လူတစ်ယောက်၏ ဘဝကိုပြောင်းလဲစေခဲ့သည့် ဖြစ်ရပ်အား မှတ်တမ်းတင်ထားသော ကမ္ဘာကျော်ဓာတ်ပုံ

လူတစ်ယောက်၏ ဘဝကိုပြောင်းလဲစေခဲ့သည့် ဖြစ်ရပ်အား မှတ်တမ်းတင်ထားသော ကမ္ဘာကျော်ဓာတ်ပုံ

ဓာတ်ပုံထဲတွင် ဤမိန်းကလေး၏ အသက်သည် အမြဲတစေ ကိုးနှစ်ရွယ်ပင်ဖြစ်နေပါလိမ့်မည်။ မီးဟုန်းဟုန်း တောက်လောင်နေသော သူ့ဗီယက်နမ်ရွာကလေးမှ ဝေးရာ အတိုင်း ပြေးဆင်းလာရင်း ““ပူလိုက်တာ၊ ပူလိုက်တာ””ဟု အမြဲအော်မြည် ငိုကြွေးနေပေလိမ့်မည်။ ချော်ရည်ပျစ်ပျစ်လို နပမ်းရည်ပျစ်ပျစ် များက သူ့အဝတ်များနှင့် သူ့အရေပြား အလွှာများထဲ ပျော်ဆင်းလောင်ကျွမ်းခဲ့ပြီးနောက် ဝတ်လစ်စားလစ် ဖြစ်ခဲ့ပုံအတိုင်း အမြဲရှိနေပေလိမ့်မည်။ သူကား အမည်မဲ့သားကောင် တစ်ကောင် အမြဲဖြစ်နေပေလိမ့်မည်။

လွန်ခဲ့သည့် နှစ်လေးဆယ်က လက်ဖျားခါလောက်သည့် ဤအဖြူအမည်း ဓာတ်ပုံကလေးကို လျှပ်တပြက် ရိုက်ယူခဲ့ရာတွင် အေပီသတင်းဌာန ဓာတ်ပုံသတင်းထောက် ဟူယင်ကောင်း“နစ်ခ်”အတ် (Huynh Cong “Nick” Ut) အဖို့ တစ်စက္ကန့်မျှသာ အချိန်ယူခဲ့ရသည်။ ဤဓာတ်ပုံကလေးက ဗီယက်နမ်စစ်၏ ထိတ်လန့် စက်ဆုပ်ဖွယ်ရာများကို စကားလုံးဖြင့်ဖော်ပြခြင်းငှာ မစွမ်းသာသည့်နည်းဖြင့် ပျံ့နှံ့စေခဲ့သည်။ အမေရိကန်သမိုင်းတွင် သဘောထား ကွဲစေဆုံးသောစစ်ပွဲတစ်ပွဲကို အဆုံးသတ်ဖို့ ကူညီခဲ့သည်။

သို့တစေ ဓာတ်ပုံ၏အောက်တွင် လူသိနည်းသော ဇာတ်လမ်းတစ်ပုဒ်က ရှိနေပါသည်။ ယင်းမှာ ငယ်ရွယ်နုပျိုသော ဓာတ်ပုံဆရာကလေးနှင့် အမှတ်မထင် ကြုံဆုံခဲ့ရသည့် သေလုမျောပါး ကလေးငယ် တစ်ယောက်၏ ဇာတ်လမ်းဖြစ်သည်။ စစ်ပွဲ၏ ပရမ်းပတာ အခြေအနေထဲတွင် ပိတ်မိခဲ့သော အခိုက်အတန့် ကလေးက သူ့ဘဝကံစီမံရာ လမ်းပေါ်တွင် ကယ်တင်ရှင်အဖြစ် လည်းကောင်း၊ ကျိန်စာအဖြစ်လည်းကောင်း အသုံးတော်ခံ ခဲ့ပါသည်။

