သတင်းဆောင်းပါး — ရန်ကုန်၊ မတ် ၅၊ ၂ဝ၁၃

မိမိတို့ ဒီမိုကရေစီအရေးတွင် ပါဝင်လှုပ်ရှားစဉ်ရရှိခဲ့သည့် နာကျင် ခံစားရသည်များကို မေ့ဖျောက်နိုင် သော်ငြား ယင်းအရေးတော်ပုံ၏ သမိုင်းဖြစ်ရပ် များကိုမူ မေ့ဖျောက်ပစ် ရန် မဖြစ်နိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဂျင်မီက မတ်လ ၅ ရက်နေ့ တွင် မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောကြား သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီ (တံတားနီ)တုန်းက ခံစားမှုက အစပဲ ရှိသေးတယ်။ ဒီထက်မက ပိုပြင်း ထန် တာတွေ၊ နာကျင်ရတာတွေကို နောက်ပိုင်းမှာ ပိုခံစားခဲ့ရတယ်။ အဲဒီလို နာကျင်ရတာတွေ ကိုလည်း မေ့ပစ်လို့ ရသေးတယ်။ ဒါပေမယ့် ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဖြစ်ရပ်တွေကိုတော့ မေ့လို့ မရပါဘူး။ နောင်လာနောက်သားတွေ အခုလို မခံစားရဖို့ သင်ခန်းစာတစ်ခု အနေနဲ့ အားလုံးက နားလည် ခံယူသင့်ပါတယ်” ဟု ယင်းက ဆိုပါသည်။

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက် နေ့တွင် RIT ကျောင်းသား ကိုဘုန်းမော်နှင့် ကိုစိုးနိုင်တို့ စစ်အစိုးရ လက်ချက်ဖြင့် ကျဆုံးခဲ့ပြီး မတ် ၁၄ နှင့် ၁၅ တွင်လည်း RIT ကျောင်းသား အချို့ အဖမ်းခံခဲ့ရပြန်သည်။ ထို့ ကြောင့် မတ်လ ၁၆ ရက်နေ့တွင် မကျေနပ်ကြသည့် ကျောင်းသား ၂ဝဝဝ ကျော်က ရန်ကုန်တက္ကသိုလ် သို့ ချီတက်ခဲ့ကြပြီး နေ့လယ် ၁၁ နာရီကျော်ခန့်တွင် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ ကြသည်။ ထိုကျောင်းသားများသည် ကျောင်းဝန်းအတွင်း လှည့်လည် ဆန္ဒပြခဲ့ကြပြီးနောက် ဘွဲ့နှင်းသဘင်ရှေ့တွင် အစည်းအဝေးထိုင်ခဲ့ကြသည်။ ထိုမှ တစ်ဆင့် နေ့လယ် ၂ နာရီခန့်တွင် စီးပွားရေး တက္ကသိုလ် တံခါးပေါက်မှ ထွက်ကာ ပြည်လမ်းအတိုင်း RC2နှင့် RIT ရှိရာသို့ ချီတက်ခဲ့ကြသည်။ “အဓိကကတော့ အသတ်ခံခဲ့ရတဲ့ ကျောင်းသားတွေအတွက် အရေးယူ ပေးဖို့ရယ်၊ ဖမ်းဆီး ထားတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေး ဖို့ရယ် တောင်းဆိုကြတာပါ” ဟု ယင်းအဖြစ်အပျက်တွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသား ကိုဂျင်မီက ပြောသည်။

ထိုသို့ချီတက်လာကြသည့် ကျောင်းသားများသည် အင်းလျား ကန်ဘောင်အဆုံး(ယခု IBC) အဆောက်အအုံ နေရာ အနီးတွင် စစ်တပ်၏ တားဆီးပိတ်ဆို့ခြင်းကို ခံခဲ့ ကြရသည်။ ထိုသို့ ပိတ်ဆို့ရာတွင် လုံ/ထိန်းကားများ အပြင် မျက်ရည်ယို ဗုံးခွဲမည့် ကားအပြာတစ်စီးကပါ ကူညီ အားဖြည့်ခဲ့ပြီး ပိတ်ဆို့ထားခြင်း ဖြစ်သည်။ “အဲဒီမှာ အဲဒီက ပါလာတဲ့ ဗိုလ်မှူးတစ်ယောက်နဲ့ ညှိကြတာပေါ့။ ကျောင်းသားတွေကတော့ ကမ္ဘာမ ကြေ သီချင်းနဲ့ ရဲရဲတောက် ဒို့ဗမာ သီချင်းကို ဆိုနေကြတယ်”ဟု ကို ဂျင်မီက အဆိုပါဖြစ်ရပ်၏မြင်ကွင်း တစ်ကွက်ကို ပြောပါသည်။

