ဆောင်းပါး — မတ် ၁၄၊ ၂ဝ၁၃

ပထမဆုံး အနေနဲ့ ပြောချင်တာကတော့ လွှတ်တော်မှာ အခုတင်သွင်း နေတဲ့ ပုံနှိပ်ဥပဒေကို ငါတို့စာပေ ထုတ်ဝေသူ တစ်ယောက်အနေနဲ့ရော၊ စာရေးဆရာ မြေမှုန်လွင် အနေနဲ့ပါ လုံးဝ ကန့်ကွက်ပါတယ်။ ပြန်ကြား ရေးဝန်ကြီးက စာပေ လောက သားတွေကို အကာအကွယ်ပြုပေးမယ့် ဥပဒေလို့ဆိုပါတယ်။ ကဲ လေ့လာကြည့် ရအောင်။ စာပေ လောက သားတွေကို ဆော်မယ့် ဥပဒေလား၊ ကာကွယ်ပေးမယ့် ဥပဒေလားလို့။

ဝန်ကြီးတွင်တွင် ပြောသွားတဲ့ စကား တစ်ခွန်းရှိပါတယ်။ စာရေး ဆရာတွေကို ဖမ်းဆီး ထိန်းသိမ်းခြင်း၊ ဝင်ရောက် ရှာဖွေခြင်းများ လုံးဝ ပြုလုပ်မှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ စာရေးဆရာ တစ်ယောက်အနေနဲ့ ဖြေ ပါမယ်။ ဖမ်းတာ မဖမ်းတာ ဂရုမစိုက်ပါ။ လွတ်လပ်စွာ ဖန်းတီးရေးသားခွင့် ရဖို့ကိုပဲ ဂရုစိုက်ပါ့မယ်။ အခု ဥပဒေ အရဆိုရင် ဖမ်းတော့ မဖမ်းဘူး။ ပိတ်တာတွေ ဖျက်တာတွေ လုပ်မယ်ဆိုတဲ့ သဘောဖြစ်နေပါတယ်။ အရင် စာပေ စိစစ်ရေးကို မိတ်ကပ် လူးပြီး ပြန်အသက်သွင်းမယ့် ပုံပါပဲ။

ဒါ့အပြင် အခုဥပဒေမှာ ဆူပူလှုံ့ဆော်တဲ့ အရေးအသားများကို တားဆီး အရေးယူမယ် ဆိုတဲ့ အချက်ပါပါတယ်။ အင်မတန် သတိထားစရာ ကောင်းပါတယ်။ ဆူပူ လှုံ့ဆော်တဲ့ အရေးအသားဆိုတာ ဘယ်လို ဟာမျိုးလဲဆိုတာ တိတိကျကျ မရေးထားပါဘူး။ လိုသလို ဆွဲနိုင်ချုံ့နိုင်တဲ့ သားရေကွင်း ဥပဒေပါ။ ကျွန်တော့် နောက်ဆုံး စာအုပ် ဖြစ်တဲ့ “ကျောက်စာကို ခဲဖျက်နှင့် ဖျက်၍မရ” ဆိုတဲ့ စာအုပ်ကို ပိတ်ရတဲ့ အကြောင်းတွေထဲမှာ အဆိုပါ ဆူပူ လှုံ့ဆော်မှုကို ဖြစ်စေတဲ့ အရေး အသားဆိုတဲ့ အချက်လည်း ပါပါတယ်။ တကယ် နားမလည်နိုင်တဲ့ အချက်ပါ။ ကျွန်တော့် စာအုပ်ဖတ်ပြီး ဘယ်သူမှ လမ်းပေါ်တက် ဆန္ဒပြတာမျိုး မရှိခဲ့ပါဘူး။ စာအုပ်ကြီးကိုင်ပြီး ဆန္ဒပြတာ မျိုးလည်း မကြားမိပါဘူး။ ဒါပေမယ့် စိစစ်ရေး ကတော့ ဆူပူလှုံ့ဆော်တယ် ဆိုပြီး ပိတ်ပစ်ခဲ့ပါတယ်။

