ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်သွားမည် ဟူသည့် ကြွေးကြော်သံဖြင့် ၂ဝ၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးဉာဏ်ဝင်းကို မြန်မာအင်ဒီပဲန်ဒင့်က ဇွန် ၁၃ရက်တွင် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ ယခုအခါ ကချင်နှင့် ရခိုင်ဒေသများတွင် မငြိမ်သက်မှုများရှိနေပြီး ဇူလိုင်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး မတိုင်မီအထိ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ပခရီး သွားနေသည်ဖြစ်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ရှေ့လုပ်ငန်းစဉ်များအကြောင်း   မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးရေးမှူး ဦးဥာဏ်ဝင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးရေးမှူး ဦးဥာဏ်ဝင်း

ဦးဉာဏ်ဝင်းက““ကျွန်တော်တို့  ထိထိရောက်ရောက် ပါဝင်ချင်ပါတယ်။ အခုဆိုရင် ကချင်က လက်နက်ကိုင်အဖွဲ့ ၂ဖွဲ့ရှိတယ်။ နှစ်ဖွဲ့တောင်မှ ကရဲ့လား မသိဘူး။ ဒီမှာလည်း လူမျိုးရေး၊ ဘာသာရေးတွေ ရှိတယ်။ ဒီဘက်ရခိုင်မှာ ငြိမ်းချမ်းရေးအတွက် ပါဝင် ဆောင်ရွက်လိုတယ်ဆိုတာ အထပ်ထပ်အခါခါ ပြော တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ပြောတယ်။ ဒါပေမယ့် အခုချိန်ထိ အန်ကယ်တို့ ဘယ်လိုလုပ်မယ် ဆိုတာထက်ကို ပါဝင်ခွင့်မရသေးဘူး။ အတင်းဇွတ်တရွတ်လုပ်ရင် သူတို့က ဆန့်ကျင်တဲ့ အမြင်တွေမြင်လာမယ်။ အမြဲတမ်းမျှော်လင့်တယ်။ လုပ်ချင်တယ်။ လုပ်ဖို့အခွင့်အရေးရှိတာနဲ့ လုပ်မယ်။ လုပ်မယ်ဆိုတာ အန်ကယ်တို့က ငြိမ်းချမ်းရေးဆိုတာကို နှစ်ဖက်နားလည်မှု ရှိတဲ့ဆီက စရမှာ၊ နှစ်ဖက် နားလည်မှုရှိအောင် ဘယ်လိုလုပ်မလဲဆိုတာက စရမယ်။ နားလည်မှုရှိမှ ရှေ့ဆက်သွားရမယ်။ နားလည်မှုမရှိရင် ရှေ့ဆက်သွားလို့ရမှာ မဟုတ်ဘူး။ အဲဒီတော့ အန်ကယ်တို့ ဘာလုပ်ချင်တာလဲဆိုရင် ငြိမ်းချမ်းရေးကို ဆောင်ရွက်ဖို့ နည်းလမ်းများနဲ့အတူ အန်အယ်လ်ဒီက ကိုယ်တိုင်ပါဝင် ဆောင်ရွက်ချင်တယ်။ အခုထိ အခွင့်ရေး မရသေးဘူး။ ငြိမ်းချမ်းရေး ဖော်ဆောင်မှာနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီက သဘောထား ထုတ်ပြန်ပြီးပါပြီ။ ဒါ့အပြင် နေ့စဉ်လိုပဲ ရခိုင်နိုင်ငံရေးပါတီ၊ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးတယ်။ ဘာသာရေးနဲ့ ပတ်သက်ရင်လည်း ဘာသာရေးဆရာတွေ၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ လူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးတယ်။ အန်ကယ်တို့ အကြံဉာဏ်တစ်ခု ပေးနိုင်ဖို့။ ဒါကတစ်ပိုင်း၊ ဒုတိယတစ်ပိုင်းက အခု လူအများ သေကြေတာလည်းရှိတယ်။ ဒဏ်ရာရတာလည်းရှိတယ်။ ပစ္စည်းဆုံးရှုံးတာတွေလည်း ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး လှူဖို့တန်းဖို့ ပြင်ဆင်နေပါတယ်။ တချို့လည်း သွားနေပါတယ်။ ဒီမနက် လေဆိပ်မှာ ဒေါ်အောင်ဆန်းစုကြည် က ညွှန်ကြားချက်တစ်ခု ပေးသွားတယ်။ တစ်ဖက်ထဲ မကူညီနဲ့၊ ကူညီရင် နှစ်ဖက်လုံး ကူညီရမယ်။ တစ်ဖက်ဖက်က အထင်မြင်လွဲတာလည်း အဖြစ်မခံနိုင်ဘူး။ ဒါလေး ပြောသွားတယ်။

