သတင်းဆောင်းပါး — ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

“အခက်ဆုံး အလုပ်ကတော့ ယုံကြည်မှု တည်ဆောက်ရေးပဲ”

အထက်ပါ စကားကို ပြောကြားသူ ဦးလှမောင်ရွှေသည် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်လျှောက် ထဲထဲဝင်ဝင် ပါဝင် လုပ်ဆောင်နေသူ တစ်ဦးဖြစ်ပြီး လက်ရှိတွင်လည်း မြန်မာ့ ငြိမ်းချမ်းရေး ကော်မရှင်၏ အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။

ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ အစိမ်းရောင်တောင်ကုန်း (Green Hill) ဟိုတယ်တွင် ဇန်နဝါရီလ ၇ ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် မည်သို့အောင်မြင်မှု ရရှိနိုင်ရေး ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေး ဖိုရမ်တွင် ၎င်းက အထက်ပါအတိုင်း ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့၏ ငြိမ်သက်အေးဆေးသော ဆိတ်ငြိမ်ရပ်ကွက်ကြီး တစ်ခုအတွင်းရှိ ဟိုတယ်တစ်ခုတွင် ငြိမ်းချမ်းရေး ဖိုရမ် ကျင်းပနေဆဲ အချိန်ကား အပစ်ရပ် လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် များနှင့် တပ်မတော်အကြား သဘောထား တင်းမာမှုများ၊ တိုက်ပွဲများနှင့် နပန်းလုံးနေဆဲ အချိန်လည်း ဖြစ်သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လက်မှတ် ထိုးရန် ကျန်ရှိနေသော တိုင်းရင်းသားများ၏ အစိုးရနှင့် တပ်မတော်အပေါ် ယုံကြည်မှု ပျက်ပြား ယုတ်လျော့လျက် ရှိနေကြောင်းလည်း ငြိမ်းချမ်းရေး လိုလားသူများက ထောက်ပြလျက် ရှိသည်။

အဆိုပါ ငြိမ်းချမ်းရေး ဖိုရမ်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ် မည်သို့ အောင်မြင်မှု ရရှိနိုင်မည့်အပေါ် ချင်းအမျိုးသား တပ်ဦးမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းက အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပြီး KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ် ထူးဝင်း၊ UPDJC အတွင်းရေး မှူးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း၊ ငြိမ်းဖောင်ဒေးရှင်း ဒါရိုက်တာ ဒေါ်ဂျာနန်လထော်၊ ဦးရန်ကျော်နှင့် စာရေးဆရာ နောင်ကျော်တို့က ဦးဆောင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော် သတိထားမိတာ ကတော့ အခုချိန်ထိ အကြီးမားဆုံး စိန်ခေါ်မှုက ယုံကြည်မှု တည်ဆောက် ခြင်းပါပဲ။ ယုံကြည်မှု တည်ဆောက်ခြင်း ကသာလျှင် ဒီတစ်ကြိမ်မှာ ဒီထက်ပိုရမယ်ဆိုရင် ပြဿ နာတွေ တော်တော် လျှော့ ချနိုင်မယ်” ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။

ယုံကြည်မှု တည်ဆောက်မှု ဖြစ်စဉ်သည် အပြောသာလွယ်၍ အလုပ်ခက်ကြောင်း၊ ခေါင်းဆောင် အားလုံးက လိုအပ်ချက်ကြောင့် ဆောင်ရွက်နေရသည် ကိုလည်း နားလည်ပေး၍ မိမိတို့ လိုချင်သည့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်၊ ပိုမိုကောင်းမွန်သည့် လူ့အဖွဲ့အစည်း ဖြစ်ရန် ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံဖြစ်ရန် စသည့်ရလဒ်များ အမှန်တကယ် လိုလားပါက လက်ရှိအချိန်တွင် နားလည်မှုပေးပြီး ပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း ၎င်းက ဆိုသည်။

