“အသက် ၆ နှစ် ၇ နှစ်ကနေ ၁၅ နှစ်လောက်ထိ ရောက်တဲ့ အချိန်ထိ ညတိုင်း အိပ်ရာထဲမှာ ငိုရတယ်”
ရန်ကုန်မြို့ ကန်တော်ကြီး ပန်းခြံအတွင်း နိုဝင်ဘာလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်ရေး လှုပ်ရှားမှု အခမ်းအနား၏ ဟောပြောပွဲ စင်မြင့်ထက်တွင် အမျိုးသမီးတစ်ဦး တည်ငြိမ်စွာ ရပ်တည်ရင်း ၎င်း၏ ဘဝအတွေ့အကြုံကို ပြန်ပြောင်း ပြောပြနေခြင်း ဖြစ်သည်။

ရာချီနေသော လူအုပ်ကြီးသည် သူ့စကားတွင် စီးမြောနေသည်။

မကြည်ပြာ (အမည်လွှဲ) သည် ငယ်ရွယ်နုနယ် လှပလွန်းသည့် သူ့ဘဝ ကနဦးနေ့များကို ဆိုးဝါးလှသည့် အရိပ် မည်းကြီး ဖုံးလွှမ်း ခဲ့ရပုံများကို ဘဝတူများအတွက် ကိုယ်ချင်းစာနာ စိတ်ဖြင့် အများပြည်သူ သိအောင် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် အိမ်ထောင် ကျနေပြီဖြစ်သော သူ့အမည်ကို အဆိုပါ စင်မြင့်ထက်တွင် တရားဝင် ထုတ်ဖော်ပြော ကြားခဲ့သော်လည်း သူ့ ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် အမည်ကို လွှဲပြောင်း ဖော်ပြထားခြင်း ဖြစ်သည်။

“ကျောင်းမှာဆိုလည်း စာမလိုက်နိုင်ဘူး စာညံ့တယ်။ ဆရာ၊ ဆရာမတွေကို ညာတယ်။ စိတ်ထဲမှာ မလုံခြုံတဲ့အတွက် ညာတယ်” ဟု ၎င်းက ဆိုသည်။

အသက် ၆နှစ်၊ ၇ နှစ်အရွယ်က ကြုံတွေ့ခဲ့ရသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၏ အကျိုးဆက်ကို ၎င်းက ထုတ်ဖော် ပြောကြားနေခြင်း ဖြစ်သည်။

ငယ်ရွယ်လှသေးသည့် ပုရစ်ဖူးအချိန်တွင် အိမ်နီးနားချင်း ညီအစ်ကို ၂ ဦး၏ လက်တည့်စမ်းမှုကို ခံခဲ့ရခြင်း ဖြစ်သော်လည်း မိဘကို ပြန်လည် မတိုင်ကြားဖြစ်ခဲ့ပေ။

“ကျွန်မနဲ့ အတန်းတူ တက်နေတဲ့ အတန်ဖော် သူငယ်ချင်းကို ပြောလိုက်မိတယ်။ အိမ်မှာ အဲဒီလိုမျိုးတွေ ဆော့ကြတယ်။ နင်တို့ရော ဆော့ကြလား စသဖြင့် မေးတဲ့အခါကျ ကျွန်မသူငယ်ချင်းက အလန့်တကြားနဲ့ နင့်ဗိုက်ထဲမှာ ကလေးလေး ရှိလာတော့မှာ နင်တော့ ငရဲကြီးပြီ မသိဘူးလား ဆိုတာမျိုး ပြောတယ်” ဟု သူက ဆိုသည်။

ထိုအချိန်မှ စတင်ပြီး သူ့ဘဝ၏ အရိပ်မည်းကြီး ဖုံးလွှမ်းခဲ့သည်မှာ အရွယ် ရောက်သည့်တိုင်ပင် ဖြစ်သည်။

တစ်နိုင်ငံလုံးတွင် ၂၀၁၆ ခုနှစ် အတွင်း တစ်နေ့လျှင် မုဒိမ်းမှု ၂ ခုနှုန်း ဖြစ်ပွားနေပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်း ၄ ရက်လျှင် တစ်မှုနှုန်း ဖြစ်ပွားလျက်ရှိကာ ယင်းပမာဏ၏ ထက်ဝက်ခန့်မှာ သက်ငယ် မုဒိမ်းမှုများ ဖြစ်သည်။

မုဒိမ်းမှုများ၏ တရားခံ အများစုမှာ အိမ်နီးနားချင်း၊ ဆွေမျိုး၊ ရင်းနှီးသူ အသိုင်းအဝိုင်းများ ဖြစ်နေတတ်သည် ကိုလည်း အံ့သြဖွယ် တွေ့ရှိရသည်။

