တွေ့ဆုံ​မေးမြန်းခြင်း — ဇန်နဝါရီ၊ ၂ဝ၁၃
ဦးစိန်မျိုးမြင့်

ဦးစိန်မျိုးမြင့်

မြန်မာနိုင်ငံတွင် အနာဂတ် ကာလ၌ ပုဂ္ဂလိက ဂျာနယ်များမှ နေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေလာမည့် ကဏ္ဍနှင့် ပတ်သက်၍ သတင်းနှင့် ဓာတ်ပုံပညာရှင် ဦးစိန် မျိုးမြင့်ကို မြန်မာအင်ဒီပဲန်ဒင့်မှ တွေ့ဆုံမေးမြန်း ခဲ့ပါသည်။

မေး။ လက်ရှိ အပတ်စဉ် ထွက်ရှိနေတဲ့ ဂျာနယ်တွေက မကြာခင်မှာ နေ့စဉ်ထုတ် သတင်းစာတွေ ထုတ်ဝေ  တော့မယ့် အပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ။ ဂျာနယ်တွေက နေ့စဉ်ထုတ် သတင်းစာတွေ ထုတ်ဝေမယ်ဆိုတာ ကတော့ ကောင်းပါတယ်။ အခုအချိန်မှာ လည်း နိုင်ငံပိုင် သတင်းစာဆိုတာ မရှိသင့်တော့ ပါဘူး။ နိုင်ငံထဲမှာလည်း ၁၉၆၂ ခုနှစ် လောက်ကတည်းက စပြီး ပုဂ္ဂလိက သတင်းစာတွေ ပျောက်သွားခဲ့တာ အခုဆိုရင် အနှစ် ၅ဝ ကျော်လောက် ရှိပါပြီ။ နောက်ပြီး သတင်းစာ ထုတ်ဝေမယ့် အထဲမှာ ပါတီတွေလည်း ပါဝင်နေ တယ်လို့ ကြားသိရတဲ့အတွက် နေ့စဉ်ထုတ် သတင်းစာအချို့မှာ ပါတီ အာဘော်တွေနဲ့ ထုတ်တဲ့ သတင်းစာတွေ ကိုလည်း မြင်တွေ့လာနိုင်ပါတယ်။ ဒါပေမယ့် ဂျာနယ်တွေရော နိုင်ငံပိုင် သတင်းစာတွေရဲ့ အရည်အသွေး တွေနဲ့ ဂျာနယ်တွေက ထုတ်မယ့် နေ့စဉ်ထုတ် သတင်းစာတွေရဲ့ အရည် သွေးတွေကိုတော့ စာဖတ်ပရိသတ် ကပဲ အဆုံးအဖြတ်ပေးသွားမှာဖြစ် ပါတယ်။ သတင်းကို တိတိကျကျ နဲ့ ရေးသားပြီး အမြန်ဆုံး ပြည်သူ ကို တင်ပြနိုင်မယ့် သတင်းစာတွေ ကပဲ ရေရှည်ရပ်တည်နိုင်လိမ့်မယ် လို့ ထင်ပါတယ်။ နောက်ပြီး အခု လက်ရှိ သတင်းစာထုတ်မယ်လို့ ကြားသိရတဲ့ မီဒီယာ ဂျာနယ် တော်တော် များများနဲ့ တန်းတူ ကျန်တဲ့ ဂျာနယ်တွေကပါ နေ့စဉ်ထုတ် သတင်းစာတွေ လိုက်ထုတ်မယ် ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံမှာ သတင်းစာတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်။  အဲဒီအတွက် စာဖတ် ပရိသတ်ဘက်က ကြည့်မယ်ဆိုရင်တော့ ဘယ်သတင်းစာကို ဝယ်ဖတ်ရမှန်း မသိ နိုင်လောက်အောင် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ နောက်တစ်ခုကလည်း နိုင်ငံရေးပါတီတွေက ထုတ်မယ့် သတင်းစာတွေကလည်း ပါတီရဲ့ အာဘော်နဲ့ သွားရမယ့် သဘောရှိတော့ သတင်းစာတွေ မှာ ပြည်သူလူထု လက်ခံနိုင်တဲ့ ဘက်မလိုက် သတင်းစာ ဆိုပြီး ရပ်တည်နိုင်ဖို့တော့ ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။ နောက်ပြီး အခုလို ဂျာနယ်တွေကို နေ့စဉ်ထုတ် သတင်းစာတွေ အဖြစ် ပြောင်းလဲထုတ်ဝေမယ် ဆိုရင်လည်း ပြဿနာတွေ ရှိလာနိုင်မယ်လို့ ထင်ပါတယ်။ အခု ဂျာနယ်တွေ မှာတောင် နောက်ကွယ်က ဩဇာအာဏာ ရှိတဲ့ အဖွဲ့ အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ပါဝင်နေတဲ့ အတွက် ပြည်သူလူထု ကလည်း တဖြည်းဖြည်းချင်း သိလာပြီး ပြည်သူ  ဘက်က ရပ်တည်နိုင်မယ့် ဂျာနယ်တွေကိုပဲ ပြောင်းဖတ် လာတာကိုလည်း တွေ့ရပါတယ်။ အဲဒီအတွက်အဓိက ကတော့ ပြည်သူလူထုဘက်က ရပ်တည်ပေးမယ့် သတင်း စာတွေ ပေါ်ထွက်လာဖို့ လိုပါတယ်။