ယုံကြည်မှု တည်ဆောက်နေသည့် အချိန်တွင် သတင်းစကား အမှားများကြောင့် ပဋိပက္ခများ ပြန်လည် ဖြစ်ပွားနိုင်သည့် အတွက် အားလုံးက ယုံကြည်မှု တည်ဆောက်ရေး ဖြစ်စဉ်နှင့် အားလုံးပါဝင်ရေး ဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက် နိုင်ပါက အမျိုးသား သဘော တူညီချက်များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိရန် အလှမ်းမဝေးဟု ဦးလှမောင်ရွှေက ဆက်လက် ပြောကြားသည်။

“အဲဒီယုံကြည်မှု တည်ဆောက်နိုင်တယ် ဆိုရင် ကျန်တဲ့ဟာက တော်တော် လွယ်တယ်။ အချက်တွေရှစ်ချက်၊ ကိုးချက်ဒီထဲမှာ တချို့အချက်တွေက NCA ထဲမှာ ပါတယ်လို့ အစိုးရဘက်၊ တပ်မတော်ဘက်တွေက ထောက်ပြတယ်။ တချို့ အချက်တွေက ရှေ့မှာ ရှစ်ဖွဲ့က လက်မှတ် ထိုးထားတယ်။ သူတို့လိုပဲ ထိုးလိုက်ပါလား။ ဆိုတော့ ယုံကြည်မှုကို တည်ဆောက်ဖို့ ခက်တဲ့ အချိန်လေးမှာ သူတို့နဲ့ ကိုယ်နဲ့ညှိ နေရတာလေးက ကြာတတ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့လို ဆွေးနွေးပွဲတွေ ဖိုရမ်တွေကနေပြီးတော့ ကျွန်တော်တို့လို ဒီနေ့ဖြစ်နေတဲ့ ဟာတွေကိုလည်း မီးမောင်းထိုးပြနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်တယ်” ဟု ဦးလှမောင်ရွှေက ဆိုသည်။

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်သည်ပင် မယုံကြည်မှု၊ စိုးရိမ်မှု၊ သံသယစိတ်များနှင့် တည်ဆောက် နေရခြင်းဖြစ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ် ထူးဝင်းက ပြောသည်။

“ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါလာတဲ့ ကာလ အတောအတွင်းမှာ ကျွန်တော်တို့ ငြိမ်းချမ်းရေး အကုန်လုံး လိုချင်ကြတယ်။ သို့သော်လည်း ကျွန်တော်တို့ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ မယုံကြည်မှု၊ စိုးရိမ်မှု၊ သံသယရှိမှုတွေနဲ့ တည်ဆောက် နေရတယ်။ လက်တွေ့မှာ။ ကျွန်တော်တို့ အလုပ်မှာ ဒီရှေ့ဆက်သွားနိုင်ဖို့ ညှိနှိုင်းတဲ့ ဒီစကားလုံး တစ်လုံးတည်းနဲ့ တော်တော် ခက်ခက်ခဲခဲ ညှိရတယ်” ဟု ပြောကြားသည်။

စကားလုံး အသုံးအနှုန်း အသေးစိတ်ကအစ ညှိနှိုင်းနေရခြင်း ဖြစ်သော်လည်း ဆွေးနွေးနိုင်နေခြင်း ကပင် ပိုမို ကောင်းမွန်သော ရလဒ် ရမည်ဟု ၎င်းက မျှော်လင့်ထားသည်။

