ပြည်တွင်းသတင်း — ပဲခူး၊ မတ် ၂၇၊ ၂၀၁၂

          ၂ဝ၁၂ ခုနှစ်၊မတ် ၂၆ ရက်က ပဲခူးမြို့ရှိ ဗိုလ် ချုပ်အောင်ဆန်းအထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးမည့်နေရာတွင် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းနှင့် အဖွဲ့က ဘူဒိုဇာဖြင့်ဝင်ရောက်တူးဖော်နေသည်ဟု အွန်လိုင်းစာမျက်နှာများပေါ်တွင် ဖော်ပြလျှက်ရှိသည့်အတွက် မြန်မာအင်ဒီပဲန်ဒင့် မှဆက်သွယ်မေးမြန်းရာ ထိုသတင်းမှာ မဟုတ်မမှန်ကြောင်း၊ ပဲခူးခရိုင်အုပ်ချုပ်ရေးဦးဝေဇင်ထွန်းက ဆိုသည်။

          ထိုသတင်း နှင့်ပတ်သက်၍ မြေရှင်ဦးစိုးဝင်း၊ ဗိုလ်ချုပ်အောင်ဆန်းအထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေးတွင်ပါဝင်သည့် ဒါရိုက်တာဇော်သက်ထွေး၊ ဒါရိုက်တာကြည်ဖြူသျှင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းအား မြန်မာအင်ဒီပဲန်ဒင့် မှဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဦးစိုးဝင်းက “ပြီးခဲ့တဲ့အပတ်က ဒီနေရာမှာသက်ဆိုင်ရာကအလံဝါတွေ၊အစိမ်းတွေ လာစိုက်သွားတယ်။ဘာအတွက်လဲတော့မသိဘူးပေါ့။ ၂၆ ရက်နေ့က ဘူဒိုဇာ၇စီး နဲ့လာပြီး တူးကြတယ်။ မေးကြည့်တော့ ရုပ်ရှင်ရိုက်ဖို့က မြေဧက ၁ဝဝ၊ ရဲတပ်ရင်း ဆောက်ဖို့က မြေဧက ၁ဝဝ လို့ ပြောတယ်။ ကျွန်တော်တို့က ဘယ်သူ့ အမိန့်နဲ့လုပ်တာလဲမေးတော့ ဘာမှတိတိကျကျပြန်မပြောဘူး။ ဆက်တိုက်တူးနေတာသင်္ချိုင်းကုန်း လည်းပါသွားပြီ။ လောလောဆယ်ဆယ် ရွာမှာနာရေးဖြစ်ရင်တောင် ဘယ်နားသွားမြှုပ်ရမှန်းတောင်မသိဘူးဖြစ်နေတယ်”ဟု ဆိုပါသည်။ ဆက်လက်၍ ဦးစိုးဝင်းက “နေရာ တွေက သပ်သပ်စီပါ။ အခု သူတို့တူးနေတဲ့မြေက ကျွန်တော်ရဲ့ဘိုးဘွားပိုင်မြေနေရာပါ” ဟု ထပ်လောင်းပြောဆိုပါသည်။

          ဒါ ရိုက်တာကိုဇော်သက်ထွေးအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် “အဲဒီမြေနေရာမှာ ဗိုလ်ချုပ်ရဲ့အထုပ္ပတ္တိရိုက်ဖို့ စတူဒီယို​  ဆောက်မယ်လို့တော့ ကြားရပါတယ်။ ဒီကိစ္စဘုတ်အဖွဲ့ကိုအသိပေးထားပါတယ်။ ရုပ်ရှင်ရိုက်ဖို့သတ်ဆိုင်ရာက နှုတ်ကတိနဲ့ငှားတာလား၊ လွှဲပြောင်းတဲ့စာရွက်စာတမ်းတွေရှိလား။ တရားဝင်ဘယ်သူက လွှဲပြောင်းယူတာလဲ။ ကျွန်တော်အထဲမှာရှိကတည်းက ကိုဇာဂနာက လက်ခံ ယူတာလို့​ ပြောတယ်။ ကိုဇာဂနာနဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဒီမြေကြီးကိစ္စကိုသိမယ်။ ရုပ်ရှင်ရိုက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ငှားထားတာ လို့တော့ သိပါတယ်။ ဝန်ကြီးချုပ်ဦးအောင်မင်းနဲ့ကိုဇာဂနာနဲ့ နှုတ်ကတိလုပ်ထားတယ်ဆိုရင်တော့ ကျွန်တော်တို့ အထောက်အထား မရှိဘူးပေါ့”ဟုဆိုပါသည်။

          ဆက်လက်၍ ဒါရိုက်တာကြည်ဖြူသျှင်အား ဆက်သွယ်မေးမြန်းရာ“အခုပြောတဲ့သတင်းကို ကျွန်မမကြားမိပါဘူး။ အဲဒီမှာ ဗိုလ်ချုပ် အထုပ္ပတ္တိရိုက်မယ် လို့တော့သိတယ်။ စတူဒီယိုဆောက်မယ်လို့သိပါတယ်။ ဒါလောက်ပါပဲ။ ကျန်တာတော့မသိရပါဘူး”ဟုဆိုသည်။

          ထို့နောက် ပဲခူး ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းကိုထွက်ပေါ်နေသည့် သတင်းနှင့်ပတ်သက်ပြီး ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တွင် “ကျွန်တော်တို့ တူးနေ တာ စက်မှု(၁)ပိုင်မြေပါ။ ၁၉၉၂ ခုနှစ်က အစိုးရသိမ်းထားတဲ့မြေပါ။ လမ်းဖော်ပြီး ရဲတပ်ရင်းဆောက်မှာပါ။ ရုပ်ရှင် ရိုက်မယ့်နေရာနဲ့ ဘာမှမဆိုင်ပါဘူး။ ဒီဖက်ကရဲတပ် ရင်းဆောက်မယ်။ ဟိုဘက်က စတူဒီယိုဆောက်မှာပါ။ သပ်သပ်စီပါ။ လယ်မြေတွေ သိမ်းယူနေတယ်ဆိုတဲ့ သတင်းကလည်း မဟုတ်ပါဘူး”ဟု ရှင်းလင်းပြောကြားသွားပါသည်။

          ယခုသတင်းများဖြစ်ပေါ်နေသောနေရာမှာ ပဲခူးမြို့နယ်ဥဿမြို့သစ်အရှေ့(ယခင်စာကလေးကွင်း)နေရာ ဖြစ်ပါသည်။ ရန်ကုန်မြို့မှ ပဲခူးအဝင်၊ ပဲခူးကောလိပ် တက္ကသိုလ်အနောက်ခြမ်း၌ တည်ရှိ၍မိုင်တိုင်အမှတ် ၆ တွင် တည်ရှိသည်။

၀၀၆

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.