ပြည်တွင်းသတင်း — ရန်ကုန်၊ မတ် ၁၃၊ ၂ဝ၁၃

ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း ၂၅ နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီတွင် မတ် ၁၃ ရက် မနက် ၁ဝ နာရီတွင် ကျင်းပပြု လုပ်ခဲ့ရာ ယင်းအခမ်းအနား ကျင်းပရေး ကော်မတီက အာဃာတရှိ၍ ပြုလုပ် ခြင်း မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဟံသာဝတီ ဦးဝင်းတင်ကမူ “ကျူးလွန်ခဲ့တဲ့သူတွေကို အာဃာတနဲ့ သာ အမှတ်အသား ပြုရမယ်” ဟု ပြောကြားခဲ့သည်။

ဦးဝင်းတင်ကပြောကြားရာတွင် “စစ်အာဏာရှင်တွေ ကြီးစိုးခဲ့တဲ့အချိန် တုန်းကကျူးလွန်ခဲ့တဲ့ သမိုင်းရာဇဝတ်မှု တွေကို တစ်စုံတစ်ရာ ဖော်ထုတ်ဝန်ခံခြင်း မရှိဘဲနဲ့ သူတို့က ဒီနေ့ထိ တိုင်းပြည်ကို အုပ်စိုးနေတုန်း အနေ အထားမှာ အငြှိုးမရှိဘူးလို့ ပြောရင် တော်တော် ခွကျပါတယ်။ ဖြစ်ခဲ့တာတွေကို ကျွန်တော်တို့က အာဃာတနဲ့ပဲ ဖော်ထုတ်ရမှာလို့ ယူဆတယ်။ ကျူးလွန်ခဲ့တဲ့သူတွေကို အာဃာတနဲ့သာ အမှတ်အသားပြုရမယ်။ ဥပဒေမဲ့ လုပ်ပြီး အငြှိုးမရှိရင် ဒီနေ့ကို အမှတ်ရနေမှာ မဟုတ်ဘူး”ဟုပြောကြားခဲ့သည်။

ထို့နောက် “သူတို့ကို ကြိုးစင်တင်ဖို့ ပြောနေတာမဟုတ်ဘူး။ အရိုးတွန်တယ်လို့ သုံးပါတယ်။ အရိုးတွန်တဲ့ ဒီနေ့ကို သမိုင်းမှာ မေ့ပျောက်လို့ မရပါဘူး။ မမေ့မှသာ မတရားမှုတွေ၊ အာဏာရှင်တွေရဲ့ ဖိနှိပ်ပိတ်ပင်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ လူ့အခွင့်အရေးဆုံးရှုံးမှုတွေအားလုံးကို ကျွန်တော်တို့ အားလုံးထပ်ပြီး အမှတ်ရနေပါတယ်” ဟု ဆက်လက်ပြောကြားသည်။

ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း ၂၅ နှစ်ပြည့်အခမ်းအနားကျင်းပရေး ကော်မတီ၏ သဘောထား ကြေညာချက် တွင် ယခုကဲ့သို့ အမှတ်တရ အခမ်းအနားကျင်းပရခြင်းမှာ မည်သည့်အာဃာတ တရားမှမရှိဘဲ မြန်မာ့ဒီမို ကရေစီ အရေးတော်ပုံသမိုင်းကို အများပြည်သူသိရှိစေရန်နှင့် နောင်မြန်မာနိုင်ငံ ရေးတွင် မည်သည့် အာဏာရှင် စနစ်မျှ မပေါ်ပေါက်စေရန်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်အညီ နိုင်ငံရေးမျိုးဆက်အဆက်ဆက်နှင့် မျိုးဆက်သစ်တို့၏ ပေါင်းစည်း ညီညွတ်မှု ကို ပြသခြင်း သဘောသာ ဖြစ်ပါသည် ဟု ပါရှိသည်။ ထို့ပြင် ဤအခမ်းအနားမှ မတ် ၁၃ ရက် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အား တရားဝင်အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးပါရန် တိုက်တွန်း တောင်းဆို ပါသည်ဟုလည်း ယင်းသဘောထားကြေညာချက်တွင် ပါရှိသည်။

ကိုဖုန်းမော်သည် ၁၉၈၈ ခုနှစ်၊ မတ်လတွင် စက်မှုကျောင်းသားများနှင့် ရပ်ကွက်လူငယ်များ အကြား ဖြစ်ပွားခဲ့သော ပြဿနာများတွင် ပါဝင်ပတ်သက် ခဲ့ခြင်းမရှိပါဘဲ ၁၉၈၈ မတ် ၁၃ ရက်ညနေတွင် စစ်အစိုးရ၏ အဓိကရုဏ်း နှိမ်နင်းနေချိန်၌ အဆောင်ပေါ်မှ ဆင်းလာပြီး တက္ကသိုလ် ကျောင်းဆရာဦးမြင့်စိုးအား အကာအကွယ်တွင် နေထိုင်ရန် ခေါ်ယူနေချိန်တွင် ရင်ညွန့်၊ ဆီးစပ်နှင့် ဒူးခေါင်းအထက်နားတွင် သေနတ် ကျည်ဆန် ၃ ချက်ထိမှန်၍ ကွယ်လွန် သွားခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မင်းကိုနိုင်နှင့် ကျောင်းသား ခေါင်းဆောင် များ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ တက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့များ၊ သေဆုံးခဲ့သူ များ၏ မိသားစုဝင်များနှင့် စက်မှုတက္ကသိုလ် ကျောင်း သားဟောင်းများလည်း တက်ရောက်ခဲ့ကြသည်။

ဝ၈၇

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*