“တော်လှန်ရေး ဆိုတဲ့ စကားလုံး သူတို့ (တပ်မတော်) က လက်မခံဘူး။ သို့ပေမယ့် ကျွန်တော်တို့က သုံးတာပဲ။ ပြည်တွင်းစစ် ဆိုတဲ့ စကားလုံးကလည်း မသုံးရဘူးဆိုပြီးရှိတယ်။ နောက်တစ်ခုက ဖက်ဒရယ် ပြည်ထောင်စု။ အခုက သွားရင်းနဲ့ အခက်အခဲက ဖြစ်တယ်။ ဒါပေမယ့် ဒီလို ဆွေးနွေးခြင်းအားဖြင့် ဒီလို ဖလှယ်ခြင်း အားဖြင့် ပိုပြီးတော့ ကောင်းမွန်တဲ့ ပူးပေါင်းပါဝင်မှု ရှိနိုင်မယ်လို့ ထင်တယ်” ဟု ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အဆုံးအဖြတ်ပေးရာတွင် အစိုးရနှင့် တပ်မတော်တွင် လုပ်ပိုင်ခွင့် ရှိသည့် အနေအထားတွင် ရှိကြောင်း၊ အဆိုပါ အခွင့်အာဏာကို အသုံးပြုကာ ယခုထက်ပို၍ စိတ်ရှည် သည်းခံခြင်း၊ သဘောထား ကြီးခြင်းတို့ဖြင့် လက်ရှိ ဖြစ်ပွားနေသည့် အခြေအနေများကို ဆက်လက် ဆောင်ရွက် စေလိုကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿ နာကို စစ်ရေးအရ မဖြေရှင်းတော့ဘဲ နိုင်ငံရေး နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်သည့် အနေအထားများ ရှိနေသည် ဟုယူဆကြောင်း ငြိမ်းဖောင်ဒေးရှင်း ဒါရိုက်တာ ဒေါ်ဂျာနန်လထော်က ပြောကြားသည်။

“နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး ဒီလက်နက်ကိုင် ပဋိပက္ခ အမွေအနှစ်ဆိုးကို ကျွန်တော်တို့ ခံစားပြီးပြီ။ ဒီလို အမွေဆိုးကို ခံစားနေတဲ့ သူအချင်းချင်း ရန်ပြန်မဖြစ်ဘဲနဲ့ ငါ့ကြောင့်၊ သူ့ကြောင့်ဆိုပြီး အချင်းချင်း အပြစ်မဖို့ဘဲနဲ့ ကျွန်တော်တို့ ဝိုင်းပြီး ဒီပြဿ နာဟာ ကျွန်တော်တို့ အားလုံးရဲ့ ပြဿ နာဖြစ်တယ်။ ကျွန်တော်မပါဘဲနဲ့ ဒီပြဿ နာဖြေရှင်းလို့ မရဘူး။ ခင်ဗျားမပါဘဲနဲ့ ဒီပြဿ နာဖြေရှင်းလို့ မရဘူးဆိုတဲ့ ဒီပြဿ နာကို ဖြေရှင်းဖို့ဆိုတဲ့ ချဉ်းကပ်မှု အတူတကွနဲ့ တပ်မတော် ဘက်က သော်လည်းကောင်း၊ အစိုးရ ဘက်က သော်လည်းကောင်း၊ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဘက်က သော်လည်းကောင်း၊ ပြည်သူလူထု တစ်ရပ်လုံးက သော်လည်းကောင်း အတူတကွ ချဉ်းကပ်ပြီးတော့ အတူတကွ ဦးတည်ရာ တစ်ခုတည်းကို အတူတကွ တွန်းမယ်ဆိုရင် ဒီငြိမ်းချမ်းရေးက ကျွန်တော်တို့ အမှန်တကယ် ရရှိနိုင်ပါတယ်” ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းက ဆိုသည်။

အဆိုပါ ငြိမ်းချမ်းရေး ဖိုရမ်ကို Centre for Development and Ethnic Studies (CDES) မှ ပြုလုပ်ခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် မည်သည့်အရာများက အရေးကြီးသည်ကို နားလည် သဘောပေါက်ရန်နှင့် ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း CDES ဒါရိုက်တာဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။

CDES အနေဖြင့် ငြိမ်းချမ်းရေး ဖိုရမ်ကို တိုင်းနှင့်ပြည်နယ် အချို့ရှိ မြို့တော်များတွင် ကျင်းပပြီးစီးပြီး ဖြစ်ကြောင်း ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး အပါအဝင် မွန်ပြည်နယ်၊ ကယားပြည်နယ် စသည်တို့တွင် ဆက်လက် ကျင်းပသွားရန် ရှိကြောင်း သိရသည်။