မေး။ နေ့စဉ်ထုတ် သတင်းစာတွေ ထွက်လာမယ်ဆိုရင် အပတ်စဉ် ထုတ်နေတဲ့ ဂျာနယ်တွေအပေါ် ဘယ်လို အကျိုး သက်ရောက်မှုတွေ ရှိလာနိုင်လဲ။

ဖြေ။ ဂျာနယ် ထုတ်ဝေနေတာကနေ သတင်းစာဘက်ကို ပြောင်းလိုက်မယ် ဆိုရင်တော့ အပတ်စဉ်ထုတ်ဂျာနယ် တွေမှာ အားနည်းချက်တွေရှိလာနိုင် ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရင်ကဆို မဂ္ဂဇင်းကို ဂျာနယ်က နိုင်ခဲ့ သလို အခုလည်း ဂျာနယ်ကို သတင်းစာက နိုင်သွားမှာပါ။ သို့သော်လည်း ဂျာနယ်တွေ ဆက်ရပ်တည်နိုင်ဖို့ အတွက် ကမ္ဘာ့သတင်း ဂျာနယ်ကြီးတွေနည်းတူ မိမိအားသန်ရာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အားကစားလိုင်းတွေကို အဓိကထားပြီး ရပ်တည်သွားရမှာပဲ ဖြစ်ပါတယ်။

မေး။ ဂျာနယ်တွေက နေ့စဉ်ထုတ် သတင်းစာတွေ ထုတ်လာမယ်ဆိုရင်  လက်ရှိ နိုင်ငံပိုင်ပြည်သူ့ ဝန်ဆောင်မှုသတင်း စာတွေနဲ့ ပုဂ္ဂလိကပိုင် သတင်းစာတွေအကြား ဘယ်လို ကွာခြားချက်တွေ ရှိလာနိုင်မလဲ။

ဖြေ။ အခုလက်ရှိ အစိုးရက ထုတ်နေတဲ့ ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေဟာ ရှေ့ဆက် ရပ်တည်နိုင်ဖို့ တော်တော် ကြိုးစားရဦးမှာဖြစ် ပါတယ်။ ရှေ့ဆက် ရပ်တည်နိုင်ဖို့ နိုင်ငံပိုင် သတင်းစာတွေကို အများပိုင် ကုမ္ပဏီတွေ လို သဘောမျိုးနဲ့ ရပ်တည်မှ ဖြစ်မှာပါ။ အစိုးရ တစ်ခုထဲ ရပ်တည်နေမယ်ဆိုရင် တော့ အပြင်က သတင်းစာတွေ အများအပြား ထွက်လာမှာ ဖြစ်တဲ့အတွက် နိုင်ငံပိုင် သတင်းစာတွေ အတွက်တော့ အခက်အခဲ ရှိလာနိုင်ပါတယ်။

မေး။ အနာဂတ်မှာ နေ့စဉ်ထုတ် သတင်းစာတွေ အများအပြား ထွက်ရှိနိုင်တဲ့အပေါ်မှာ မီဒီယာ လောကမှာ ဘယ်လို ပြဿနာတွေ ကြုံတွေ့ရနိုင်မလဲ။