““ကျွန်မလေ ဒီမိန်းကလေးငယ်ဆီက တကယ့်ကို ထွက်ပြေး လွတ်မြောက်ချင်ခဲ့တာပါ””ဟု ယခု အချိန်တွင် အသက် ၄၉ နှစ်ရှိနေပြီဖြစ်သော ကင်မ်ဖတ်(Kim Phuc) က ပြော၏။ ဒါပေမယ့် ဒီဓာတ်ပုံက ကျွန်မကို ထွက်ပြေးခွင့်ပေးခဲ့ပုံ မရပါဘူးရှင်””

ဓာတ်ပုံနောက်ကွယ်က ဖြစ်ရပ်မှန်ဇာတ်လမ်း

၁၉၇၂ ခုနှစ်၊ ဇွန်လ ၈ ရက်

““ဒီနေရာက တို့ပြေးကြမှ ဖြစ်မယ်၊ သူတို့ဒီကို ဗုံးကြဲလိမ့်မယ်၊ တို့သေကုန်ကြမှာ””ဟူသော စစ်သား၏ အော်ဟစ်ပြောဆိုသံကို “ဖတ်” ကြားလိုက်ရသည်။ စက္ကန့်အချို့အကြာတွင် သုံးရက်ကြာ သူတို့ မိသားစု မှီခိုနေထိုင်ရာ ကော်ဒိုင်း ဘုရားကျောင်း (Coo Dai Temple) တစ်ဝိုက်တွင် အဝါနှင့်ခရမ်းရောင် မီးခိုးလုံးများကို တသီတတန်းကြီး သူမြင်လိုက်ရသည်။ တောင်နှင့်မြောက် ဗီယက်နမ်တပ်ဖွဲ့များက သူတို့ရွာကလေးကို ထိန်းချုပ်ရန် တိုက်ခိုက်နေသည့် အချိန်ဖြစ်သည်။ ခေါင်းပေါ်တွင် မြည်ဟိန်းသံကြီး တစ်သံကို မိန်းကလေးငယ် ကြားလိုက်၏။ အပေါ်ကို မော့ကြည့်ရန် သူ့ခေါင်းကို လှည့်လိုက်သည်။ တောင်ဗီယက်နမ် တိုက်လေယာဉ် က သူ့ဆီ ထိုးစိုက်ဆင်းလာသည်။ ကြက်ဥများ တစ်လုံးပေါ်တစ်လုံး ကျွမ်းထိုးမှောက်ခုံကျသလို ဗုံးများ ကျလာသည်။

“ဝုန်း ဝုန်း” ထို့နောက်တွင် မြေပြင် တုန်သွားသည်။ ထို့နောက်တွင် လိမ္မော်ရောင် မီးတောက်ကြီးများ အရပ်လေးမျက်နှာသို့ ပွင့်အံရင်း မီးဖိုပေါင်းတစ်ရာ၏ အပူက ပေါက်ကွဲထွက်လာသည်။ မီးတောက်များ က“ဖတ်”၏ ဘယ်ဘက်လက်မောင်းကို    ပြေးဟပ်လာ၏။ ထိလိုက်သည်နှင့် သူ့ချည်ထည်အဝတ်မှ ချည်စများ အငွေ့ပြန် ပျောက်ကွယ်သွားတော့သည်။ သစ်ပင်များမှာ တညီးညီးတောက်လောင်နေသော မီးတုတ်ကြီးများ ဖြစ်လာ၏။ ပူလောင်ပြင်းပြသောနာကျင်မှုက အရေပြားနှင့် ကြွက်သားများ တစ်လျှောက် ထိုးဖောက်ဝါးမြို လိုက်၏။

ထိတ်လန့်တကြီးဖြင့် အဝေးပြေးလမ်းမ ၁ အတိုင်း၊ သူ့အစ်ကိုနောက် တစ်ဟုန်ထိုး သူပြေးလိုက်သွား၏။ နိုင်ငံခြား စာနယ်ဇင်းသမားများ စုရုံးနေရာသို့ အော်ဟစ်ရင်း သူပြေးလာသော်လည်း သူတို့ကို သူမမြင်၊ ထို့နောက်တွင်မူ သူသတိလစ် မေ့မျောသွားတော့သည်။