ထိုသို့ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး မကြာခင်ပင် စစ်တပ်၏နောက်ကျောတွင် နေရာယူထားသည့် ကားများသည် ဆန္ဒပြသူများနှင့် ဆန့်ကျင် ဘက်အရပ်သို့ ထွက်ခွာသွား ကြသည်။ “အဲဒီမှာ သိပ်မကြာလိုက်ဘူး။ ကျောင်းသားတွေ ကမ္ဘာမကြေနဲ့ ရဲရဲ တောက် ဒို့ဗမာ သီချင်းဆိုလို့ ၄ ခေါက်လောက်လည်း ရှိရော နောက် ကျောဘက်ကနေ လာကုန်ပြီ၊ လာကုန်ပြီဆို အော်လို့ ကြည့်လိုက်တော့ စောစောက မျက်ရည်ယိုဗုံးခွဲတဲ့ကား တစ်စီးရယ်၊ လုံ/ထိန်းကား ၂ စီးရယ် က ဆန္ဒပြကျောင်းသားထု ရဲ့ နောက်ကျော ဘက်ကနေ ဝင်လာတယ်”ဟု ကိုဂျင်မီက ပြောသည်။

ဦးထုပ်နီ၊ ဒိုင်းနီ၊ တုတ်နီ ကိုင် ဆောင်ထားသော နှိမ်နင်းရေးတပ်ဖွဲ့ များသည် ဆန္ဒပြကျောင်းသားထု အတွင်းသို့ နောက်ကျောမှ ထိုးဖောက် ဝင်ရောက်လာသဖြင့် ဆန္ဒပြကျောင်း သားထုသည် နှစ်ခြမ်းကွဲသွားပြီး အင်း လျားကန်ဘက်ခြမ်းနှင့် တစ်ဖက်ရှိ လူနေအိမ်ဘက်ခြမ်းသို့ ထွက်ပြေးခဲ့ ကြသည်။

“လူနေအိမ် ဘက်ခြမ်းပြေးတဲ့ သူပြေး၊ ခြံစည်းရိုးကို ကျော်ပြေးတဲ့သူ ပြေးပေါ့။ အဲဒီမှာတင် ခရာအရှည်ဆွဲပြီး ရိုက်ခိုင်းတာ။ ကန်ဘက်ကိုပြေးတဲ့ကျောင်းသားထု အရိုက်ခံရတော့တာပဲ။ တအုန်းအုန်း တဒိုင်းဒိုင်းနဲ့ ချတော့ တာပဲ။ အဲဒီဖြစ်စဉ်ဖြစ်တော့ ၂ နာရီ ၄ဝ၊ ၃ နာရီလောက်မှာ ဖြစ်တာ။ တချို့လည်း ရေထဲခုန်ချတဲ့သူချ အစုံပေါ့။ ဒါ ကျွန်တော်တို့ရဲ့ ပထမဆုံး အတွေ့အကြုံပဲ”ဟု ကိုဂျင်မီက ဆိုပါသည်။

ထိုသို့လုံ/ထိန်းတပ်ဖွဲ့ဝင်တို့၏ အကြမ်းဖက်ဖြိုခွဲခဲ့မှုကြောင့် ကျောင်းသား တစ်ဦး အခင်းဖြစ်နေရာတွင်ပင် သေဆုံး ခဲ့ရပြီး အချို့ကျောင်းသားများ အဖမ်းခံခဲ့ကြရသည်။ ထိုမှတစ်ဆင့် မတ် ၁၇ ရက်တွင်လည်း မကျေနပ် ကြသည့် ကျောင်းသားထု၏ ဆန္ဒပြမှု များ ဆက်လက်ဖြစ်ပွားခဲ့ပြီး မတ်လ ၁၈ ရက်တွင် ရန်ကုန်မြို့ထဲသို့ပါ ကူး စက်သွားတော့သည်။ ထို့ကြောင့် အစိုးရမှ မေ ၃၁ ရက်တွင် တက္ကသိုလ် ကျောင်းများကို အကန့်အသတ်မရှိ ပိတ်လိုက်သည်။ ထို့နောက် ဇွန်လတွင် ကျောင်းပြန်ဖွင့် ခဲ့သော်လည်း မကျေနပ်နိုင်သည့် ကျောင်းသားထု၏ အုံကြွမှုဖြင့် ဇွန်လသပိတ်ထပ်မံဖြစ်ပွား ခဲ့ပြန်သည်။