ဖြေ။ အဓိက ကတော့ အခုဖွဲ့ထား တဲ့ စာနယ်ဇင်းကောင်စီတွေရဲ့ ဥပဒေတွေမှာ သတင်းမီဒီယာ လောကကို ထိန်းချုပ်တဲ့ နေရာမှာ အရင်ခေတ်ဟောင်းက ဥပဒေတွေ၊ လုပ်ရိုး လုပ်စဉ်တွေ ပြန်မပါလာဖို့ အရေးကြီးပါတယ်။ ဟိုတုန်းကဆိုရင် သတင်းစာ တစ်စောင် ထုတ်ဖို့အတွက် အာမခံကြေးတင်ပြီး မှတ်ပုံတင်ရတာနဲ့ သတင်းစာ ဂျာနယ်တွေ ထွက်လို့ရပါတယ်။ အဲဒီလို ထုတ်တဲ့အပေါ်မှာ အစိုးရရဲ့ မူဝါဒ နဲ့ မကိုက်ညီတဲ့ ကိစ္စမျိုးတွေ၊ လူမှု အဖွဲ့အစည်းတွေထဲမှာ မသင့် လျော်တဲ့ ကဏ္ဍမျိုးတွေ ကိုတော့ အရေးယူခဲ့တာတွေရှိပါတယ်။ အခု အချိန်မှာ တော့ အရေးအသားတွေ ပွင့်လင်းလာတဲ့အပေါ် စာနယ်ဇင်း ကောင်စီအနေနဲ့ ဥပဒေတွေ အတည်တကျနဲ့ ခိုင်ခိုင်မာမာ ရှိနေဖို့ လိုပါတယ်။ ဒါမှလည်း ဂျာနယ်တွေ နေ့ စဉ်ထုတ်သတင်းစာတွေမှာ ဖြစ်လာမယ့် ပြဿနာ တွေကို ရင်ဆိုင်ဖြေ ရှင်းလို့ရမှာပါ။

မေး။ ဂျာနယ်တွေက နေ့စဉ်ထုတ် သတင်းစာတွေ ထုတ်လာမယ်ဆိုရင် သတင်းဓာတ်ပုံသမားတွေ ဘက်က ရော ဘယ်လိုပြင်ဆင်ထားသင့်လဲ။

ဖြေ။ အခုလက်ရှိ ဂျာနယ်တိုက်တွေ က သတင်းဓာတ်ပုံသမားတွေဟာ အရည်အချင်းပြည့်မီပြီး သတင်း ဓာတ်ပုံကောင်းတွေ ရိုက်နိုင်တဲ့သူတွေ များပါတယ်။ အနာဂတ်မှာ နေ့စဉ်ထုတ် သတင်းစာတွေ ထုတ်လာ မှာဖြစ်တဲ့အတွက် သတင်းဓာတ်ပုံ သမားတွေဘက်က လိုအပ်တဲ့ ဓာတ်ပုံပညာတွေ၊ သင်တန်းတွေ၊ ကင်မရာ တွေရဲ့ အယူအဆတွေကို အရင်ကထက် ပိုပြီးတတ်ကျွမ်းထား ဖို့ လိုပါတယ်။ အလားတူ ဂျာနယ်တိုက် ကလည်း ကိုယ့်ဂျာနယ်မှာ ဓာတ်ပုံ သတင်းကောင်းတွေ ရနိုင်ဖို့အတွက် သတင်းဓာတ်ပုံသမားတွေမှာ လိုအပ်  မယ့် ကင်မရာ အမျိုးအစားတွေ၊ ဓာတ်ပုံနဲ့ ပတ်သက်ပြီး အသုံးပြုမယ့် ပစ္စည်းတွေကို ထုတ်ပေးနိုင်ဖို့လည်း လိုပါတယ်။

ဓာတ်ပုံပညာရှင် ဦးစိန်မျိုးမြင့် သည် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေစဉ်ကာလကတည်းက အားကစား သတင်းထောက် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး အား/ကာ စာစောင်၊ တံခွန်ဂျာနယ် အစရှိသည်တို့၌ အယ်ဒီတာ တာဝန်ယူခဲ့သူ ဖြစ်သည်။ ယခုအခါ ခရီးသွား ဆောင်းပါးများ ရေးသားခြင်း၊ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည်။

ဝဝ၁

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*