မုဒိမ်းမှု အန္တရာယ်မှ ကင်းလွတ်ရန် မုဒိမ်းမှု ကျူးလွန်သူများကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးခြင်းနှင့် မလုံလောက်ဘဲ ကြိုတင် ကာကွယ်ရမည့် အချက်များစွာ ရှိနေသည်။

ကလေးငယ်အတွက် အရေးကြီးသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများသည် မည်သည့်အရာ ဖြစ်ကြောင်းကို ကလေးငယ်များကို ပြောပြထားပါ။

ယင်းသို့ ပြောပြထားခြင်းသည် ရှက်စရာ မဟုတ်ပေ။ မည်သည့်နေရာများကို အကိုင်မခံရန်၊ အထိပါးမခံရန် ဆိုသည်များကို မိဘများက စနစ်တကျ သင်ပြထားရန် လိုသည်။

လျှို့ဝှက်ထားအပ်သည့် အရာများနှင့် အဘယ်ကြောင့် လျှို့ဝှက်ထားသင့် သည်ကိုလည်း စနစ်တကျ သင်ကြား ပြသပေးထားရန် လိုအပ်ပြီး ထိုအရာများကို တန်ဖိုးထားတတ်ရန်လည်း သင်ကြား ပြသပေးထားရမည် ဖြစ်သည်။

“အသက် ၁၅ နှစ်လောက်မှာ အမေကနေ လိင်ပညာပေးစာအုပ်တွေ ပေးဖတ်တဲ့ အခါကျမှ ဘာလဲဆိုတာ သိရတယ်” ဟု မကြည်ပြာက ဆိုသည်။

သူ့မိခင်သည် အယူသီးသူ မဟုတ်သော်လည်း သူ့ကို လိင်ပညာပေး အကြောင်း အသိပေးခဲ့သည့် အချိန် နောက်ကျခဲ့ကြောင်း ယူဆသည်။

တစ်ယောက်တည်း အပြင်လွှတ်ခြင်း၊ သူစိမ်းတစ်ဦးဦးနှင့် ထားခဲ့ခြင်းများကလည်း အန္တရာယ်ကို ဖိတ်ခေါ် သကဲ့သို့ ဖြစ်နေသည်။

“တစ်ခါတလေ မိဘတွေက ကိုယ့်ရပ်ကွက်ပဲ၊ ကိုယ့်ရွာပဲဆိုပြီး ကလေးတွေကို စိတ်ချလက်ချ ရှိတတ်ပါတယ်။ ဒါဟာ အလွန်မှားပါတယ်။ အကြောင်းကတော့ လူယုတ်မာတွေဟာ ငါ့ရပ်ကွက်ပဲ၊ ငါ့နေရာပဲဆိုပြီး သူတို့ရဲ့ ယုတ်မာမှုကို ရှောင်ကြဉ်ကြသူများ မဟုတ်လို့ပါ” ဟု အမျိုးသမီး အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ တစ်ဦးက ပြောသည်။

ထို့ပြင် ကလေးငယ်များကို အန္တရာယ်ကို ရှောင်ရှားနည်းများ သင်ကြား ထားပေးရန်လည်း ၎င်းက တိုက်တွန်းသည်။

“တကယ်လို့ လူတစ်ယောက်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖို့ ချဉ်းကပ်လာတဲ့ အခါ၊ ချဉ်းကပ် တော့မယ်လို့ သံသယရှိတဲ့ အခါတိုင်း လူတွေရှိရာကို အရောက်ပြေးဖို့ မှာကြားထားပါ။ လှမ်းမမီနိုင်တဲ့ အနေအထားမျိုးမှာ ဆိုရင်တော့ ပါးစပ်က အကူအညီတောင်းရင်း ပြေးဖို့ သင်ကြားထားပါ။ လူစိမ်းလူကျက် မည်သူ့ကိုမှ အရမ်းကြီး မရင်းနီးပါဘဲ မယုံကြည်ဖို့၊ အခြေအနေကို ကြည့်ပြီး ဆက်ဆံတတ်ဖို့ သင်ပြ ထားပါ” ဟု ၎င်းက ဆိုသည်။

အစိုးရအနေဖြင့် လည်း သက်ငယ် မုဒိမ်းမှုများ လျော့ကျရေး အတွက် ပညာပေးမှုများကို လိုအပ်သော အတိုင်းအတာ အထိ နိုင်ငံအဆင့် ပြုလုပ်ရန် လိုအပ်လာသော အခြေအနေလည်း ဖြစ်သည်။