နောက်ရှိပါသေးတယ်။ ထုတ်ဝေသူနဲ့ ပုံနှိပ်သူတွေကိုပဲ အရေးယူမယ် ဆိုတာပါ။ ထုတ်ဝေသူတွေကို အရေးယူ တာတော့ ထားပါတော့။ ပုံနှိပ်သူကို အရေးယူတာ သဘာဝ မကျပါဘူး။ ပုံနှိပ်တိုက်ဆိုတာ အလုပ် လာအပ်ရင် လက်ခံရမှာပါပဲ။ စာအုပ် တစ်အုပ်ရိုက်ဖို့အရေး ဖလင်လိပ်ကြီး ကို ထောင်ဖတ်ပြီး ဘယ်သူမှ မစစ်ဆေးနိုင် ပါဘူး။ ကိုယ်တွေ့ အနေနဲ့ ပြောရမယ် ဆိုရင် ကျွန်တော့်စာအုပ်ကို ပိတ်တုန်းကလည်း ပုံနှိပ်တိုက် ပိုင်ရှင်ကို ခေါ်ပြီး လက်မှတ်ထိုးခိုင်းပါတယ်။ ဒီပုံနှိပ်တိုက်ပိုင်ရှင်နဲ့ ကျွန်တော်နဲ့လည်း မိတ်ပျက်ခဲ့ရပါတယ်။

ရိုးရာ ယဉ်ကျေးမှုကို ပျက်စီးစေ တဲ့ အရေးအသားတွေ၊ ဓာတ်ပုံတွေကိုလည်း စိစစ်အရေးယူမယ် ဆိုတဲ့ အချက် လည်း ပါပါတယ်။ ပွင့်ပွင့်လင်းလင်း နဲ့ တစ်ချက်တည်း ပြောချင်တယ်။ ဒီလိုကိစ္စမျိုးဆိုတာ သွေးသားဆန္ဒပါ။ တားမြစ်ဖို့ မကောင်းပါဘူး။ တိုင်းပြည် တစ်ပြည်မှာ မရှိမဖြစ် လိုအပ်ပါတယ်။ မရှိလည်း တစ်နည်းနည်းနဲ့ ခိုးဖတ်၊ ခိုးကြည့်နေတာ သမိုင်း အဆက်ဆက် ထင်ရှားတဲ့ သာဓက တွေရှိပါတယ်။ ပုထုဇဉ်တွေ အတွက် မရှိမဖြစ် လိုအပ်တယ်လို့ ဆိုချင်ပါ တယ်။

တကယ်ဖြစ်သင့်တာက ထိုကဲ့သို့ ညစ်ညမ်းရုပ်ပုံ၊ စာများကို အထူး ကန့်သတ်ချက်များနဲ့ ခွင့်ပြုသင့်ပါတယ်။ အထူး ကန့်သတ်ချက်ဆိုတာ ၁၈နှစ်အောက် ကလေးတွေ လာဝယ်ရင် လုံးဝ မရောင်းတာတို့၊ အများ ပြည်သူနဲ့ ဆိုင်တဲ့ နေရာမျိုးတွေမှာ ပေါ်ပေါ်ထင်ထင် ရောင်းခွင့် မပေးတာမျိုးတို့စတဲ့ စည်းကမ်းလေးတွေ ထားသင့် ပါတယ်။ ထိုစာအုပ်များကို ဝယ်လိုလျှင် စာအုပ်ဆိုင်များတွင်သာ ဝယ်ယူရမည်ဆိုပြီး စနစ်တကျ သတ်မှတ် ထားသင့်ပါတယ်။ အခုတော့ မီးပွိုင့် တွေမှာ ကလေးလေးတွေ ကိုယ်တိုင် ညစ်ညမ်း မဂ္ဂဇင်းတချို့ကို အော်ဟစ် ရောင်းချနေတာကို စိတ်မချမ်းသာဖွယ် တွေ့မြင်နေရပါတယ်။

