ပါ” ဟု ဗိုလ်မှူးချုပ် အောင်သော်က ဆိုသည်။

ဇွန်လအတွင်းက ထုတ်ပြန်ခဲ့သော နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၏ အစီရင် ခံစာက မူ မြန်မာအစိုးရသည် ယခုနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဆယ်ဖွဲ့ခန့်နှင့် အပစ်အခတ် ရပ်စဲရေး ကနဦး သဘောတူညီမှုများ ရရှိခဲ့ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှ ၁၆ လ ကြာတိုက်ပွဲများ အတွင်း ဒေသခံပြည်သူ ၇၅,ဝဝဝ ခန့် အိုးအိမ်စွန့်ပစ် ထွက်ပြေးခဲ့ကြရကြောင်း အများစုမှာ မြန်မာ စစ်တပ်၏ အဓမ္မခိုင်းစေမှု၊ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတို့ ကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေး ရခြင်း ဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။

မြန်မာစစ်တပ်၏ အကြမ်းဖက် ရက်စက်မှု များကြောင့် မိဘနှင့်တကွ ဆွေမျိုးသားချင်းများ ဆုံးရှုံးခဲ့ရသော အသက် ၃၆ နှစ်အရွယ်ရှိ ကရင်တိုင်းရင်းသူ မိုင်ရာဒဂါဖော က မြန်မာစစ်တပ်ကို ပြောင်းလဲရန်မှာ အံ့ဖွယ် တစ်ပါးပင်ဖြစ်သည်ဟု ဆိုခဲ့သည်။ မိုင်ရာဒဂါဖောသည် ယခုအခါ ဝါရှင်တန်ဒီစီအခြေစိုက်၊ ရှေ့နေအဖွဲ့တစ်ဖွဲ့ တွင် တာဝန်ထမ်းဆောင် လျက်ရှိပြီး အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် မြန်မာစစ်တပ် အပေါ် ပြန်လည် လက်ခံပေါင်းစည်းမှုမှာ မြန်ဆန်လှကြောင်း၊ အမှန်တကယ် အရေးပါသော အချက်ကို မေ့လျော့ထား ကြကြောင်း ဝေဖန်ပြောကြား သွားခဲ့သည်။

မြန်မာစစ်တပ်သည် ယင်း၏ အတိတ်ဆိုးများကို တာဝန်ခံရန် တွန်းအားပေးဆောင်ရွက်နိုင်သည့် အဖွဲ့အစည်း မျိုးနှင့် မကြုံတွေ့ ရသေးပေ။ နိုင်ငံအရေးပေါ် အခြေအနေ ကျရောက်လာပါက အာဏာ စိုးပိုင်ခွင့်ရှိသည့် အမျိုးသား လုံခြုံရေး ကောင်စီအပါအဝင် အဓိက ကျသော အရပ်ဘက် အဖွဲ့အစည်းများတွင်လည်း စစ်တပ်မှ လက်ရှိနှင့် အငြိမ်းစား အရာရှိများသာ လွှမ်းမိုးထားသည်။ မြန်မာစစ်တပ် အကြီးအကဲသည် ရွေးကောက်ခံ သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ် မဟုတ်ပေ။ လက်ရှိ မြန်မာစစ်တပ် အကြီးအကဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ရွေးစင်တစ်ဦး ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးထက် ရာထူး ကြီးမြင့်ပေသည်။

အထက်အရာရှိကို ပြန်လှန် ပြောကြားခွင့် မရှိသော မြန်မာစစ်တပ် အလေ့အထအရ ကာကွယ်ရေး ဝန်ကြီး သည် တပ်မတော် အကြီးအကဲကို ငြင်းဆိုရဲမည် မဟုတ်ဟု အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြား ခဲ့သည်။

မည်သို့ပင်ဖြစ်စေ၊ ဗိုလ်မှူးချုပ် အောင်သော်ကမူ စစ်တပ်သည် အရပ်ဘက် ထိန်းချုပ်မှု အောက်တွင် ရှိသည်ဟု ဆိုခဲ့သည်။ အရပ်ဘက် အဖွဲ့အစည်း ဖြစ်သော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (NDSC)က တပ်မတော် အကြီးအကဲ အမည်စာရင်းသွင်းခြင်း၊ အတည်ပြုခြင်းကို ဆောင်ရွက်သည် ဟုဆိုသည်။ သို့ရာတွင် အဖွဲ့ဝင် ၁၁ ဦးအနက် ၅ ဦးမှာ လက်ရှိ တပ်မတော် အရာရှိများဖြစ်ပြီး နောက်ထပ် ၅ ဦးမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော သမ္မတ ဦးသိန်းစိန် အပါအဝင် တပ်မတော် အရာရှိဟောင်းများ ဖြစ်ကြသည်။

ပါလီမန်သည် ကာကွယ်ရေး အသုံးစရိတ်ကို လျှော့နိုင်၊ တိုးနိုင်သော်လည်း စာရင်း စစ်ဆေးနိုင်ခြင်းမရှိ၊ စစ်တပ်၏ ပမာဏ များပြားလှသော ကာကွယ်ရေး ဘတ်ဂျက်မှအပ ဖြစ်သည့် ငွေကြေးကိုင်ဆောင်မှုများ ကို ထိန်းချုပ်နိုင်ခြင်းမရှိပေ။