“လူထုကို ပညာပေးတာတွေ စည်းရုံး လှုပ်ဆော်တာတွေ၊ ဒီလိုမဖြစ်အောင် မိဘများအနေနဲ့ရော ပတ်ဝန်းကျင် အနေနဲ့ရော ဘယ်လို ထိန်းသိမ်း စောင့်ရှောက်မယ် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ ပညာပေးဆိုတာကို ပွင့်ပွင့်လင်းလင်း စာသင်တန်းက အစ ရပ်ရွာအဆုံး ပညာပေးပြီး အသိပညာ ပျံ့ပွားအောင် ဆောင်ရွက်တာကို ကျယ်ကျယ်ပြန့်ပြန့် အရင်ဆုံး ဆောင်ရွက်စေချင်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

အဆိုပါကိစ္စအပေါ် အစိုးရအနေဖြင့် မည်သို့ အစီအစဉ် ရှိ၊ မရှိကိုမူ မသိသေးကြောင်း ဒေါ်ခင်စန်းလှိုင် က ဆိုသည်။

ထို့ပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၏ သားကောင်ဖြစ်ရသူများ အတွက် ပြန်လည်ထူထောင်ရေး ကိုလည်း အစိုးရအနေဖြင့် အာရုံစိုက် ဆောင်ရွက်ပေးရန် လိုအပ်လာပြီလည်း ဖြစ်သည်။

နှစ်စဉ်ရာချီနေသော နစ်နာ ဆုံးရှုံးသူများအပေါ် အစိုးရအဆက်ဆက်က လျစ်လျူရှုထားသည်မှာ ကြာမြင့်လှပြီဖြစ်သည်။

“လူတွေက လိင်အကြမ်းဖက် ခံရတယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိမှ ပြစ်မှုမြောက်တယ် “ထင်ကြ တယ်။ ဒါပေမယ့် ကျွန်မ ပြောချင်တာက အခုဆို ကျွန်မဖြစ်ခဲ့တာက ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်မှု မရှိခဲ့ဘူး။ အဲဒီလိုမရှိခဲ့တာတောင် စိတ်ပိုင်း ဆိုင်ရာမှာ ခံလာရတာ အသက် ၆နှစ် ကနေ ၂၂နှစ် ထိပေါ့” ဟု မကြည်ပြာက ဆိုသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရသူများ အထူးသဖြင့် ကလေးငယ်များကို နှစ်သိမ့်ဆွေးနွေးခြင်း၊ စိတ်ဓာတ်ရေးရာ ပြန်လည် ထူထောင်ပေးခြင်း များကို အစိုးရက လုပ်ဆောင်ပေးရန်လည်း လိုအပ်သည်။

အချို့သော လူမှု အသိုင်းအဝိုင်းက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများနှင့် ၎င်းတို့၏ မိသားစု အသိုင်းအဝိုင်း ကိုပင် ပြန်လည် ပြစ်တင် နှိမ်ချပြောဆိုခြင်းများလည်း ရှိနေသည်။

“ဒီသားကောင် ဖြစ်ခံရတဲ့ အမျိုးသမီးလေးတွေကို ခွဲခြား ဆက်ဆံတာ မကြိုက်ဘူး။ တတ်နိုင်သလောက် ဖေးမကူညီပြီး လက်တွဲခေါ်တာမျိုး အဲ့ဒါမျိုးတွေ ဖြစ်စေချင်တယ်။ ဒီကိစ္စတွေက ဘယ်သူမှ ဖြစ်ချင်လို့ ဖြစ်လာရတာ မဟုတ်ဘူး။ မဖြစ်ချင်ဘဲ ဖြစ်သွားရတာ” ဟု မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သဲဆုဝေက ဆိုသည်။

ပညာပေးမှုများတွင် ယင်းသို့ ခွဲခြား ဆက်ဆံခံရမှုများနှင့် ပါတ်သက်သည်များ ကိုလည်း ထည့်သွင်းရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ်မှ ဒေါ်စောစံငြိမ်းသူက မှတ်ချက်ပြုသည်။

“အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေက ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သူတို့နဲ့ သက်ဆိုင်တဲ့ မိသားစု ပတ်ဝန်းကျင်က ရှက်စရာ မဟုတ်ဘူး။ တကယ်ကျူးလွန်တဲ့ သူကသာ ရှက်ဖွယ်ဖြစ်တယ် ဆိုတာကို ပြည်သူလူထု သိနိုင်ဖို့ကို အသိပညာပေးမှုကို အများကြီး လုပ်ပေးရမယ်” ဟု ၎င်းက ဆိုသည်။

အကြမ်းဖက် ခံရသူများသည် ပင်ကိုကပင် အတိတ်၏ အရိပ်ဆိုး၏ ခြောက်လှန့်မှုကို ခံနေရရာ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ကြံ့ခိုင်ရန် တည်ဆောက် ပေးနိုင်ဖို့မှာ လွန်စွာ အရေးပါလှသည်။