ဦးလှမောင်ရွှေက “၂ဝ၁၇ ဇန်နဝါရီ ၁ ရက်နေ့ ကစပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ ပိုမို ဆောင်ရွက် လာတယ်။ နေပြည်တော်မှာ NRPC ရုံးဖွင့် တယ်။ လူငယ်တွေနဲ့ ငြိမ်းချမ်းရေး စကားဝိုင်း လုပ်ပြီး တွေ့ဆုံတယ်။ ကျွန်တော်တို့ ပြောနေတဲ့ အချိန်မှာပဲ ကရင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ခေါင်းစဉ် ကြီးလေးခုကို ဆွေးနွေးတယ်။ မနေ့က တနင်္သာရီတိုင်း ဒေသကြီးမှာဆို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ အတွက် ခရိုင်သုံးခုက အကြိုပြင်ဆင်မှုတွေ လုပ်တယ်။ ခရိုင်တစ်ခု ပြီးသွားပါပြီ။ နောက် ကျွန်တော်တို့ ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ဆောင်ရွက်ရမယ့် ပုဂ္ဂိုလ်တွေ ရှိပါတယ်။ ငြိမ်းချမ်းရေး ကော်မရှင်က ဆက်သွယ်နေပါတယ်။ မကြာမီမှာ တွေ့ဆုံဆွေးနွေးပွဲတွေ ဆောင်ရွက်နိုင်မယ်။ ယုံကြည်မှု တည်ဆောင်ဖို့ ပြင်နေပါတယ်။ နောက် မူဘောင်ပြင်ဆင် ရေးဆွဲတာ ၈ဝ ရာခိုင်းနှုန်းလောက် ပြီးပြီ။ ၂ဝ ရာခိုင်နှုန်းလောက် ကျန်တာကိုတော့ ဇန်နဝါရီ မကုန် ခင်မှာ မူဘောင်ပြီးစီးဖို့ မျှော်လင့်ပါတယ်။ ဖေဖော်ဝါရီ ထဲမှာတော့ (၂၁) ရာစုပင်လုံ ဒုတိယ အစည်းအဝေး လုပ်ဖို့ ပြန်စပါမယ်။ ဒါကြောင့် ဒီနေ့ ဒီအချိန်မှာ ငြိမ်းချမ်းရေးလုပ်ဖို့ အခြေခံကောင်းတွေ ရှိနေတယ်လို့ ကျွန်တော် ယူဆပါ တယ်” ဟု ပြောသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC အဖွဲ့ဝင် ရန်ကုန်တိုင်း ဒေသကြီး လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက ပြည်သူလူထု အနေဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်းသည်။

“မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် NCA လို ရေခံမြေခံကောင်းတဲ့ အခြေအနေ ကောင်းတစ်ခု ရှိနေပါပြီ။ အစိုးရ အနေနဲ့လည်း အင်တိုက် အားတိုက် ဆောင်ရွက်နေတဲ့ အပေါ်မှာ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ၎င်းက တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်ကို လက်မှတ်ထိုးရန် ကျန်တိုင်းရင်းသား အဖွဲ့များကို တိုက်တွန်းခဲ့သည်။