အခြေခံဥပဒေပါအချက်များကို ပြင်ဆင်ရန်မှာလည်း စစ်တပ်ကိုယ် စားလှယ်တို့၏ သဘောတူညီမှု လိုအပ်သည်ဖြစ် ရာ ဖြစ်နိုင်ချေမရှိ သလောက်ဖြစ်သော အလုပ်တစ်ခု ဖြစ်သည်။ အလယ်အလတ်အရာရှိ အများစုပါဝင်သော စစ်တပ်ကိုယ် စားလှယ်များမှာ စစ်တပ်အပေါ် အကျိုးသက်ရောက်မှုရှိနိုင်မည့်ကိစ္စ ရပ်များတွင် မဲဆန္ဒပေးရာ၌ အထက် အရာရှိတို့၏ ညွှန်ကြားချက်အရ အုပ်စုလိုက်သာ တစ်စုတစ်စည်း တည်း ဆန္ဒပြုလေ့ရှိသည်ဟု အတိုက်အခံတို့က ဆိုကြသည်။

ဗိုလ်မှူးချုပ်အောင်သော်ကမူ ထိုသို့မဆိုပေ။ “ဒါဟာ ဒီမိုကရေစီပဲ။ သူတို့တွေ အဲဒီမှာရှိကြတယ်။ သူတို့ဘာသာ ဆုံးဖြတ် ကြတယ်” ဟု သူကဆိုသည်။ “အစုတစ်ခုတည်း ပုံစံနဲ့ မဲပေးတယ်ဆိုရင် သူတို့တွေ စဉ်းစားပုံ တူနေလို့ပဲဖြစ်မယ်။ တပ်မတော် ကိုယ်စားလှယ်တွေဟာ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ဖို့ပဲ။ ဒီလို စောင့်ရှောက်မှု လိုအပ်နေသမျှ ကာကွယ်ရေး တပ်ဖွဲ့တွေက ပါလီမန်မှာ ရှိနေဦးမှာပဲ”ဟု ဗိုလ်မှူးချုပ် အောင်သော်က ရှင်းလင်း ပြောကြား ခဲ့သည်။

ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်က တပ်မတော်သည် ကလေးစစ်သည်များ အသုံးပြု ခြင်းနှင့် အဓမ္မခိုင်းစေ ခြင်းစသည့်ကိစ္စရပ်များဖြင့် အလေးအနက် စွပ်စွဲပြောကြားမှုများ ရင်ဆိုင်နေရကြောင်း လည်း ပြောကြားခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာနက အရွယ်မရောက် သေးသူများကို စစ်မှုထမ်းရန် ဆင့်ခေါ် ခြင်းကို ရပ်ဆိုင်းစေမည် ဖြစ်ကြောင်း၊ ဇွန်လ အတွင်းက ကတိပေး ပြောကြားခဲ့ပြီး ကလေးစစ်သည်များကို နုတ်ထွက်စေခဲ့သည်။

အရွယ်မရောက် သေးသူများကို စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း တားဆီးနိုင်ရေးအတွက် UNICEF အဖွဲ့မှ ရေးဆွဲ သော ၄ ရက်တာ သင်တန်းသို့ မြန်မာစစ်တပ်မှ ဒုတိယ ဗိုလ်မှူးကြီး အဆင့်အရာရှိ ၂ဝ နှင့် အရာရှိငယ် ၁၇ဝဝ တို့၊ ၂ဝဝ၉ ခုနှစ်မှ စတင်၍ သင်တန်း တက်ရောက်ခဲ့ကြပြီး ဖြစ်ကြောင်း ကုလသမဂ္ဂ၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး အေဂျင်စီက ဆိုသည်။

နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီးကလည်း အဓမ္မ ခိုင်းစေခြင်း၏ ဥပဒေအဓိပ္ပာယ် ဖွင့်ဆိုချက်ကို မြန်မာ စစ်တပ်အား သင်တန်းပို့ချ ပေးခဲ့သည်။ လက်နက်ခဲယမ်း သယ်ပိုးရန် ကျေးလက်ဒေသခံများကို အဓမ္မခိုင်း စေခြင်း၊ မြေမြှုပ် မိုင်းကွင်းများကို ဖြတ်လျှောက်စေခြင်း စသည်တို့သည်လည်း အဓမ္မ ခိုင်းစေခြင်းတွင် အကျုံးဝင် သည်။ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်က “ကျွန်တော်တို့ အခု ILO နဲ့ UNICEF အဖွဲ့ တွေနဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နေ ကြပါတယ်” ဟု ပြောကြားသွားခဲ့သည်။

ဗိုလ်မှူးချုပ် အောင်သော်က ထိုသို့ ဆိုသည့်တိုင် လူ့အခွင့်အရေး ဆိုင်ရာ လေ့ကျင့် သင်ကြားမှုများကို စစ် တက္ကသိုလ် သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်း ပြဋ္ဌာန်းထားခြင်း မရှိသေးကြောင်း သင်တန်းနည်းပြ အရာရှိ တစ်ဦးက ပြောကြား သွားခဲ့သည်။

Ref: Special Report:Myanmar Military’s Next Campaign: Shoring up Power

By Andres R.C Marshall and Jasm Szep Reuters, November 15,2012

ဝ၃၉

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*