“ကန်ဘောင်ပေါ်တက်တဲ့ လှေကားဖြူလေးတွေကို ကျွန်တော်တို့က လှေကားလို့ မခေါ်ဘဲ တံတားလို့ ခေါ်တာ။ အဲဒီမှာ တံတားဖြူ မှတ်တိုင် ဖြစ်တာပေါ့။ ဒါပေမဲ့ အဲဒီမှာ ကျောင်းသားတွေ သွေးမြေကျခဲ့ရတဲ့အတွက် တံတားနီလို့ ပြောင်းပြီး ကင်ပွန်းတပ်ခဲ့တာပါ” ဟု ယင်းအရေးအခင်းတွင် ပါဝင်ခဲ့သူ ကိုဂျင်မီက ပြောပါသည်။

ထိုသို့ ကျောင်းသားထု၏ ဇွန် သပိတ်မှတစ်ဆင့်၊ အဆင့်ဆင့်ဖြစ် ပွားလာခဲ့ရာမှ ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်း ပါဝင်လာသည့် ရှစ်လေး လုံးအရေးတော်ပုံ ကြီး ပေါ်ပေါက်လာသည်။ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည့် ဩဂုတ်လတွင်ပင် တံတားနီ အရေးအခင်း ၅ လပြည့် အခမ်းအနားကို ရကသမှ ဦးဆောင်ကာ ဆိုင်းဘုတ် တင်ပွဲပါ ထည့်သွင်းကျင်းပခဲ့သည်။

“နောင်လာနောက်သားတွေ ဒါမျိုး မခံစားရဖို့ ဒီလို အခမ်းအနားမျိုး ကို နှစ်စဉ်လုပ်သင့်ပါတယ်။ မမေ့သင့်ဘူး”ဟု ယင်းကပင် ပြောပါသည်။

ယခုနှစ်တွင် ၂၅ နှစ်ပြည့် မြောက်ပြီဖြစ်သည့် တံတားနီအောက်မေ့ဖွယ် အခမ်းအနားများ ကို ပြည်ပသို့ ခေတ္တရောက် ရှိနေသည့် ၈၈ မျိုးဆက်  ကျောင်းသား ကိုဌေးကြွယ်နှင့် ဒီမိုကရေစီ အင်အားစုများက အမေရိကန်နိုင်ငံ၌ ကျင်းပကြမည် ဖြစ်သကဲ့သို့ ပြည်တွင်းတွင်လည်း  အဖွဲ့ အစည်းအသီးသီး၏ ပူးပေါင်း ပါဝင်မှုဖြင့် ကျင်းပကြမည် ဖြစ်သည်။  အဆိုပါအရေးအခင်းတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် ကိုဂျင်မီကမူ “အခုဟာ သက်ပြင်း ဒုန်းဒုန်းချလို့ ရတဲ့ အခြေအနေတော့ မဟုတ်သေးဘူး။ အသက်ကို အောင့်ထားရသေးတာ ရှိသေးပါတယ်။ ကျွန်တော်တို့အားလုံး လွတ်လပ်မှုတွေ အခြေခိုင်မာဖို့ အတွက် သက်ပြင်းဒုန်းဒုန်းချနိုင်တဲ့ အခြေအနေထိ ရောက်ဖို့ ကြိုးစားရ ဦးမှာပါ။ အဲဒါ မမေ့ဖို့ လိုပါတယ်။ သက်ပြင်းချနိုင်တဲ့အချိန် ဘယ်အချိန် လဲဆိုရင်တော့ ကျွန်တော်တို့ ကြိုးစား တဲ့အပေါ် မူတည် ပါတယ်။ နောင်လာ နောက်သားတွေ အနာဂတ် စိတ်ချလုံ ခြုံရပြီဆိုမှပဲ သက်ပြင်းဒုန်းဒုန်းချနိုင်မှာပါ” ဟု သုံးသပ်ပြောဆိုသွားခဲ့ပါ သည်။

ဝ၆ဝ

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*