ဓာတ်ပုံဆရာကလေး၏အတွေ့အကြုံ-

ဤဓာတ်ပုံကလေးကို ရိုက်ကူးခဲ့သူ အသက် ၂၁ နှစ်ရွယ် ဗီယက်နမ် ဓာတ်ပုံဆရာကလေး “အတ်”သည် “ဖတ်”ကို    ဆေးရုံလေးတစ်ရုံသို့ ကားဖြင့် တင်ခေါ်သွား၏။ ထိုဆေးရုံမှ ကလေးမှာ ကူညီနိုင်သည့် အခြေအနေမရှိတော့ကြောင်း သူ့ကို ပြော၏။ သို့သော် သူ့အမေရိကန် သတင်းဌာနတံဆိပ်ကို ပြပြီး မိန်းကလေးငယ်ကို ကုသပေးရန် ဆရာဝန်ကို    တောင်းဆို၏။ ထို့နောက် ထိုကလေးကို ပစ်မထားပါ ဟူသော ကတိကို အသေအချာ ရယူပြီး သူ ထွက်လာခဲ့၏။

“သူ ပြေးထွက်လာတဲ့အချိန်မှာ ကျွန်တော် အော်လိုက်မိတယ်” ဟု “အတ်”က ပြောသည်။ သူ့အစ်ကိုက မဲခေါင်မြစ်ဝကျွန်းပေါ် တောင်ပိုင်းတွင် အေပီသတင်းဌာနနှင့်အတူ တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ရ၏။ “ကျွန်တော် သူ့ကို မကူညီရင် တကယ်လို့ သူ တစ်ခုခု ဖြစ်ပြီး သေသွားရင် ကျွန်တော့်ကိုယ် ကျွန်တော် သတ်မိလိမ့်မယ် ထင်တယ်”။

ထိုစဉ်က အမေရိကန် ထောက်ခံမှုပေးထားသည့် ဆိုင်ဂုံမြို့ရှိ သူ့ရုံးသို့သူ ပြန်အရောက်တွင် သူ့ဖလင်ကို သူ ဆေး၏။ ဝတ်လစ်စားလစ် မိန်းကလေးငယ်၏ပုံ ထွက်ပေါ်လာသောအခါ သတင်းဌာန၏ ဝတ်လစ်စားလစ် ပုံများကို တင်းတင်းကျပ်ကျပ် ဆန့်ကျင်မှုကြောင့် ဤပုံမှာ ပယ်ခံရလိမ့်မည်ဟု လူတိုင်းက စိုးရိမ်ကြ၏။ သို့သော် ဝါရင့်ဗီယက်နမ် ဓာတ်ပုံအယ်ဒီတာဟော့(စ)ဖား (စ)(Horst Faas)က ပုံကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ဤပုံမှာ စည်းမျဉ်းကို ချိုးဖောက်ပစ်ရမည့်ပုံ ဖြစ်ကြောင်းသိ၏။ အခြားအရာများနှင့် ချိန်စပ်ကြည့်လျှင် ဤဓာတ်ပုံ၏ သတင်းတန်ဖိုးမှာ အဆမတန်ပိုကြောင်း သူက ငြင်းခုံဆွေးနွေး၏။ သူ အောင်မြင်ခဲ့ပါသည်။

ထိုပုံက ကမ္ဘာကို ကိုင်လှုပ်လိုက်ပြီးသည့် နှစ်ရက်အကြာတွင် အခြားသတင်းသမားတစ်ဦးက မိန်းကလေး ငယ်မှာ ထိခိုက်မှုမှ အတိုင်းအတာတစ်ခုအထိ ရှင်သန်နာလန်ထူခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ဗြိတိသျှ လွတ်လပ်သော ရုပ်မြင်သံကြား ဌာန(British Independent Television Network)မှ သတင်းထောက် ခရစ်စတိုဖာဝိန်း (Christopher Wain)သည် သူ့စားဖိုမှ ရေကိုယူ၍ “ဖတ်”အားတိုက်ခဲ့ပြီး ထိုနေရာတွင်ပင် မီးလောင်နေသော သူ့ကျောပေါ်သို့ ဖျန်းပက်ပေးခဲ့သည်။