နောက်ပြီး ဝတ္ထုတွေကိုလည်း မြန့်မာရိုးရာဆိုတဲ့ ပေတံနဲ့လိုက်တိုင်း နေမယ်ဆိုရင်တော့ မြန်မာစာပေ လောက ဟာ ဘယ်တော့မှ ဖွံ့ထွား လာမှာ မဟုတ်ပါဘူး။ ဘူသီး အမွှေးသပ်ထားသလိုပဲ ဖြစ်နေပါလိမ့်မယ်။ ဒီနေရာမှာ လည်း ကိုယ်တွေ့ပဲ ပြောပါရ စေ။ ကျွန်တော့်ရဲ့ “ခူး” ဆိုတဲ့စာအုပ် မှာ မိန်းကလေးကနေ ရည်းစားစကား စပြောတာ ပါတဲ့အတွက် ခွင့်မပြုဘူးလို့ ကျွန်တော့်ကို စိစစ်ရေးက ပြောပါ တယ်။ တကယ် ဟာသပဲ။ လောက မှာ မိန်းကလေးကလည်း ချစ်ရင်ချစ်တယ် ပြောမှာပေါ့။ ဒါမွေးရာပါ အခွင့်အရေးပဲလေ။ အခုတော့ ယောကျာ်း လေးမှ ရည်စားစကား ပြောရမယ်ဆို ရင်တော့ ဒါ ဂျင်ဒါခွဲတာပါပဲ။ ဆိုတော့ကာ ရိုးရာယဉ်ကျေးမှုနဲ့ ဆန့်ကျင် တဲ့အရေးအသားမျိုးဆိုတာ ဘယ်လို ဟာလည်း ရှင်းရှင်းလင်းလင်း သိအောင် ပြောပြပေးကြပါ။

ဒီထက်ရှင်းအောင်ပြောရရင်တော့ ကျွန်တော်စာရေးနေတာ ရိုးရာယဉ်ကျေးမှုကို ဖျက်လိုဖျက်စီး လုပ်ချင် နေလို့ ရေးနေတာ မဟုတ်သလို ထိန်း သိမ်းချင်လို့ ရေးနေတာ လည်း မဟုတ်ပါဘူး။ အနုပညာ တစ်ရပ် ဖန်တီး တာပါ။ အသစ်တစ်ခု တီထွင်တာပါ။ ဒီနေရာမှာ ရိုးရာဆိုတဲ့ ဘောင်ကို ကျော်ချင် ကျော်သွားနိုင်ပါတယ်။ အရေးကြီးတာ တစ်စု တစ်ဖွဲ့ တစ်စုံတစ်ယောက်ကို မထိခိုက် မနစ်နာဖို့ပဲ မဟုတ်လား။

လာပါပြီ။ ကျွန်တော် အဓိက ပြောချင်တဲ့ နေရာကို ရောက်လာပါပြီ။ ကျွန်တော်တို့ စာရေးသူတွေ ထုတ်ဝေ သူတွေ ပုံနှိပ်လိုက်တဲ့ စာလုံးတစ်လုံး စာကြောင်းတစ်ကြောင်း စာပိုဒ်တစ်ပိုဒ်ဟာ တစ်စုံတစ်ဦးကို သော် လည်းကောင်း အဖွဲ့အစည်း တစ်ခုခုကို သော်လည်ကောင်း ထိခိုက်နစ်နာပါက နစ်နာသူ များကနေ တရားစွဲဆိုဖို့ ဥပဒေတွေ ရှိပြီးသားပါ။ ဘာဥပဒေမှ ထပ်မလိုတော့ပါဘူး။

ဒီထက်ပိုပြီး ဘဝင်မကျချင်တာက အခုဥပဒေအသစ်ကို ရေးဆွဲတဲ့ နေရာမှာ ဘယ်စာပေပညာရှင်မှ မပါဝင်ပါဘူး။ စစ်သား အများစုကနေ ရေးဆွဲတင်ပြထားတဲ့ စစ်မိန့် စစ်ဟန် မကင်းတဲ့ တစ်နည်း အာဏာရှင်ဆန်ဆန် ရေးဆွဲထားတဲ့ ဥပဒေကြမ်းကြီးပါ။

နောက်ဆုံးအနေနဲ့ ပြောရရင် အဆိုပါ ပုံနှိပ်ဥပဒေသာ အသက်ဝင် လာပါက ငါတို့စာပေအနေနဲ့ တစ်တိုက် အပိတ် ခံရရင် နောက်တစ်တိုက် ပြောင်းထုတ်နိုင်အောင် အခုကတည်းက စာအုပ်တိုက် အသစ်လျှောက်ရမယ့် ပုံပါပဲ။ စာရေးဆရာ အနေနဲ့လည်း ဒဏ်ငွေဆောင်နိုင်အောင် ဘဏ်ထဲမှာ ငွေကြိုစုထားရမှာ ဖြစ်ပါကြောင်း..

မြေမှုန်လွင်

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*