“ကိုယ့်မှာ စိတ်မလုံခြုံတဲ့ အရာတွေက အသက်ကြီးတဲ့အထိ ပါလာပြီး တစ်ခေါက်ဆိုရင် ဘတ်စ်ကား ပေါ်မှာ အဲဒီ ညီအစ်ကိုထဲက တစ်ယောက်နဲ့ တွေ့လိုက်တဲ့ အချိန်မှာ ဘတ်စ်ကားပေါ်က ဆင်းပြေးတာ ကားတိုက်မလို ဖြစ်တဲ့ အထိတောင် ဖြစ်တယ်” ဟု မကြည်ပြာက သူ့အဖြစ်ကို ပြန်ပြောင်း ပြောပြသည်။

လက်ရှိ သူ့ခင်ပွန်း၏ ဖေးမမှုဖြင့် စိတ်ပိုင်းဆိုင်ရာ ပြည်လည် တည်ဆောက် ပြု ပြင်မှုများ ပြုလုပ်ခဲ့ရပြီး စိတ်ရောဂါကု ဆရာဝန်များနှင့်ပါ ကုသခဲ့ရကြောင်း ၎င်းက ဆိုသည်။

“ကူညီတဲ့နေရာမှာ သနားစရာကောင်းတဲ့ လူလို ကူညီတာမျိုး မဟုတ်ဘဲ မတရား ခံရတယ်ဆိုတာကို ဝိုင်းဝန်းပြီး သေချာသိရှိပြီး စိတ်ဓာတ် ခွန်အားတွေနဲ့ ဘဝကို ပြန်လည် သန်စွမ်းအောင် မြှင့်တင်ဖို့ပါ” ဟု ဒေါ်ခင်စန်းလှိုင်ကလည်း ဆိုသည်။

မုဒိမ်းမှုများ ဆက်တိုက် တိုးပွားလာသည့် အခြေအနေတွင် လျော့ကျသွားရေးမှာ ပါတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်း တစ်ခုလုံးက အာရုံစိုက် လုပ်ဆောင်ရမည့် အနေအထား ဖြစ်လာပြီး တစ်နှစ်အတွင်း ရာနှင့်ချီ (ထောင်ဂဏန်း နီးနီး) ဖြစ်ပွားလာရ မုဒိမ်းမှု၏ သားကောင်များကို ကူညီ စောင့်ရှောက် ပေးရေးကိုလည်း ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည်။

“ကျူးလွန်ခံရတဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရဲ့ ဘဝတွေ ပြန်လည် ထူထောင်ရေး အတွက်ရယ် နောက်တခုက လူမှု ပတ်ဝန်းကျင်မှာ ပြန်လည် ရှင်သန်ရေး အတွက်ရယ် စိတ်ဒဏ်ရာတွေကို ပြန်လည် ကုစားဖို့ရာအတွက် ဒါတွေကိုတော့ နိုင်ငံတော်က စနစ်တကျ ဆောင်ရွက်သွားရမယ့် ကိစ္စတွေဖြစ်တယ်။

ဒီလိုအတွက်ကို နိုင်ငံတော်အနေနဲ့ ဘတ်ဂျက်အရ ပိုပြီး သုံးလာရမယ်။ ပိုပြီးတော့ လူမှုရေး ပတ်ဝန်းကျင်မှာရှိတဲ့ CSO / NGO တွေရော ပတ်ဝန်းကျင်မှာရှိတဲ့ သူတို့ရဲ့ အသိုင်းအဝိုင်းတွေကရော ဒါတွေကလည်း အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးဖို့ လိုအပ်တာပဲ” ဟု ဒေါ်ခင်စန်းလှိုင်က ဆက်လက်ပြောကြားသည်။

အမှုဖွင့်တိုင်ကြားသည့် စာရင်းအရပင် ရာနှင့်ချီရှိနေရာ မကြည်ပြာခဲ့သို့ လူမသိ၊ သူမသိ စိတ်ဒဏ်ရာကို ကြိတ်မှိတ် ခံစားခဲ့ရသူများ မည်မျှ ရှိနေမည်ကို မသိနိုင်ပေ။

“အခု ကျွန်မအကြောင်းကို လူတွေအများကြီးရှေ့မှာ ပြောနိုင်တဲ့ စိတ်သတ္တိကို အများကြီး မွေးလိုက်နိုင်ပြီ။ ကျွန်မလို မဖြစ်ဖို့ ကျွန်မလူတွေကို၊ ပါတ်ဝန်းကျင်ကို ဆက်ပြီး ပြောပြသွားမယ်” ဟု မကြည်ပြာက ဆိုသည်။

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*