အနုပညာသတင်း — ရန်ကုန်၊ ဇူလိုင် ၂၃၊ ၂ဝ၁၂

ပုံနှိပ်မီဒီယာနှင့် အွန်လိုင်းမီဒီယာ အားပြိုင်ဆွေးနွေးပွဲကို ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းမှ စီစဉ်၍ လာမည့် ဇူလိုင် ၂၈ ရက်၊ နေ့လယ် ၂ နာရီမှ ၄နာရီ အထိ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲသည် တစ်ဦးကိုတစ်ဦး သာစေနာစေဆိုသည့်စိတ်ဖြင့် တိုက်ခိုက်ခြင်းမျိုး မဟုတ်၊ သူတစ်ပါး အားနည်းချက်ကို ထုတ်ဖော်ပြီး မိမိကိုယ်မိမိဂုဏ်ဖော်ခြင်းမျိုး မမည်၊ ယုံကြည်ရာကို မီးမောင်းထိုးပြခြင်းဖြင့် ယှဉ်ဖော်ပြိုင်ဖက် လက်တွဲဖော်များအဖြစ် ရပ်တည်နေကြသူများက လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်နှင့်အတူ ခံယူချက်များ တိုးတက်ရေးအတွက် ဆွေးနွေးပွဲဖြစ်သည်ဟု ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းက ညွှန်းဆိုထားသည်။

ပါဝင်ဆွေးနွေးကြမည့်သူများမှာ ပုံနှိပ်မီဒီယာဘက်မှ စာရေးဆရာမ နန်းကြာဖြူ(ဘားအံ)၊ စာရေးဆရာမ ခင်ဆုမြတ်ထွန်း၊ စာရေးဆရာ ဝေမိုးနိုင် (မုံရွာ)တို့ဖြစ်ပြီး အွန်လိုင်းမီဒီယာဘက်မှ စာရေးဆရာ ဘလော့ဂါ နေဘုန်းလတ်၊ စာရေးဆရာ သူရဿဝါ၊ စာရေးဆရာမ မြသွေးနီတို့ဖြစ်သည်။ ဆွေးနွေးပွဲကို ဦးဆောင် ဆွေးနွေးရန် စာရေးစာရာမ ခင်သန္တာက တာဝန်ယူထားသည်။

စာရေးဆရာမ မြသွေးနီ နှင့် စာရေးဆရာမ ခင်ဆုမြတ်ထွန်း

စာရေးဆရာမ မြသွေးနီ နှင့် စာရေးဆရာမ ခင်ဆုမြတ်ထွန်း

ပုံနှိပ်မီဒီယာဘက်မှ ပါဝင်ဆွေးနွေးရန် ပြင်ဆင်နေသည့် စာရေးဆရာမ ခင်ဆုမြတ်ထွန်းအား မြန်မာအင်ဒီပဲန်ဒင့်မှ    တွေ့ဆုံမေးမြန်းရာ “အရင်ဆုံး ပုံနှိပ်မီဒီယာဘက်က အားသာတဲ့အချက်တွေကို ရွေးချယ်ထားတယ်။ နိုင်ငံတကာနဲ့ မစဉ်းစားဘဲနဲ့ ကိုယ့်နိုင်ငံအတွင်းက အကြောင်းတွေကိုပဲ ဦးစားပေး ပြောမယ်လို့ စဉ်းစားထားတယ်။ ကျွန်မက သတင်းသမားလည်း ဖြစ်တော့ သတင်းသမားတွေ ဘက်ကနေ အချက်အလက်တွေ ရှာဖွေထားပါတယ်”ဟု    ပြန်လည် ဖြေကြားခဲ့သည်။ စာရေးဆရာမ ခင်ဆုမြတ်ထွန်းသည် ၂ဝဝ၉ ခုနှစ်၊ နိုဝင်ဘာမှ စတင်ကာ Teen မဂ္ဂဇင်းတွင် ဆောင်းပါးများ ရေးသားခဲ့ပြီး အလင်းတန်းဂျာနယ်နှင့် Envoy ဂျာနယ်တွင် ဆောင်းပါးများ လက်ရှိ ရေးသားနေသူ ဖြစ်သည်။

အွန်လိုင်း မီဒီယာဘက်မှ ပါဝင်ဆွေးနွေးရန် ပြင်ဆင်နေသော စာရေးဆရာမ မြသွေးနီအား မြန်မာအင်ဒီပဲန်ဒင့်မှ    တွေ့ဆုံမေးမြန်းရာ ယင်းက “ကျွန်မတို့ အွန်လိုင်း မီဒီယာဘက်က ဆွေးနွေးရမယ့် ၃ ယောက်က တစ်ကြိမ်တော့ ဆုံပြီး ဆွေးနွေးထားတယ်။ အချက်အလက်တွေလည်း ဖလှယ်ထားကြတယ်။ ကျွန်မတို့က ပုံနှိပ်ရော၊ အွန်လိုင်းရောပါ ရေးနေကြတဲ့သူတွေဆိုတော့ နှစ်ဖက်စလုံးရဲ့ အားနည်းချက်၊ အားသာချက်တွေကို သိထားကြတယ်။ ဒါပေမဲ့ တကယ့်ဆွေးနွေးပွဲ နေ့ကျရင် ဘာတွေ ဆွေးနွေးဖြစ်ကြမလဲဆိုတာတော့ ကြိုမသိနိုင်ဘူး။ လက်တွေ့သိနေ မြင်နေတာ၊ ကိုယ်တိုင်ခံစား ကြုံတွေ့နေရတဲ့ အပေါ်မှာပဲ ဆွေးနွေးသွားမှာပါ”ဟု   ပြန်လည် ဖြေကြားခဲ့သည်။

စာရေးဆရာမ မြသွေးနီက အဆိုပါ ဆွေးနွေးပွဲသို့ လာရောက်ကြမည့် ပရိသတ်များအား “ဒီပွဲကို လူငယ်ရော လူကြီးပါ မဖြစ်မနေ တက်စေချင်ပါတယ်။ အွန်လိုင်းမီဒီယာနဲ့ ပုံနှိပ်မီဒီယာတို့ရဲ့ အားနည်းချက်၊ အားသာချက်တွေကို    ဆွေးနွေးပြီးတော့ မီဒီယာ ၂ခုကနေ ပူးပေါင်းပြီး မြန်မာ့စာပေ လောကအတွက် ဘယ်လို အကျိုးပြုနိုင်မလဲ ဆိုတာ ဒီပွဲကနေ ဖော်ဆောင်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် အချိန်လေးပေးပြီး တက်ပေးကြပါလို့ ပြောချင်ပါတယ်”ဟု ဖိတ်ခေါ်ထားသည်။

စာရေးဆရာမ မြသွေးနီသည် အသက် ၁၉ နှစ်အရွယ်မှစ၍ ကဗျာ၊ ဝတ္ထုတိုများရေးသားခဲ့ပြီး ၂ဝ၁ဝ ခုနှစ် ကုန်ပိုင်းမှ စတင်ကာ အွန်လိုင်းမီဒီယာမှ တစ်ဆင့် ရသစာပေများကို ရေးသားနေသူ ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲကို စာရေးဆရာမ လင်းစက်နွယ်က စီစဉ်တင်ဆက်မှာ ဖြစ်ပြီး တက်ရောက်လာကြသော ပရိသတ်များမှလည်း ဝင်ရောက်ဆွေးနွေး မေးမြန်းနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်းလည်း သိရသည်။

ဝဝ၈

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*