“ငြိမ်းချမ်း ရေးက လက်တစ်ကမ်း အလိုပဲရှိတော့တယ်။ NCA မှာ လက်မှတ် ထိုးလိုက်တာနဲ့ အပစ်အခတ်တွေက အားလုံး ရပ်သွားမှာပါ။ NCA မှာ ပါတဲ့ ပြဋ္ဌာန်းချက်တွေကလည်း လက်မှတ်ရေးထိုး ပြီးတာနဲ့ တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ် တိုက်ခိုက်မှု မရှိတော့ဘဲ အပြန်အလှန် NCA ကို လိုက်နာ ကြရမှာပါ။ ပစ်ခတ်တိုက်ခိုက်မှု ကိုလည်း အပြည့်အဝ စောင့်ကြည့်ရပြီး စိစစ်ခြင်း အဆင့်ဆင့် ခံယူရမယ်။ ပစ်ခတ် တိုက်ခိုက်မှု ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ရဲ့ စောင့်ကြည့် အဖွဲ့မှာလည်း တပ်မတော် အပါအဝင် လက်မှတ် ရေးထိုးထားတဲ့ EAOs ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ NCA လက်မှတ်ရေးထိုး လိုက်တာနဲ့ ငြိမ်းချမ်းရေး အတွက် ၅ဝ ရာခိုင်နှုန်း အောင်မြင်ပြီး ဖြစ်ပါတယ်။ ကျန်တဲ့ ၅ဝ ရာခိုင်နှုန်းကို ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ ငြင်းခုံရင်း အဖြေရှာလို့ ရပါတယ်။ ယုံကြည်မှုတွေ ကလည်း ဆွေးနွေးပွဲတွေ လုပ်လာတာနဲ့ အမျှ ရင်းနှီးမှုတွေ ရှိလာမယ် ယုံကြည်လာမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ် ထူးဝင်းက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၏ ရှုထောင့်မှ ဆွေးနွေးသည်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော်စတဲ့ အဖွဲ့အစည်း တွေကလည်း ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေကြသလို တောထဲ တောင်ထဲမှာ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ကလည်း ငြိမ်းချမ်းရေး လိုလားနေကြတယ်။ ဒါ့အပြင် ပြည်သူတွေနဲ့ CSOs တွေကလည်း ငြိမ်းချမ်းရေးကို လိုလားနေကြပါတယ်။ ဘာကြောင့် အဲလောက် လိုလားနေကြလဲလို့ မေးရင် မငြိမ်းချမ်းလို့ပါ။ ၁၉၄၉ ခုနှစ်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေ အတော်များများ အခြေခံ အခွင့်အရေးတွေ တောင်းဆိုရင်း အမြင် မတူမှုတွေကြောင့် လက်နက် ကိုင်လာကြတယ်။ ဒီနောက်ပိုင်း တိုင်းရင်းသား အတော်များများဟာ လက်နက်ကိုင်နည်း သုံးပြီး အခွင့်အရေး တောင်းလာကြတယ်။ ဒီအပေါ်မှာ မယုံကြည်မှု၊ သံသယရှိမှုတွေ ရှိလာတယ်။ မယုံကြည်မှု ပြဿ နာက အဓိက အကြောင်းအရင်း ဖြစ်လာတယ်” ဟု ၎င်းက ဆိုသည်။

ဖိုရမ်တစ်ခုလုံး၏ ဆွေးနွေးသုံးသပ်ချက်များ အရ ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲနေခြင်းသည် ကြီးမားသော အခက်အခဲ တစ်ခုဖြစ်နေကြောင်း မြင်တွေ့ရသည်။

ယုံကြည်မှုတွေ ရချင်ရင် သက်သေ အရင်ပြ ဆိုသည့် How to earn trust. Before you can prove it. အင်္ဂလိပ် ဆိုရိုးဟောင်း တစ်ခုရှိသည်။

ယုံကြည်မှု တည်ဆောက်နေကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်နေကြောင်း နှစ်ဖက်စလုံးက နှုတ်နှင့်သာ တွင်တွင် ပြောနေသည်။ မည်သူကမျှ သက်သေမပြသေး။ တပ်မတော်ကရော၊ တိုင်းရင်းသား လက်နက်ကိုင်များ ကပါ ယင်းကို သက်သေ မပြနိုင်သေးပေ။

ယုံကြည်မှု တည်ဆောက်နေကြောင်း တစ်ဖက်နှင့် တစ်ဖက် သက်သေပြရန် လိုသကဲ့သို့ ပြည်သူကိုလည်း သက်သေပြရန် လိုနေပေပြီ။ ငြိမ်းချမ်းရေးနှင့် ယုံကြည်မှု တည်ဆောက်ခြင်းကား ဆွေးနွေးပွဲများတွင် လက်ဖက်ရည် သောက်ကောင်းရုံ ပြောဆိုနေခြင်း မဟုတ်ကြောင်း သက်သေပြရန် လိုနေပေပြီ။

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*