တိုင်းပြည်မငြိမ်သက်ရင် ဒီမိုကရေစီသွားမယ့် လမ်းကြောင်းမှာ အနှောင့်အယှက်ပဲ။ အခုဖြစ်နေတဲ့ ပြဿနာကို အန်အယ်လ်ဒီက လက်ခံတာက ဘာသာရေးပဋိပက္ခ မဟုတ်ဘူး။ ဘာသာရေး issue  မဟုတ်ဘူး။ လူမျိုးရေး issue လည်း မဟုတ်ဘူး။ တကယ် ဖြစ်လာပြီးတော့မှ နောက်ကနေပြီးတော့ မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ လှုံ့ဆော်မှုတွေ ရှိတယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း အန်ကယ်တို့ သဘောထားမှာ လှုံ့ဆော်ရင်လည်း ရပ်ပါ။ ရှေ့ကနေ ပါဝင်ပတ်သက်တယ် ဆိုတဲ့ လူကြီး၊ လူငယ်တွေ သိချင်မှ သိမှာ၊ လှုံ့ဆော်တာတွေ ရှိနိုင်တယ်လို့ အန်ကယ်တို့ တွက်ပါတယ်။ ဒါကြောင့် လှုံ့ဆော်တာတွေ ရပ်ပါလို့ ပြောချင်ပါတယ်””ဟု ဖြေကြားခဲ့ပါသည်။

မကြာမီ ကျင်းပတော့မည့် လွှတ်တော်နှင့် ပတ်သက်၍လည်း မည်သည့် အကြောင်းအရာများကို အဆို တင်သွင်းသွားမည် ဆိုသည်ကို ဦးဉာဏ်ဝင်းက ဖြေကြားရာတွင် ““ရှေ့လွှတ်တော်မှာ ၃ မျိုးလောက် တင်ဖို့ရှိတယ်။ လွှတ်တော်မတင်ခင်   ပြောရင် သူတို့က အလွန်အကဲဆတ်လွန်းတော့ အန်ကယ်တို့ မပြောရဲတာ မဟုတ်ဘူး။ အခုမူကြမ်း ရေးနေတယ်။ ၃ ခုမှာ ၂ ခုကတော့ အသေအချာ တင်ဖြစ်မယ်။ ၃ ခုဖြစ်ချင်လည်း ဖြစ်သွားမယ်။ ခေါင်းစဉ်တွေနဲ့ ပတ်သက်ရင် အန်ကယ် ပြောနိုင်ပါတယ်။ ပထမတစ်ခုကတော့ အန်ကယ်ပြောနိုင်တာ ပြောပါ့မယ်။ လွှတ်တော်ကဘယ်နေ့ စမယ် ဘယ်နေ့ဆုံးမယ် ဆိုတာ၊ ၁ နှစ်မှာ ဘယ်နှစ်လလောက် ကျင်းပမယ်ဆိုတာမျိုး ဒါတွေဟာ သတ်သတ်မှတ်မှတ် ဖြစ်ဖို့ ဒါကို အဆိုပြုဖို့ ရည်ရွယ်တယ်။ နောက်တစ်ခုက လွှတ်တော်မှာ တင်သွင်းမယ့် ဥပဒေတွေဟာ ဥပဒေဖြစ်မှ ပြည်သူတွေ   မြင်ရတဲ့အခြေအနေကို အန်ကယ်တို့ မကြိုက်ဘူး။ ပြည်သူတွေဟာ ဥပဒေမဖြစ်ခင် မူကြမ်း ဘဝမှာထဲက    မြင်တွေ့ခွင့်၊ ဝေဖန်ခွင့် ရှိသင့်တယ်။ ဒီမူကို အဆိုပြုဖို့ ပြင်ဆင်နေပါတယ်””ဟု ဖြေကြားခဲ့ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရွေးကောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များသည် ပထမအကြိမ်   ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးမှ စတင်ကာ လွှတ်တော်ရေးရာများကို စတင်   ဆွေးနွေးသွားကြမည် ဖြစ်သည်။

ဝ၁၇

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*