“ဖတ်”ကို အမေရိကန်က ဖွင့်လှစ်ထားသည့် အာစကီဆေးရုံသို့ လွှဲပြောင်းပေးပို့စေရန် အကြောက်အကန် ပြောခဲ့သည်။ သူ၏ပြင်းထန်သော ဒဏ်ရာများကို ကုသရန် ပစ္စည်းပစ္စယ ပြည့်စုံသောဆေးရုံမှာ ဆိုင်ဂုံတွင် ဤတစ်ခုသာ ရှိသည်။

“ဖတ်”ကိုယ်ခန္ခာ သေးသေးကလေး၏ သုံးဆယ်ရာနှုန်းမှာ တတိယဆင့်ဒီဂရီ လောင်ကျွမ်းမှုကြောင့် အသားနီလန်ခဲ့၏။ သို့သော် သူ့မျက်နှာမှာမူ ထိခိုက်မှုမရှိခဲ့။ အချိန်အတန် ကြာသောအခါတွင်မူ ပျော်ကျသွားသော သူ့အသားမှာ အသားနုတက်စပြုလာသည်။

အထပ်ထပ်အခါခါ အရေပြား အစားထိုးမှုနှင့် ခွဲစိတ်မှုများ ပြုလုပ်ခဲ့ရပြီးနောက်တွင် ဗုံးမှန်ပြီး ၁၃ လအကြာ၌“ဖတ်”ဆေးရုံမှ ဆင်းခွင့်ရခဲ့သည်။ “အတ်”ရိုက်ခဲ့သော ဓာတ်ပုံကို သူမြင်ခဲ့ရပြီး ထိုအချိန်က ထိုဓာတ်ပုံမှာ ပူလစ်ဇာဆုကို ရရှိခဲ့၏။ သို့သော် သူ့အနေဖြင့် ဤ ပုံ၏ တာသွားမှုနှင့် စွမ်းပကားကိုမူ မသိနိုင် မမြင်နိုင်သေး။ သူ အိမ်ပြန်ပြီး ကလေးလေးပဲ ပြန်ဖြစ်ချင် မိပါတော့သည်။

ထင်ရှားသူနှင့် မထင်ရှားသူ

အသက် ၄၉ နှစ်အရွယ် ဖတ်

အသက် ၄၉ နှစ်အရွယ် ဖတ်

တစ်ခဏတာ အတွက်တော့ ဘဝမှာ အတိုင်းအတာ တစ်ခုအထိ ပုံမှန်ဘဝသို့ ပြန်ရောက်ခဲ့ပါသည်။ ဓာတ်ပုံမှာ    ကျော်ကြားလှပါ၏။ “ဖတ်”ကို မူကား ကမ္ဘောဒီးယား နယ်စပ်အနီး ရွာသိမ်ရွာငယ်လေးမှာ နေထိုင်သူများ မှတစ်ပါး အများအားဖြင့်မသိကြပါ။ “အတ်”နှင့် အခြားစာနယ်ဇင်းသမားများ တစ်ခါတစ်ရံ သူ့ထံ လာလည်ကြပါ၏။ သို့တစေ စစ်အပြီး ဧပြီလ ၃ဝ ရက် တောင်ဗီယက်နမ်ကို မြောက်ပိုင်း ကွန်မြူနစ်များ သိမ်းပိုက်ပြီး နောက်ပိုင်းတွင်ကား ဤအသွားအလာမှာ ရပ်ဆိုင်းသွားခဲ့ပါတော့သည်။

(Ref: A.P by Margie Mason)

ဝ၄ဝ

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*